(၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ  အဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲ ၄၁၂ တွဲ ရောင်းချနိုင်ခဲ့  

 

နေပြည်တော် အောက်တိုဘာ ၁၅

 

 (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲအဋ္ဌမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များဖြင့် အထူးစည်ကားလျက်ရှိသည်။

 

နံနက်ပိုင်းမှစတင်၍ ပြည်တွင်းရတနာကုန်သည်များသည် MSME လုပ်ငန်းရှင်များကို အားပေးမြှင့် တင်ရန်အတွက် ခင်းကျင်းပြသထားသည့် အုပ်စု (စီ)မှ ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှုစစ်ဆေးကြသည်။

 

ယနေ့ပြပွဲတွင် အုပ်စု (အေ)နှင့် အုပ်စု (ဘီ)မှ ကျောက်စိမ်းအတွဲများအနက် အတွဲအမှတ် (၁၁၀၁) မှ (၁၆၀၅)အထိ ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက စစ်ဆေးကာ ကျောက်စိမ်းအတွဲပေါင်း ၄၁၂ တွဲ ရောင်းချခဲ့ရကြောင်း ကြေညာပေးသည်။

 

ယနေ့မွန်းလွဲပိုင်းတွင် မြန်မာ့ကျောက်မျက် ရတနာပြပွဲ  ဗဟိုကော်မတီနာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ပြပွဲကျင်းပရာ မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ကျောက်ခင်းကွင်းနယ်မြေအလိုက် ကျောက်စိမ်းအတွဲများ  ခင်းကျင်း ပြသထားရှိမှု၊ ပြည်တွင်းရတနာကုန်သည်များက အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲများ အတွက် ဈေးနှုန်းပေးသွင်းလွှာများကို တင်ဒါပုံးများအတွင်း ထည့်သွင်းနေမှုနှင့် တင်ဒါအောင်မြင်သည့် ကျောက်စိမ်း အတွဲများ အောင်စာရင်းထုတ်ပြန် ကြေညာနေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိ သူများအား လိုအပ်သည်များ မှာကြားသည်။

 

ပြပွဲနဝမနေ့တွင် အုပ်စု (စီ) မှ ကျောက်စိမ်းအတွဲများအနက် အတွဲအမှတ် (၁၆၀၆) မှ (၂၃၅၅) အထိကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ပြီး အဆိုပါကျောက်စိမ်းအတွဲများ အတွက် ရောင်းချရသည့် အတွဲများကိုလည်း ကြေညာပေးသွားမည်ဖြစ်ကာ (၆၁) ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို အောက်တိုဘာ ၁၇ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ ရေးဝန်ကြီးဌာနသည် မြန်မာ့ကျောက်မျက်ရတနာပြပွဲ များကို အောင်မြင်စွာ ကျင်းပနိုင်ရေး နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် အကျိုးစီးပွားဖြစ်ထွန်းစေရန် ကြိုးစားဆောင်ရွက်လျက်ရှိသကဲ့သို့ အဖိုးတန် ကျောက်မျက်သယံဇာတများကို ရေရှည်တည်တံ့ စေမှုနှင့် မြန်မာ့ ရေ၊ မြေ အလှတရားများ ထာဝစဉ်တည်တံ့စေရန် သယံဇာတစီမံခန့်ခွဲမှု လုပ်ငန်း များကို စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်