ပန်းတိုင်းပွင့်ဖို့ လက်တွဲစိုက်ပျိုးကြစို့

ဒေါက်ဇော် (သလ္လာမြေ)

ပန်းတစ်ပွင့်သည် တစ်နေ့တည်းဖြင့် ပွင့်လာခြင်းမဟုတ်ပါ။ မြေကောင်းယာ​ကောင်း၊ ရေတစ်စက်၊ နေရောင်ခြည်နှင့် စောင့်ရှောက်ပေးသူ၏ စေတနာတို့ပေါင်းစပ်မှ ပန်းတစ်ပွင့် လှပစွာပွင့်လန်းလာနိုင်ပါသည်။ လူ့အဖွဲ့အစည်းနှင့် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည်လည်း ထိုနည်းတူပင်ဖြစ်သည်။ ငြိမ်းချမ်းသော ပတ်ဝန်းကျင်၊ ယုံကြည်မှု၊ ပညာရေး၊ အလုပ်အကိုင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် အချင်းချင်းပူးပေါင်းဆောင်ရွက်မှုတို့ လိုအပ်ပါသည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးများ၊ ယဉ်ကျေးမှုများနှင့် ဒေသအလိုက် ထူးခြားသည့် ဝိသေသများ စုံလင်စွာ ပေါင်းစည်းတည်ရှိနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ နှစ်ပေါင်းများစွာအတွင်း ဒေသအချို့၌ ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကြောင့် လူမှုဘဝနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အခက်အခဲအချို့ ကြုံတွေ့ခဲ့ရသော်လည်း ယင်းအတွေ့အကြုံများမှတစ်ဆင့် ငြိမ်းချမ်းရေး၊ အပြန်အလှန်နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု တို့၏တန်ဖိုးကို ပိုမိုနက်ရှိုင်းစွာ သိမြင်လာနိုင်ပါသည်။ ယနေ့အချိန်တွင် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်း ရေးနှင့် ဒေသအသီးသီး၏ လူမှုစီးပွားဘဝပိုမို ကောင်းမွန်လာရေးကို အားပေးမြှင့်တင်ရန်မှာ အရေးကြီးသော ရည်မှန်းချက်တစ်ရပ်ဖြစ်ပါသည်။

အတိတ်က အခက်အခဲများကိုအခြေခံ၍ ကွဲပြားမှုများကို ပိုမိုနက်ရှိုင်းစေခြင်းထက် အပြန်အလှန် ယုံကြည်မှု၊ နားလည်မှုများဖြင့် ငြိမ်းချမ်းရေး၏ အခြေခံအုတ်မြစ်များကို ခိုင်မာအောင် တည်ဆောက် ရမည်ဖြစ်ပါသည်။ ဒေသအသီးသီးရှိ ပြည်သူများ၏ လူမှုဘဝပိုမိုကောင်းမွန်လာရေး၊ ကလေးများနှင့် လူငယ်များ ပညာရေးအခွင့်အလမ်းများ ပိုမိုရရှိရေး၊ အလုပ်အကိုင်နှင့် အသက်မွေးဝမ်းကျောင်း အခွင့် အလမ်းများ တိုးပွားရေးတို့ကို ဦးစားပေးဆောင်ရွက်နိုင်ပါက ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် တစ်ခုနှင့်တစ်ခု အားဖြည့်ပေးသည့်အင်အားများ ဖြစ်လာမည်ဖြစ်ပါသည်။

