စောကျော်ညွန့် (ပြောရေးဆိုခွင့်ရှိသူ၊ 7 EAO Alliance)
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားနှင့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် “ငြိမ်းချမ်းရေး၊ လူမှုသဟဇာတဖြစ်ရေးမှ ဖွံ့ဖြိုးတိုးတက်ရေးဆီသို့” အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသည့် ငြိမ်းချမ်းရေးလိုလားသူများ၏ စကားသံများကို စုစည်းဖော်ပြလိုက်ရပါသည် -
ဗိုလ်မှူးကြီး ဝဏ္ဏအောင် (တွဲဖက်အတွင်းရေးမှူး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ)
NCA ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး လုပ်ငန်းစဉ်အပါအဝင် နိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပဖို့ ယန္တရားနဲ့ လမ်းပြမြေပုံတွေ ပါဝင်ပါတယ်။ NCA မှာ အဓိကအနေနဲ့ ဘုံရည်မှန်းချက်အဖြစ် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်တွေနဲ့အညီ တည်ဆောက်သွားမယ်ဆိုပြီး ပါရှိတဲ့အတွက် ကောင်းမွန်ပြည့်စုံတဲ့ စာချုပ်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့်လည်း NCA ကိုအခြေခံပြီး တွေ့ဆုံဆွေးနွေးမှုတွေ ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့် နှစ်ပတ်လည်နေ့ အခမ်းအနားတွေကိုလည်း နှစ်စဉ် နိုင်ငံရေးအနှစ်သာရရှိရှိနဲ့ ကျင်းပပြုလုပ်နေတာပဲဖြစ်ပါတယ်။
အရင်ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွေမှ ပြည်ထောင်စုသဘောတူစာချုပ်အဖြစ် သဘောတူညီချက် (၇၂) ချက်ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာတော့ အဲဒီအချက်တွေထဲကနေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်မယ့်အချက်တွေကို ထုတ်နုတ်ဆွေးနွေးခဲ့ကြရာမှာ ပြင်ဆင်ဖြည့်စွက်ဖို့ (၄၃) ချက် သဘောတူညီမှုရရှိခဲ့ပါတယ်။ အခုပြည်ထောင်စုလွှတ်တော်ကနေ ဆက်လက်ဆွေးနွေးဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒါဟာ တွေ့ဆုံဆွေးနွေးမှုတွေကနေတစ်ဆင့် နိုင်ငံအတွက် ထူးခြားတဲ့ရလဒ်ပဲဖြစ်ပါတယ်။
အခုကျင်းပမယ့် NCA (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားနဲ့ တစ်ဆက်တည်းမှာပဲ အထိမ်းအမှတ် အလုပ်ရုံဆွေးနွေးပွဲကို “ငြိမ်းချမ်းရေး၊ လူမှုသဟဇာတဖြစ်ရေးမှ ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ (From Peace, Social Cohesion to Development)” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၅ ရက်နဲ့ ၁၆ ရက်တွေမှာ NSPNC က ဦးစီးပြီး နိုင်ငံရေးအနှစ်သာရရှိရှိ ကျင်းပသွားမှာဖြစ်ပါတယ်။
အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့မှာ “NCA မှ အတွေ့အကြုံ၊ အောင်မြင်မှုနှင့် စိန်ခေါ်မှုများကို ပြန်လည်သုံးသပ်၍ အနာဂတ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နည်းလမ်းများဖော်ထုတ်ခြင်း” ခေါင်းစဉ်နဲ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒုတိယနေ့မှာတော့ အဖွဲ့နှစ်ဖွဲ့ခွဲပြီး ဆွေးနွေးကြမှာပါ။ အဖွဲ့ (၁) အနေနဲ့ “ပဋိပက္ခဖြစ်ပွားနေသော ဒေသများတွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် လူမှုသဟဇာတဖြစ်ထွန်းရေးအတွက် လက်တွေ့ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများ ဖော်ထုတ်လေ့လာခြင်း” ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပြီး အဖွဲ့ (၂) ကတော့ “ငြိမ်းချမ်းရေးနှင့် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ရေရှည်အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများ မြှင့်တင်မှုအကြား အပြန်အလှန်ဆက်နွှယ်မှု နည်းလမ်းများဖော်ထုတ်ခြင်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များနှင့်အကူအညီများ ထိရောက်စွာဆောင်ရွက်နိုင်ရေး” ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ အမြင်ချင်းဖလှယ်ပြီး အလွတ်သဘော ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားကြမှာပါ။
ဒီအလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ NCA မှာ ရရှိခဲ့တဲ့ အတွေ့အကြုံတွေထဲကနေ အောင်မြင်မှုနဲ့ စိန်ခေါ်မှုတွေကို ပြန်လည်သုံးသပ်ပြီး အနာဂတ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နည်းလမ်းတွေဖော်ထုတ်ဖို့၊ ဒေသတည်ငြိမ်အေးချမ်းရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေကို ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်ဖို့၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ညှိနှိုင်းဖြေရှင်းပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အောင်မြင်စွာဆောင်ရွက်နိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲကို တက်ရောက်ဖို့ NSPNC ကော်မတီဝင်တွေ၊ အကြံပေးအဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ JMC ကိုယ်စားလှယ်တွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ဆောင်ရွက်နေသူတွေအပြင် အခြားဖိတ်ကြားသင့်သူတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီများအစုအဖွဲ့ရဲ့ အလုပ်အဖွဲ့ကိုယ်စားလှယ်တွေ၊ ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းတွေက ညွှန်ကြားရေးမှူးချုပ်တွေနဲ့ မီဒီယာများက အယ်ဒီတာချုပ်တွေကို ဖိတ်ကြားပြီး အလုပ်ရုံဆွေးနွေးပွဲမှာ အတွေ့အကြုံတွေ၊ အမြင်ချင်းတွေကိုဖလှယ်၍ အလွတ်သဘော ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားကြမှာပဲဖြစ်ပါတယ်။
စောကျော်ညွန့် (ပြောရေးဆိုခွင့်ရှိသူ၊ 7 EAO Alliance)
ဒီနေ့ကျင်းပတဲ့ (၁၁) နှစ်မြောက် NCA နှစ်ပတ်လည်နေ့အခမ်းအနားဟာ အနှစ်သာရ အပြည့်အဝရှိပါတယ်။ ကျွန်တော်တို့နိုင်ငံနဲ့ ပြည်သူလူထုတစ်ရပ်လုံးအတွက် ငြိမ်းချမ်းရေးဆိုတာ မဖြစ်မနေရယူရမယ့် အရေးတကြီးလိုအပ်ချက်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၁ နှစ်က ချုပ်ဆိုခဲ့တဲ့ NCA လမ်းကြောင်းအတိုင်း ပြန်သွားဖို့ဆိုတာ လက်ရှိအခြေအနေအရ ခက်ခဲနိုင်တယ်ဆိုတာကိုလည်း အားလုံးနားလည်ပြီးသားပါ။ ဒါကြောင့် အရင်တုန်းကသဘောတူခဲ့တဲ့ NCA ပုံစံအတိုင်း တကယ့်လက်တွေ့ကျတဲ့ အနာဂတ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဒီအခမ်းအနားကနေ စတင်ဖော်ဆောင်နိုင်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်အတွက် များစွာအကျိုးရှိလိမ့်မယ်လို့ ခံစားမိပါတယ်။
ဦးကပ်လမ်ခုပ် (ကိုယ်စားလှယ်၊ ဇိုမီးနိုင်ငံ ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ)
NCA ဆိုတာ ကျွန်တော်တို့မြန်မာနိုင်ငံအတွက် အမှန်တကယ်လိုအပ်ပါတယ်။ လက်ရှိမှာ နိုင်ငံရဲ့နေရာဒေသအချို့မှာ မငြိမ်းချမ်းသေးတဲ့အနေအထားဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်မှသာ နိုင်ငံရဲ့အနာဂတ်၊ ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ လူမှုစီးပွားဘဝတွေအားလုံး အဆင်ပြေသွားမှာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရဘက်ကနေ ကြိုတင်ကန့်သတ်ချက်မထားဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တစ်နိုင်ငံလုံးကို ကမ်းလှမ်းလာတဲ့အခါ ကျွန်တော်တို့အနေနဲ့ NSPNC နဲ့ ဆက်သွယ်ညှိနှိုင်းခွင့်ရရှိခဲ့ပြီး ဒီနေ့အခမ်းအနားကို တက်ရောက်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ NCA ကို ခိုင်ခိုင်မာမာ ထောက်ခံကြိုဆိုရခြင်းဖြစ်ပါတယ်။
ဦးအောင်စိုးမိုး (အရပ်သားကိုယ်စားလှယ်၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာပူးတွဲ စောင့်ကြည့်ရေးကော်မတီ)
NCA ဆိုတာ နိုင်ငံတကာအသိသက်သေတွေရဲ့ ရှေ့မှောက်မှာ ပထမဆုံးလက်မှတ်ရေးထိုးခဲ့တဲ့ ငြိမ်းချမ်းရေးစာချုပ်ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဖက်သတ်ရေးဆွဲထားတာမဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင် နယ်မြေတွေမှာ သန္ဓေတည်ပြီး နှစ်ဦးနှစ်ဖက် ရေရှည်ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့ စနစ်တကျရေးဆွဲထားတဲ့ ငြိမ်းချမ်းရေးစာချုပ်တစ်ခုဖြစ်ပါတယ်။ NCA နဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်စရာတွေရှိပေမယ့် တစ်ဖက်မှာလည်း ရရှိခဲ့တဲ့အောင်မြင်မှုတွေအများကြီးရှိခဲ့ပါတယ်။ အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေးပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ချက်နဲ့ပတ်သက်လို့ကတော့ NCA လမ်းကြောင်းအတိုင်းသွားနေတဲ့ အစုအဖွဲ့တွေရှိသလို NCA လမ်းကြောင်းအတိုင်းမဟုတ်ဘဲ သဘောထားအသစ်တွေနဲ့ သွားနေတဲ့အစုအဖွဲ့တွေလည်းရှိပါတယ်။ NSPNC ဘက်ကလည်း NCA နဲ့ NCA Plus ဆိုပြီး စဉ်းစားဆောင်ရွက်နေတာရှိပါတယ်။ အကောင်အထည်ဖော်မှုအပိုင်းကိုတော့ မူဝါဒချမှတ်သူတွေက ဆက်လက်လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ သဘောထားအနေနဲ့ ပြောရရင်တော့ NCA လမ်းကြောင်းနဲ့ ဆက်လက်ဆောင်ရွက်မယ်၊ နိုင်ငံရေးစကားဝိုင်းတွေ (Dialogues) ပြန်လည်ပေါ်ပေါက်လာမယ်ဆိုရင် နိုင်ငံဟာ ငြိမ်းချမ်းတဲ့အနေအထားတစ်ခုကို ပြန်လည်ရောက်ရှိသွားမယ်လို့ မျှော်လင့်ပါတယ်။
တွေ့ဆုံမေးမြန်း - မျိုးဆက်သစ်
ဓာတ်ပုံ - အေးသန်း (MNA)


