တိုင်းရင်းသားအားလုံးအတူလက်တွဲ ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲ

 

မြန်မာနိုင်ငံ၏ သမိုင်းကြောင်းကို ပြန်လည်သုံးသပ်ကြည့်မည်ဆိုပါက အမျိုးသားစည်းလုံးညီညွတ်မှု အားနည်းနေသည့်အချိန်ကာလတွင် နိုင်ငံတည်ငြိမ် အေးချမ်းရေးအတွက် ကြီးမားသည့်စိန်ခေါ်မှု တစ်ရပ်ဖြစ်ပေါ်လာသည်ကိုတွေ့ရမည် ဖြစ်သည်။ အမျိုးသားစည်းလုံးညီညွတ်မှုဆိုသည်မှာ တိုင်းရင်းသားလူမျိုးစုပေါင်း တစ်ရာကျော်စုစည်းနေထိုင်သည့် ဤပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး အတွင်း တိုင်းရင်းသားလူမျိုးအချင်းချင်း တစ်စိတ်တစ်ဝမ်းတည်း အတူလက်တွဲ၍ မရှိအတူ ရှိအတူ၊ ဆိုးတူ ကောင်းဖက်စုပေါင်းနေထိုင်ခြင်းဖြစ်သည်။ အမျိုးသားစည်းလုံး ညီညွတ်မှုခိုင်မာ အားကောင်းနေသည့်ကာလ၌ နိုင်ငံတည်ငြိမ်အေးချမ်းပြီး တိုင်းပြည်အင်အားတောင့်တင်းခိုင်မာ နေသည်ကို တွေ့ရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် ကုန်းဘောင်ခေတ်နှောင်းကာလမှစ၍ အမျိုးသားစည်းလုံး ညီညွတ်မှုအားနည်း လာသည်ကို တွေ့မြင်နိုင်သည်။ အမျိုးသားစည်းလုံးညီညွတ်မှု အားနည်းမှုကြောင့်ပင် တိုင်းပြည် တိုင်းတစ်ပါးလက်အောက် ကျွန်သဘောက်ဘဝသို့ နှစ်ပေါင်းတစ်ရာကျော် ကျရောက်ခဲ့ရသည်ကို အားလုံးအသိပင်ဖြစ်သည်။ တိုင်းတစ်ပါး လက်အောက်မှ လွတ်မြောက်ရေးအတွက် အမျိုးသား စည်းလုံးညီညွတ်မှုကို ခိုင်မာအားကောင်းလာအောင် ပြန်လည်တည်ဆောက်ပြီး လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့သည်။ သို့သော်လွတ်လပ်ရေး ကြိုးပမ်းမှုနှင့်အတူ ဖြစ်ပေါ်လာသော သဘောထားကွဲလွဲမှုများ၊ အာဃာတများ၊ မာန်မာနအတ္တများ၊ လူမျိုးစွဲ၊ ဝါဒစွဲများကြောင့် တိုင်းရင်းသားလူမျိုးအချင်းချင်း နှစ်ပေါင်း ၇၀ ကျော်ကြာသည့်တိုင်အောင် လက်နက်ကိုင်ပဋိပက္ခများဖြစ်နေသည်မှာ မိမိနိုင်ငံ၊ မိမိလူမျိုးများသာ ထိခိုက်နစ်နာဆုံးရှုံးမှုများ ဖြစ်ကြရသည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ အောက်တိုဘာ ၁၅ ရက်နေ့က လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ရာ တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက “လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ တပ်မတော် တို့အားလုံး ညီညီညွတ်ညွတ်ဖြင့် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေးအတွက် စုစည်းညီညွတ်သည့် အားဖြင့် ကြိုးပမ်းဆောင်ရွက် နေကြသည့်အချိန်ဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည် ဖော်ရန်အတွက် အကောင်းဆုံးအချိန် အခါကောင်းပင်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ပြည်တွင်းငြိမ်းချမ်း ရေးရရှိရေးအတွက် ဆွေးနွေးဆောင်ရွက်ကြရာတွင် မိမိတို့ဖြစ်လိုသည့် စိတ်ဆန္ဒတစ်ခုတည်းကိုသာ ကြည့်၍ ဆောင်ရွက်နေမည့်အစား ပြည်ထောင်စု အကျိုးကိုကြည့်၍ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွား ကြရန်” အလေးထားတိုက်တွန်းပြောကြားသည်။

