ပဲခူး အောက်တိုဘာ ၁၄
ဒေသထွက် ကုန်ကြမ်းပစ္စည်းများဖြင့် တန်ဖိုးမြှင့်လူသုံးကုန် ပစ္စည်းများ ထုတ်လုပ်သည့် ကြို့ပင်ကောက်မြို့မှ လုပ်ငန်းရှင် ဦးဇေယျာဝင်း၏ “သဘာဝ” Resin ပရိဘောဂနှင့် အမှတ်တရ ပစ္စည်း အရောင်းပြခန်းကို ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် အတူ သွားရောက်ကြည့်ရှု အားပေးသည်။
ထို့အတူ လက်ပံတန်းမြို့နယ်ချမ်းသာကုန်းကျေးရွာ၌ ကျေးရွာသူ ကျေးရွာသားများ၏ စုပေါင်း စားဖိုဆောင် သီးနှံစိုက်ခင်းကို ကြည့်ရှုအားပေးပြီး ဒေသခံ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးကာ ဆီထွက်ပဲပုပ် မျိုးစေ့နှင့် စားဖိုဆောင်သီးနှံ မျိုးစေ့များ ပေးအပ်သည်။
အလားတူ သာယာဝတီမြို့နယ် ကျွန်းကုန်းကျေးရွာ အုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း မိုးစပါး စံပြစိုက်ခင်းဧက ၃၀၀ ရိတ်သိမ်းနေမှုကို ကြည့်ရှုအားပေးပြီး ဒေသခံမိုးစပါးစိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးကာ ဆောင်း သီးနှံအတွက် ဆီထွက်ပဲပုပ်မျိုးစေ့များ ပေးအပ်သည်။
ဆက်လက်၍ သာယာဝတီမြို့ လုပ်ငန်းရှင် ဦးမြင့်ထွေး၏ လယ်ယာသုံးစက်ကိရိယာ အလုပ်ရုံ၌ လက်ကိုင်းရှည်စက်နှင့် မြေယာပြုပြင်ခြင်းစက် တွဲဖက် တပ်ဆင် စမ်းသပ်ထုတ်လုပ်ထားရှိမှုနှင့် တောင်သူတစ်ပိုင်တစ်နိုင် လယ်ယာသုံး စက်ကိရိယာများ သုံးစွဲနိုင်ရေး ထွန်ယက်စက်အမျိုးမျိုး ထုတ်လုပ်နေမှုတို့ကို ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