အတိတ်၏ စိန်ခေါ်မှုများကို အနာဂတ်၏ မျှော်လင့်ချက်အဖြစ် ပြောင်းလဲနိုင်ရန်မှာ အားလုံး၏ ပူးပေါင်းပါဝင်မှု၊ အပြန်အလှန်လေးစားမှုနှင့် စိတ်ရှည်စွာ လက်တွဲဆောင်ရွက်မှုတို့ဖြင့် တည်ဆောက်ရမည့် လမ်းစဉ်တစ်ရပ်ဖြစ်ပါသည်။ ထိုလမ်းစဉ်ပေါ်တွင် တစ်ဆင့်ချင်း လက်တွဲလျှောက်လှမ်းပါက မြန်မာနိုင်ငံ၏ ဒေသအသီးသီးတွင် ငြိမ်းချမ်းရေး၏အလင်းရောင်နှင့် ဖွံ့ဖြိုးတိုးတက်ရေး၏ အခွင့်အလမ်းများ ပိုမိုပွင့်လန်းလာမည်ဖြစ်ပါသည်။

ပဋိပက္ခသည် အနာဂတ်ကိုပါ ထိခိုက်စေသည်

ပဋိပက္ခဖြစ်ပွားသောအခါ နေရာတစ်ခုတည်းသာ ထိခိုက်သည်မဟုတ်ပါ။ မိသားစုများ ယာယီ နေရပ်စွန့်ခွာရသည်။ ကလေးများ ပညာသင်ယူခွင့် ပြတ်တောက်နိုင်သည်။ ကျန်းမာရေးဝန်ဆောင်မှု များ ထိခိုက်နိုင်သည်။ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်သွယ်ရေးအခက်အခဲများ ဖြစ်ပေါ်လာနိုင်သည်။ စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန် သတိထားလာနိုင်သည်။

ထို့ကြောင့် ငြိမ်းချမ်းရေးသည် နိုင်ငံရေးဆိုင်ရာ အကြောင်းအရာတစ်ခုတည်းမဟုတ်ပါ။ ကလေး တစ်ဦး ပုံမှန်ကျောင်းတက်နိုင်ရေး၊ မိသားစုတစ်စု အလုပ်အကိုင်ရရှိရေး၊ လယ်သမားတစ်ဦး လုံခြုံစွာ စိုက်ပျိုးနိုင်ရေးနှင့် လူငယ်တစ်ဦး မိမိအနာဂတ်ကို မိမိရွေးချယ်နိုင်ရေးတို့နှင့် တိုက်ရိုက်ဆက်စပ်နေ သော လူမှုဘဝအခြေခံတစ်ရပ်ဖြစ်သည်။

မုန်းတီးမှုကို မုန်းတီးမှုဖြင့် မကုသနိုင်

ရှည်လျားသောပဋိပက္ခများတွင် တစ်ဖက်နှင့်တစ်ဖက် နာကျင်မှုများ စုဆောင်းလာတတ်သည်။ ဆုံးရှုံးမှုများ ရှိလာသည်။ ယုံကြည်မှုများ ပျက်စီးလာသည်။ မျိုးဆက်တစ်ဆက်မှတစ်ဆက်သို့ ကြောက်ရွံ့မှုနှင့် မယုံကြည်မှုများ လက်ဆင့်ကမ်းသွားနိုင်သည်။

သို့သော် မုန်းတီးမှုကို မုန်းတီးမှုဖြင့် ပြန်လည်ဖြေရှင်း၍မရနိုင်ပါ။ အကြမ်းဖက်မှုသည် အကြမ်း ဖက်မှုကို ထပ်မံဖြစ်ပေါ်စေနိုင်သကဲ့သို့ လက်တုံ့ပြန်မှုသည် နာကျင်မှုကို ပိုမိုရှည်လျားစေနိုင်သည်။ ထို့ကြောင့် အသက်အိုးအိမ်နှင့် လူ့ဂုဏ်သိက္ခာကို ဦးစားပေးကာကွယ်ခြင်း၊ လူသားချင်းစာနာမှုဆိုင်ရာ အခြေခံမူများကို လေးစားခြင်းနှင့် အငြင်းပွားမှုများကို စကားဝိုင်းမှတစ်ဆင့် ဖြေရှင်းရန်နေရာ ဖန်တီးခြင်းသည် အရေးကြီးသည်။