 

ငြိမ်းချမ်းရေးကို အလေးထားဆောင်ရွက်ကြရာတွင် အမျိုးသားစည်းလုံးညီညွတ်မှု ခိုင်မာအားကောင်း ရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ မိမိဒေသ၊ မိမိလူမျိုးအတွက်သာ ကိုင်စွဲထား သရွေ့ အမျိုးသားစည်းလုံးညီညွတ်မှုမခိုင်မြဲဘဲ ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးကာ တိုင်းရင်းသားပြည်သူ များသာ ဆင်းရဲဒုက္ခရောက်ကြရမည်ကို သတိမမေ့ဖို့လိုသည်။ မြန်မာနိုင်ငံတွင် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခုရှိရာတွင် အမည်သညာအရ လူမျိုးစုတစ်ခုကိုကိုယ်စားပြုသော်လည်း ဒေသတစ်ခုတွင် လူမျိုးပေါင်းစုံ၊ တိုင်းရင်းသားမျိုးစုံ ရောယှက်နေထိုင်ကြသည်။ ဥပမာအားဖြင့် ရှမ်းပြည်နယ်တွင် ရှမ်းလူမျိုး ၃၅ ရာခိုင်နှုန်းကျော်သာနေထိုင်ပြီး အခြားလူမျိုးများလည်းနေထိုင်ကြသည်။ ရန်ကုန် တိုင်းဒေသကြီးတွင် ဗမာလူမျိုးအများစုနေထိုင်ကြသော်လည်း ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ အေးချမ်းစွာ အတူလက်တွဲနေထိုင်လျက်ရှိသည်။

 

ဒေသတစ်ခုသည် လူမျိုးတစ်မျိုးတည်းက ပိုင်ဆိုင်ခြင်းမဟုတ်ဘဲ ယင်းဒေသတွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးများအားလုံးက ပိုင်ဆိုင်ကြသည်၊ အခွင့်အရေးရှိသည်ဟူသည့် ဒီမိုကရေစီ သဘောထား၊ ပြည်ထောင်စုသဘောထား၊ သာတူညီမျှအခွင့်အရေးသဘောထားစသည်တို့ကို မွေးမြူကြရန်လိုအပ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် စိတ်ရင်းစေတနာမှန်ဖြင့် ငြိမ်းချမ်းရေးရရှိအောင် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ လက်ရှိအချိန်တွင် အားလုံးတန်းတူညီမျှ ပါဝင်ဆောင်ရွက်နိုင်သည့် ဒီမိုကရေစီအခင်းအကျင်းကို တည်ဆောက်လျက်ရှိသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးယူပြီးလျှင် နိုင်ငံရေးလုပ်လိုပါက ဥပဒေပြဋ္ဌာန်းချက်နှင့် အညီ ပါတီတည်ထောင်ရန်၊ စီးပွားရေးလုပ်လိုပါက ဥပဒေနှင့်အညီ ဆောင်ရွက်ရန်၊ ကာကွယ်ရေးတာဝန် ထမ်းဆောင်လိုပါက တပ်မတော်နှင့်ပူးပေါင်း၍ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ထမ်းဆောင်ရန်၊ သာမန်အရပ်သားပြည်သူကဲ့သို့ အေးချမ်းစွာနေထိုင်လိုပါက ဥပဒေအကာအကွယ်အောက်တွင် လုံခြုံစွာနေထိုင်နိုင်ရန်တို့ကို နိုင်ငံတော်အကြီးအကဲက ပြောကြားခဲ့ပြီး ဖြစ်သည်။

 

သို့ဖြစ်ရာ စစ်မှန်သည့်ဒီမိုကရေစီအစိုးရလက်ထက်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအတွက် အခွင့်အလမ်းများရှိပြီးဖြစ်ရာ ပြည်ထောင်စုကြီးအကျိုးကိုရှေးရှု၍ ဖြစ်နိုင်သည်များနှင့် ဖြစ်သင့်သည်များကို သာကြည့်ကာ အမျိုးသား စည်းလုံးညီညွတ်မှုကို ခိုင်မာစွာတည်ဆောက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်ရေးကိုရည်မှန်း၍ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။

ကြေးမုံ