နိုင်ငံတော်သမ္မတ မင်းအောင်လှိုင် မြန်မာ့ဆိပ်ကမ်းလုပ်ငန်းကဏ္ဍ စွမ်းဆောင်နိုင်မှုအခြေအနေများနှင့် ဆက်လက်တိုးချဲ့ ဆောင်ရွက်သွားနိုင်မည့်အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

 

နေပြည်တော် အောက်တိုဘာ ၁၄

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယ ဝန်ကြီး များနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လှည့်လည်၍ မြန်မာ့ဆိပ်ကမ်းလုပ်ငန်းကဏ္ဍ စွမ်းဆောင်နိုင်မှု အခြေအနေများနှင့် ဆက်လက်တိုးချဲ့ ဆောင်ရွက် သွားနိုင်မည့် အခြေအနေများအား သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ သီလဝါမီးရထားဘူတာရုံ၌ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးမြထွန်းဦးက လက်ရှိ တိုးကြောင် ကလေး - သီလဝါ ရထားလမ်းပိုင်း၏ လမ်းပိုင်းဆိုင်ရာအချက်အလက်များ၊ တိုးကြောင်ကလေး-သီလဝါ ရထားလမ်းပိုင်းအား ဒွေးလမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ရေး အပိုင်း အလိုက် တိုင်းတာမှုများ ပြုလုပ်ပြီး လုပ်ငန်းများလျာထား ဆောင်ရွက်လျက်ရှိမှု အခြေအနေ၊ သန်လျင်တံတား အမှတ် (၁) ၏ တံတားဆိုင်ရာ အချက်အလက်များ၊ သီလဝါဘူတာယာဒ်ဝင်းများသို့ ဒွေးလမ်းများဝင်ရောက်မည့်ပုံစံနှင့် သီလဝါယာဒ်ဝင်းတိုးချဲ့မည့် အဆိုပြုပုံစံများ၊ လက်ရှိ တိုးကြောင် ကလေး-သီလဝါ ရထားလမ်းပိုင်းအား အဆင့်မြှင့်တင် ပြုပြင်ပြီးစီးမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

 