ငြိမ်းချမ်းရေးသည် တစ်ဖက်က အနိုင်ရပြီး တစ်ဖက်က အရှုံးပေးရသည့် ရလဒ်တစ်ခုသာ မဟုတ် ပါ။ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးဆိုသည်မှာ လူတိုင်း၏အသက်၊ ဂုဏ်သိက္ခာ၊ အခွင့်အရေးနှင့် အနာဂတ်ကိုတန်ဖိုးထားနိုင်သည့် ပတ်ဝန်းကျင်တစ်ခုဖြစ်ပါသည်။

နယ်စပ်ဒေသများ ငြိမ်းချမ်းမှ ဖွံ့ဖြိုးတိုးတက်မှုများလည်း လမ်းဖွင့်နိုင်မည်

မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများသည် ပဋိပက္ခဖြစ်ပွားရာနေရာများသာ မဟုတ်ပါ။ ထိုဒေသများ သည် နိုင်ငံတကာကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုဖလှယ်မှု၊ စိုက်ပျိုးရေး၊ သယံဇာတနှင့် လူမှုစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများအတွက် အရေးကြီးသောတံခါးပေါက်များလည်း ဖြစ်ကြသည်။

နယ်စပ်ဒေသတစ်ခုတွင် လုံခြုံမှုနှင့် ယုံကြည်မှုတိုးတက်လာပါက လမ်းများ၊ ဈေးများ၊ ကျောင်းများ၊ ဆေးရုံများနှင့် စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာနိုင်သည်။ လူငယ်များအတွက် အလုပ်အကိုင်များ ပေါ်ပေါက်လာနိုင်သည်။ ဒေသခံများ၏ ဝင်ငွေတိုးလာနိုင်သည်။ ထိုမှတစ်ဆင့် နိုင်ငံတစ်ခုလုံး၏ စီးပွား ရေးအင်အားကိုလည်း တိုးမြှင့်ပေးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို သီးခြားအကြောင်းအရာများအဖြစ်မမြင်ဘဲ တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည့် လမ်းကြောင်းနှစ်ခုအဖြစ် မြင်ရန်လိုအပ်သည်။

အာဆီယံဒေသနှင့် ဖွံ့ဖြိုးတိုးတက်မှုကွာဟချက် လျှော့ချရန် ငြိမ်းချမ်းရေးလိုအပ်သည်

အာဆီယံဒေသသည် စီးပွားရေး၊ နည်းပညာ၊ ပညာရေး၊ ထုတ်လုပ်မှုနှင့် ဒီဂျစ်တယ်ဖွံ့ဖြိုးရေး တို့တွင် လျင်မြန်စွာပြောင်းလဲနေသည်။ ၂၀၂၆ ခုနှစ် Asian Development Bank ၏ စီးပွားရေး အလားအလာအရ ဖွံ့ဖြိုးဆဲ အရှေ့တောင်အာရှ နိုင်ငံများ၏တိုးတက်မှုမှာ အချို့နိုင်ငံများတွင် ပိုမို အားကောင်းလာသော်လည်း မြန်မာနိုင်ငံအပါအဝင် အချို့နိုင်ငံများ၏ အလားအလာမှာ ဖိအားများနှင့် ရင်ဆိုင်နေရသည်။

ထိုကွာဟချက်ကိုလျှော့ချရန် မြန်မာနိုင်ငံအနေဖြင့် ပဋိပက္ခကိုသာ အာရုံစိုက်နေရသည့် အခြေအနေ မှ တဖြည်းဖြည်းကျော်လွန်ကာ ငြိမ်းချမ်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်၊ ထုတ်လုပ်မှု၊ နည်းပညာနှင့် ကုန်သွယ်ရေးတို့ကို တစ်ပြိုင်နက်တည်း ပြန်လည်တည်ဆောက်ရန် လိုအပ်ပါသည်။

