အောက်တိုဘာ ၁၅
သီရိလင်္ကာနိုင်ငံတောင်ပိုင်း ဝေလီဂါမာမြို့ရှိ ကပ်ပါရသိုတာကမ်းခြေတွင် လုံခြုံရေးတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်သည့် စစ်ဆင်ရေးအတွင်း ဘိန်းဖြူ ကီလိုဂရမ် ၁၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူများက ယနေ့တွင် ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့ ၏ အထူးစစ်ဆင်ရေးတပ်ဖွဲ့ ၏ ပြောကြားချက်အရ မူးယစ်ဆေးဝါးများကို အထုပ် ၁၂၀ ထုပ်အဖြစ် ထုပ်ပိုးထားပြီး အိတ်ခြောက်အိတ်အတွင်း ဝှက်ထားသည်ကို တွေ့ရှိခဲ့သည်ဟု သိရသည်။
အဆိုပါမူးယစ်ဆေးဝါးများကို သီရိလင်္ကာရေတပ် သီရိလင်္ကာကမ်းရိုးတန်းစောင့်တပ်၊ ရဲတပ်ဖွဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးဗျူရိုနှင့် ရဲတပ်ဖွဲ့အထူးစစ်ဆင်ရေးတပ်ဖွဲ့တို့ပါဝင်သည့် စစ်ဆင်ရေး တစ်ခုအတွင်း ပြန်လည်သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
အစောပိုင်းနှစ်ရက်က ငါးဖမ်းလှေတစ်စင်းကို ကြားဖြတ်တားဆီးစစ်ဆေးခဲ့သည့် ဖြစ်စဉ်နှင့် ဆက်စပ်သော စုံစမ်းစစ်ဆေးမှုများအရ ယခုရှာဖွေရေးလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါစစ်ဆင်ရေးအတွင်း ရရှိခဲ့သည့် သတင်းအချက်အလက်များအရ တရားမဝင်ကုန်ပစ္စည်းများကို ကမ်းရိုးတန်းဒေသသို့ လွှဲပြောင်းပို့ဆောင်ထားခဲ့သည်ဟု အာဏာပိုင်များက သံသယရှိခဲ့ကြောင်း ဖော်ပြထားသည်။
လုံခြုံရေးတပ်ဖွဲ့များ မရောက်ရှိမီ ထိုဖြစ်စဉ်တွင် ပါဝင်ပတ်သက်သည်ဟု ယူဆရသူများသည် ယင်းနေရာမှ ထွက်ခွာသွားခဲ့ကြပြီး မူးယစ်ဆေးဝါးများသိမ်းဆည်းရမိခဲ့သည့်နေရာတွင် သံသယရှိသူတစ်ဦး သို့မဟုတ် လှေတစ်စင်းကိုလည်း ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ကြောင်း သိရသည်။
သိမ်းဆည်းရမိခဲ့သည့် ပစ္စည်းများကို ဆက်လက်စစ်ဆေးမှုများ ပြုလုပ်နိုင်ရန် ပို့ဆောင်ထားပြီး မူးယစ်ဆေးဝါးတင်ပို့မှုနှင့်ပတ်သက်သည့် တိကျသောပမာဏနှင့် ယင်းမူးယစ်ဆေးဝါးများ သယ်ဆောင်လာမှုနှင့် ပတ်သက်သည့် ဖြစ်စဉ်အခြေအနေများကို ဖော်ထုတ်နိုင်ရန် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


