M-League II ပြိုင်ပွဲ စတင်ကျင်းပ VUE နေပြည်တော်၊ တက္ကသိုလ်နှင့် ရာမညယူနိုက်တက်အသင်း နိုင်ပွဲရယူ

ရန်ကုန်      အောက်တိုဘာ     ၁၅

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာလိဂ်တို့က ကြီးမှူး၍ Grand Royal၊ AYA Bank နှင့် AYA Pay  တို့၏  အဓိကပံ့ပိုးကူညီမှုဖြင့်  ကျင်းပသည့်  ၂၀၂၆-၂၀၂၇  ရာသီ  Grand Royal M-League II ပြိုင်ပွဲ  ပွဲစဉ်(၁) ပထမနေ့ကို အောက်တိုဘာ ၁၅ ရက်က စတင်ကျင်းပရာ  VUE နေပြည်တော်အသင်း၊ တက္ကသိုလ်အသင်းနှင့် ရာမညယူနိုက်တက်အသင်းတို့ နိုင်ပွဲရရှိသည်။

YUSC  ကွင်း၌  ကျင်းပသည့်ပွဲတွင် ရာမညယူနိုက်တက်အသင်းက Asia Lion အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့်   အနိုင်ရရှိသည်။ M-League   မှ   တန်းဆင်းလာရသည့် ရာမညယူနိုက်တက်အသင်းသည် ရာသီအစ ပထမဆုံးပွဲမှာပင် အသင်းသစ်  Asia Lion အသင်းကို အနိုင်ကစားနိုင်ခဲ့သည်။

ယခုပွဲအတွက် AYA Pay Player of the Match  ဆုကို   ရာမညယူနိုက်တက်အသင်းတိုက်စစ်မှူး စောထူးဝေလျှံအောင်က   ရရှိပြီး    အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် ငါးသိန်း ရရှိသည်။

ပဒုမ္မာကွင်း၌   ကျင်းပသည့်ပွဲတွင် VUE နေပြည်တော်အသင်းက မနောအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသည်။ အသင်းသစ်  VUE နေပြည်တော်အသင်းသည်  ကချင်ယူနိုက်တက်အသင်းအား အမည်ပြောင်းလဲထားသည့် မနောအသင်းကို အဖွင့်ပွဲတွင် နိုင်ပွဲရယူခဲ့သည်။ လက်ရွေးစင်ဟောင်းများ ဖြစ်သည့် ကွင်းလယ်ကစားသမား တင်ဝင်းအောင်နှင့် ဂိုးသမား မျိုးမင်းလတ်တို့ ဦးဆောင်လာသည့်  VUE နေပြည်တော်အသင်း အမှတ်ပြည့်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ 

တက္ကသိုလ်ကွင်း၌ကျင်းပသည့်ပွဲတွင် တက္ကသိုလ်အသင်းက Elite Kings အသင်းကို ကိုးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။ M-League II ၏ သက်တမ်းရှည်အသင်းတစ်သင်းဖြစ်သည့် တက္ကသိုလ်အသင်းသည် ရာသီအစအဖွင့်ပွဲတွင် ဂိုးပြတ်အနိုင်ရလဒ် ရယူနိုင်ခဲ့သည်။ ယခုပွဲအတွက် AYA Pay Player of the Match ဆုကို တက္ကသိုလ်အသင်းအတွက် ဟက်ထရစ်သွင်းယူခဲ့သည့် အောင်မြင့်မြတ်က ရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် ငါးသိန်းရရှိသည်။

ပွဲစဉ်(၁) ဒုတိယနေ့ကို အောက်တိုဘာ ၁၆ ရက်တွင် တက္ကသိုလ်ကွင်း၌  Enjoy Brother အသင်းနှင့်  ရွိုင်ရယ်ဒဂုံအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။                

သတင်း - ကိုညီလေး၊ ဓာတ်ပုံ - ML