ပုသိမ် အောက်တိုဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ အိလျော့မှုအား ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ကြည့်ရှုစစ်ဆေး
ထိုသို့ ဆောင်ရွက်ရာတွင် တမံအောက်ပိုင်း အိလျော့ကျမှုအား ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် တမံအောက်ခြေဆင်ခြေလျှော၏ အပြင်ဘက်မှ မြေသားတမံပုံစံ တမံအောက်ခြေထောက်ခြင်းအား မြေတူးစက် လေးစီး၊ မြေထိုးစက် သုံးစီး၊ မြေသယ်ယာဉ်ခုနစ်စီးတို့ဖြင့် ဆောင်ရွက်နေမှု၊ မြေသားတမံအား ပိုမိုအားဖြစ် စေရန်အတွက် မြေသားတမံပုံစံ၏ နောက်ဘက်တွင် ရေစစ်ကျောက်ရိုး (Rock Toe) ကို အလျားပေ ၅၅၀၊ အောက်ခြေပျမ်းမျှအကျယ် ၂၆ ပေ၊ ထိပ်ဝ အကျယ် ၆ ပေ၊ ပျမ်းမျှအမြင့် ၁၀ ပေ ထည့်သွင်းတည်ဆောက်ရန် စက်ယန္တရားများဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်နေမှု၊ တမံရေ အမြန်ဆုံးလျှော့ချနိုင်ရေးအတွက် တမံရေထုတ်ပြွန် မှ ၄၀၀ ကုဗပေ/စက္ကန့် ရေလျှော့ချနေသကဲ့သို့ အရေးပေါ်ရေပိုလွှဲအား မြေတူးစက်တစ်စီး၊ မြေထိုးစက်တစ်စီး၊ ကျောက်ဖောက်စက်တစ်စီးတို့ဖြင့် ဆောင်ရွက်နေမှုတို့ကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်တို့သည် ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ သွားရောက်စဉ် မမြရေလှောင်တမံ အိလျော့မှုအား ကာကွယ်ထိန်းသိမ်းမှုလုပ်ငန်းများတွင် ပါဝင်ကူညီကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို ဒံပေါက်၊ ရေဓာတ်အားဖြည့် အချိုရည်များနှင့် သောက်ရေသန့်များ ပေးဝေခဲ့သည်။
အဆိုပါ မမြရေလှောင်တမံအောက်ပိုင်း အိလျော့ကျမှုအား ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် တမံအောက်ခြေ ဆင်ခြေလျှော၏ အပြင်ဘက်မှ မြေသားတမံပုံစံ တမံအောက်ခြေထောက်ခြင်းလုပ်ငန်းနှင့် တမံရေအမြန်ဆုံး လျှော့ချနိုင်ရေးလုပ်ငန်းတို့ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


