ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Nguyen Anh Duc ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

 

နေပြည်တော် အောက်တိုဘာ ၁၅

 

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီသည် ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Nguyen Anh Duc ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဆောင်ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

 

ဦးစွာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အဆွေတော်သံအမတ် ကြီးနှင့်အဖွဲ့အား လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ သံတမန်အတွေ့အကြုံ ကြွယ်ဝသည့် အဆွေတော်သည် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်း ခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ၁၉၇၅ ခုနှစ်မှ စတင်ခဲ့သည့် မိမိတို့နှစ်နိုင်ငံ၏ သံတမန်ဆက်ဆံရေးသည် (၅၁) နှစ်ထဲသို့ ရောက်ရှိလာပြီဖြစ်ပါ ကြောင်း၊ အာဆီယံမိသားစုဝင် နိုင်ငံများဖြစ်ကြသည့် မိမိတို့နှစ်နိုင်ငံသည် ရှည်လျားသည့် ချစ်ကြည် ရင်းနှီးသော သံတမန်ဆက်ဆံရေးကို တည်ဆောက် ထိန်းသိမ်းနိုင်ခဲ့ကြပါကြောင်း၊ ထို့အပြင် မိမိတို့ နှစ်နိုင်ငံအကြား စီးပွားရေး၊ နည်းပညာ၊ ယဉ်ကျေး မှု စသည့်ကဏ္ဍများတွင်လည်း ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက် လျက်ရှိကြပါကြောင်း။

 

 မိမိတို့နိုင်ငံတွင် လွှတ်တော်နှစ်ရပ်စနစ်ကို ကျင့်သုံးပါကြောင်း၊ မိမိတို့ ပြည်သူ့လွှတ်တော်သည် လူဦးရေနှင့် မြို့နယ်ကိုအခြေခံ၍ ရွေးကောက် တင်မြှောက်ထားသည့် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် လွှတ်တော်ဖြစ်ပါကြောင်း၊ နိုင်ငံတကာ ပါလီမန်များနှင့် ဆက်ဆံရေး တိုးမြှင့်ရန်အတွက် မိမိတို့လွှတ်တော်တွင် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအဖွဲ့များ ဖွဲ့စည်း ထားပါကြောင်း၊ ထိုအဖွဲ့တွင် မြန်မာ - ဗီယက်နမ် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေး အဖွဲ့လည်း ဖွဲ့စည်းထားပြီးဖြစ်၍ မိမိတို့ လွှတ်တော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်လိုပါကြောင်း၊ လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေး အဖွဲ့များမှ တစ်ဆင့် လွှတ်တော်ဥက္ကဋ္ဌ အချင်းချင်း၊ လွှတ်တော်ကိုယ်စားလှယ်များအချင်းချင်း ဆက်ဆံရေး အား တစ်ဆင့်ချင်း တိုးမြှင့်ဆောင် ရွက်လိုပါကြောင်း၊ ထို့အပြင်လွှတ်တော်ကော်မတီချင်း ဆက်ဆံရေး၊ လူငယ်၊ အမျိုးသမီးနှင့် နည်းပညာကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း။

 

 ပြည်သူ့ လွှတ်တော်နှင့် ဗီယက်နမ် အမျိုးသားလွှတ်တော်တို့အကြား ဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်နိုင်ရေးအတွက် ယခုတွေ့ဆုံမှုသည် ခြေလှမ်းအစဖြစ်ပါကြောင်း၊ ထို့အပြင် ဗီယက်နမ် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိက အထောက်အပံ့ပြုသည့် Doi Moi Plan (2.0) နှင့်ပတ်သက် ၍လည်း အဆွေတော်နှင့်ထပ်မံ၍ အသေးစိတ် ဆွေးနွေးလိုပါကြောင်း၊ အဆွေတော်တာဝန် ထမ်းဆောင်နေစဉ် ကာလအတွင်း မိမိတို့နှစ်နိုင်ငံ၏ အစိုးရအချင်းချင်း၊ လွှတ်တော်အချင်းချင်း၊ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Nguyen Anh Duc က ယခုလိုဂါရဝပြု တွေ့ဆုံ ခွင့်ရသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ အဆွေတော်အနေဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးကောက်တင်မြှောက်ခြင်း ခံရသည့်အတွက် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ အစိုးရသစ်အနေဖြင့် ခြောက်လတာကာလအတွင်း လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး ကြိုးပမ်းဆောင်ရွက်နေမှုများ အတွက် ဂုဏ်ယူပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံသည် ယခင်နိုင်ငံ့ခေါင်းဆောင်ကြီးများ အဆက် ဆက်တွင်လည်း ချစ်ကြည်ရင်းနှီးမှုရှိခဲ့ကြသည့် မိတ်ဆွေကောင်းနိုင်ငံများလည်း ဖြစ်ကြပါကြောင်း၊ ဗီယက်နမ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကို အလေးထားပါကြောင်း၊ ထို့အပြင် လွှတ်တော်နှစ်ရပ်အကြား ဥပဒေပြုရေးနှင့် ကော်မတီများပူးပေါင်း ဆောင်ရွက်နိုင်ရေး အတွက်လည်း အပြည့်အဝ ထောက်ခံအားပေးသွားမည်ဖြစ်ပါကြောင်း၊ မိမိတာဝန် ထမ်းဆောင်နေစဉ်ကာလ အတွင်း မိမိတို့နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်နိုင်ရေးကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာပွင့်ဆန်း၊ ပြည်သူ့ လွှတ်တော် မြန်မာ-ဗီယက်နမ် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ပုံ၊ အတွင်းရေးမှူး ဗိုလ်မှူးကြီး မျိုးမြင့်အောင်နှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

သတင်းစဉ်