ယင်းအတွက် ပထမဆုံးလိုအပ်သည့် အရင်းအမြစ်မှာ လူသားအရင်းအမြစ်ဖြစ်သည်။ ကလေးများ ပညာသင်ယူနိုင်မှ လူငယ်များကျွမ်းကျင်လာမည်။ လူငယ်များကျွမ်းကျင်လာမှ စီးပွားရေးလုပ်ငန်းများ တိုးတက်လာမည်။ စီးပွားရေးတိုးတက်လာမှ မိသားစုများ၏ လူနေမှုဘဝပိုမိုကောင်းမွန်လာမည်။ ထိုအရာအားလုံး၏ အခြေခံတွင် လုံခြုံမှုနှင့် ငြိမ်းချမ်းမှုရှိရန် လိုအပ်သည်။

ပန်းတိုင်းပွင့်ရန် အားလုံးက မိမိနေရာမှ စတင်ကြစို့

ငြိမ်းချမ်းရေးကို နိုင်ငံရေးခေါင်းဆောင်များ၊ အဖွဲ့အစည်းများ သို့မဟုတ် လက်နက်ကိုင်အဖွဲ့များ ၏ တာဝန်တစ်ခုတည်းဟု မမြင်သင့်ပါ။ အမှန်တကယ် ရေရှည်တည်တံ့သောငြိမ်းချမ်းရေးသည် လူမှုအဖွဲ့အစည်းတစ်ခုလုံး၏ နေ့စဉ်အပြုအမူများမှလည်း ပေါ်ပေါက်လာနိုင်သည်။

မိသားစုအတွင်း အပြန်အလှန်လေးစားခြင်းမှ စတင်နိုင်သည်။ ကျောင်းတွင် မတူညီသောအမြင် များကို နားထောင်တတ်ရန် သင်ကြားခြင်းမှစတင်နိုင်သည်။ လူမှုကွန်ရက်များတွင် မုန်းတီးစေသော စကားများထက် အချက်အလက်မှန်နှင့် နားလည်မှုကို မျှဝေခြင်းမှ စတင်နိုင်သည်။ ရပ်ရွာအတွင်း အခက်အခဲရှိသူကို ကူညီခြင်းမှ စတင်နိုင်သည်။

ထို့ပြင် မတူညီသော လူမှုအဖွဲ့အစည်းများအကြား ယုံကြည်မှုတည်ဆောက်ရေး၊ လူငယ်များ အတွက် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများ၊ ပဋိပက္ခဒေသများတွင် အခြေခံ ဝန်ဆောင်မှုများ ပြန်လည်ရရှိရေးနှင့် လူသားချင်း စာနာမှုအကူအညီများ လုံခြုံစွာရောက်ရှိရေးတို့ကို တဖြည်းဖြည်း အားပေးတည်ဆောက်ရန် လိုအပ်သည်။ ထိုအရာများသည် တစ်ရက်တည်းဖြင့် ပြီးမြောက်မည်မဟုတ်သော်လည်း အဆင့်ဆင့် ဆောင်ရွက်နိုင်ပါသည်။

မည်သူကမျှ အတင်းအကျပ် ဖန်တီး၍မရ

ပန်းတစ်ပွင့်ကို ပွင့်လာစေရန် မည်သူကမျှ အတင်းအကျပ် ဖန်တီး၍မရပါ။ သင့်လျော်သော မြေ၊ ရေ၊ လေ၊ နေရောင်နှင့် စောင့်ရှောက်မှုပေးရပါသည်။ ထိုအခါ ပန်းသည် အချိန်အခါနှင့်အညီ သဘာဝ တရားထောက်ပံ့မှုဖြင့် လှပစွာပွင့်လာပါသည်။

