ရန်ကုန် အောက်တိုဘာ ၁၅
တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးက မြန်မာနိုင်ငံအားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝူရှူး၊ လှေလှော်၊ ပိုက်ကျော်ခြင်းနှင့် ဘောလုံးအားကစားအဖွဲ့ချုပ်များအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျိုက္ကဆံကွင်းရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပသည်။
အလှူငွေပေးအပ်ပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia က အလှူငွေပေးအပ် လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့အတူ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက တရုတ်-မြန်မာ အားကစားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် လေးဖွဲ့အတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်အတွင်းရေးမှူး၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌတို့က လက်ခံရယူကြပြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးက မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးထံ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


