တနင်္သာရီတိုင်းဒေသကြီးအတွင်း သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးခဲ့မှု ဖြစ်ပွားခဲ့သည့်နေရာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော် အောက်တိုဘာ ၁၄

 

မြန်မာနိုင်ငံအတွင်းဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)၏ အရှိန်ကြောင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း မြေပြိုကျ၍ လမ်းပိတ်ဆို့မှုများဖြစ်ပွားခဲ့သည့် ထားဝယ် - လောင်းလုံး - ကျောက်နီမော် - ရှင်မော်လမ်းမကြီးပေါ်ရှိနေရာများနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ကျေးရွာ၊ ရပ်ကွက်များ၌ ယနေ့တွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများပါဝင်သော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် လူအင်အား၊ စက်ယန္တရားများအသုံးပြု၍ အပျက်အစီးများဖယ်ရှားခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ လမ်းပေါ်ရှိ မြေစိုင်ခဲများဖယ်ရှားခြင်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

 

ထို့ပြင် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များက လောင်းလုံးမြို့ ဝန်းကျင်ဒေသရှိ သဗျာ၊ ပညှင်း၊ ညှင်းမှော်၊ ပြင်းထိန်၊ ပိန်းရှောင်၊ စန်းလှမ်း၊ အင်းဇောက်၊ ပဉ္စသီမော်ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်