နိုင်ငံတစ်နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုလည်း ထိုနည်းတူပင် ဖြစ်သည်။ အတင်းအကျပ်ဖြင့် ယုံကြည်မှုကို တည်ဆောက်၍ မရပါ။ မုန်းတီးမှုဖြင့် စည်းလုံးညီညွတ်မှုကို မဖန်တီးနိုင်ပါ။ ပဋိပက္ခကို ပဋိပက္ခဖြင့် အဆုံးသတ်ရန် ကြိုးစားခြင်းထက် စကားပြောနိုင်သောနေရာ၊ နားထောင်နိုင်သော စိတ်၊ အပြန်အလှန်လေးစားနိုင်သော ယဉ်ကျေးမှုနှင့် လူသားဘဝကို တန်ဖိုးထားနိုင်သော နိုင်ငံရေးနှင့် လူမှုဝန်းကျင်ကို တည်ဆောက်ရန် လိုအပ် ပါသည်။

မြန်မာနိုင်ငံသည် မတူညီသော တိုင်းရင်းသား လူမျိုးများ၊ ယဉ်ကျေးမှုများနှင့် ဒေသများ စုစည်း တည်ရှိသောနိုင်ငံဖြစ်သည်။ ထိုကွဲပြားမှုများသည် ခွဲခြားရန် အကြောင်းပြချက်များမဟုတ်ဘဲ ပိုမို ကြွယ်ဝသော နိုင်ငံတစ်နိုင်ငံကို တည်ဆောက်နိုင်သည့်အင်အားများ ဖြစ်လာနိုင်ပါသည်။

ယနေ့ ကျွန်ုပ်တို့ ရွေးချယ်ရမည့်လမ်းသည် မုန်းတီးမှုကို မျိုးဆက်သစ်ထံ ဆက်လက်ပေးအပ် မည့်လမ်းလား၊ သို့မဟုတ် မျှော်လင့်ချက်ကို ဆက်လက် ပေးအပ်မည့်လမ်းလားဆိုသည်မှာ  အရေးကြီးပါသည်။

ပန်းတစ်ပွင့် ပွင့်လာလျှင် ဥယျာဉ်တစ်ခု လှပလာနိုင်ပါသည်။ လူတစ်ဦး၏ဘဝ ပွင့်လန်းလာလျှင် မိသားစုတစ်စု အားကောင်းလာနိုင်ပါသည်။ မိသားစုများပွင့်လန်းလာလျှင် ရပ်ရွာများ ဖွံ့ဖြိုးလာနိုင်ပါ သည်။ ရပ်ရွာများငြိမ်းချမ်းလာလျှင် နိုင်ငံတစ်နိုင်ငံ ၏ အနာဂတ်လည်း ပွင့်လန်းလာနိုင်ပါသည်။

ထို့ကြောင့် ယနေ့မှစ၍ ကျွန်ုပ်တို့အားလုံး မိမိတို့နေရာမှ မေတ္တာကို စိုက်ပျိုးကြပါစို့။ ယုံကြည်မှုကို ရေလောင်းကြပါစို့။ မုန်းတီးမှုများကို တဖြည်းဖြည်း လျှော့ချကြပါစို့။ စကားပြောနိုင်သောတံခါးများကို ဖွင့်ထားကြပါစို့။ ကလေးများ၏ပညာရေးကို ကာကွယ်ကြပါစို့။ လူငယ်များ၏အိပ်မက်များကို အားပေးကြပါစို့။ အလုပ်အကိုင်နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းသောမြေပြင်ကို တည်ဆောက်ကြပါစို့။

လူတိုင်း၏ ဘဝပန်းများ ပွင့်လန်းလာသည့် အခါမှသာ နိုင်ငံတစ်နိုင်ငံလုံး၏ဥယျာဉ်သည် အမှန် တကယ်လှပလာမည်ဖြစ်ပါသည်။

ပန်းတိုင်း ပွင့်ပါစေ။

လူတိုင်း လုံခြုံပါစေ။

မုန်းတီးမှုများ လျော့ပါးပါစေ။

ယုံကြည်မှုများ ပြန်လည်ပွင့်လန်းပါစေ။

ငြိမ်းချမ်းရေး၏ အလင်းရောင်အောက်တွင် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်လာပါစေကြောင်း​ မေတ္တာဆုမွန်​​ ​​ခြွေအပ်ပါသည်။ ။