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက သီလဝါဆိပ်ကမ်းသည် မိမိတို့နိုင်ငံရှိအဓိက ဆိပ်ကမ်းကြီးများအနက်မှ တစ်ခုဖြစ်ပြီး သီလဝါဆိပ်ကမ်းနှင့် စက်မှုဇုန်တို့မှ ကုန်ပစ္စည်းများအား ပိုမိုလွယ်ကူ လျင်မြန်ချောမွေ့စွာ၊ ကုန်ကျစရိတ် သက်သာစွာဖြင့် ဖြန့်ဖြူးနိုင်ရေးတိုးကြောင် ကလေး-သီလဝါ ရထားလမ်းပိုင်းအား ဒွေးလမ်းအဖြစ်အဆင့်မြှင့်တင် ဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်း၊ ဒွေးလမ်းဖောက်လုပ်မည့် လျာထားလမ်းကြောင်း တစ်လျှောက်အား မြေပြင်ကွင်းဆင်း စစ်ဆေး တိုင်းတာတွက်ချက်၍ လမ်းကွေ့နေရာများ၊ ဆင်ခြေလျှောနေရာများ၊ တံတားနေရာများ၌ စနစ်တကျ ဖြစ်အောင် ဆောင်ရွက်သွားရန် လိုကြောင်း၊ သီလဝါဘူတာမှ သီလဝါဆိပ်ကမ်းဝင်းအတွင်း သို့လည်း ရထားလမ်းတိုးချဲ့ ဖောက်လုပ်ရန်နှင့် တိုးချဲ့မည့် ဒွေးလမ်းလမ်းကြောင်း တစ်လျှောက် ကြိုတင်ဆောင်ရွက်နိုင်သည့် မြေနေရာရှင်းလင်းခြင်းနှင့် မြေကြီးလုပ်ငန်းများ၊ တံတား လုပ်ငန်းများနှင့် ကျောက်ထုတ် လုပ်ငန်းများကို ကနဦးဆောင်ရွက် သွားရန်လိုကြောင်း၊ နောင်တစ်ချိန်တွင် လျှပ်စစ် ရထားများ ပြေးဆွဲနိုင်ရေး အတွက်လည်း ယခုကတည်းက ကြိုတင်တွက်ချက်လျာထား စဉ်းစားဆောင်ရွက်ရန် လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတသည် သီလဝါဘူတာယာဒ်ဝင်းရှိ မီးရထားလမ်းအား သံလမ်းပြုပြင် ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါ ဆိပ်ကမ်း (MITT) သို့ ရောက်ရှိရာ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ဆိပ်ကမ်းလုပ်ငန်းကဏ္ဍ စွမ်းဆောင်နိုင်မှု အခြေအနေများနှင့်ပတ်သက်၍ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ၏ နောက်ခံသမိုင်းကြောင်း၊ မူဝါဒနှင့်လုပ်ငန်းတာဝန်များ၊ ကမ်းရိုးတန်းအရှည် ၁၂၆၀ ရေမိုင်ရှိ မြန်မာ့ဆိပ်ကမ်းများ၊ ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်ရေး (Maritime Trade) ဆောင် ရွက်နိုင်မှုနှင့် အကျိုးအမြတ်ရရှိမှုများ၊ နှစ်အလိုက် ဆိပ်ကမ်းတံတားများ တိုးတက်လာမှု၊ ရန်ကုန်မြို့ ဆိပ်ကမ်း ဧရိယာအတွင်းရှိ ဆိပ်ကမ်းတံတားများ၊ သီလဝါအပြင် ဆိပ်ကမ်းဧရိယာရှိ ဆိပ်ကမ်းတံတားများ၊ ရန်ကုန်ဆိပ်ကမ်း၏ နှစ်စဉ်ကုန်စည် ကိုင်တွယ်နိုင်စွမ်းများ၊ ရန်ကုန်-ဒလတံတား စီမံကိန်းတွင် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏ ဆောင်ရွက်မှု၊ ပို့ကုန်မြှင့်တင်ရေးမူဝါဒနှင့်အညီ ပင်လယ်ရေကြောင်း ဖြင့် ကုန်သွယ်မှုကို အားပေးမြှင့်တင်လျက်ရှိမှု၊ ပင်လယ်ရေကြောင်း ကုန်သွယ်မှုအတွက် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဆောင်ရွက်ပေးနေသည့် ဆိပ်ကမ်းဝန်ဆောင်မှု လုပ်ငန်းများ၊ အထွေထွေ ကုန်စည်တံတားများ အဆင့်မြှင့်တင် ဆောင်ရွက်မည့် အစီအမံများ၊ ပို့ကုန်မြှင့်တင်ရေး မူဝါဒနှင့်အညီ ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်မှုကို အားပေးမြှင့်တင်လျက်ရှိမှု၊ မိုးရာသီနှင့် ပွင့်လင်းရာသီ ကုန်ကိုင်တွယ်ရရှိမှုအခြေအနေ၊ Transshipment လုပ်ငန်းလက်ရှိ ဆောင်ရွက်နေမှု၊ နိုင်ငံဖြတ်သန်း ကုန်သွယ်မှု (Transit Trade)ကို အားပေးမြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ရန်ကုန်တိုင်းဒေသကြီး အတွင်း ကုန်းတွင်းကုန်သေတ္တာစခန်းနှင့် ပြည်တွင်းကမ်းရိုးတန်း ဆိပ်ကမ်းများ တည်ဆောက်ခြင်း၊ ပို့ကုန်နှစ်ဆ တိုးမြှင့်နိုင်ရေးအတွက် ကြပ်မတ်တွန်းအားပေး ဆောင်ရွက်လျက်ရှိမှု၊ Semi Smart ကုန်သေတ္တာဆိပ်ကမ်း (Pilot Project)စီမံကိန်း လက်တွေ့အကောင်အထည်ဖော် နိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိမှု၊ ကုန်သေတ္တာ ဆိပ်ကမ်းများအလိုက် ဒီဂျစ်တယ်နည်းလမ်းဖြင့် ဆောင်ရွက်နေမှု၊ ပြည်ပနိုင်ငံများရှိ ဆိပ်ကမ်းများသို့ သွားရောက်၍ ဆိပ်ကမ်းလုပ်ငန်းများအား လေ့လာဆောင်ရွက်ခဲ့မှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ရှင်းလင်း တင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတက ပင်လယ်ဝမှ ဝင်ရောက်သည့် ရေလမ်းကြောင်းများအမြဲ ကောင်းမွန်နေစေရေးအတွက် နှစ်စဉ်ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားရန် လိုကြောင်း၊ Smart Semi Port နှင့်ပတ်သက်၍ ဆောင်ရွက်နိုင်မည် ဆိုပါက များစွာအကျိုးဖြစ်ထွန်း စေမည်ဖြစ်ကြောင်း၊ ဆိပ်ကမ်းတွင် ကွန်တိန်နာသင်္ဘောများ ဆိုက်ကပ်မှုများ များပြားလာသည့်အချိန်တွင် ကွန်တိန်နာများကို ပိုမိုလျင်မြန်စွာဖြင့် ပို့ဆောင်နိုင်ရေး မော်တော်ယာဉ်များဖြင့်သာမက မီးရထားများဖြင့်ပါ ပို့ဆောင် နိုင်ရေး ဒွေးလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်စေခြင်းဖြစ်ကြောင်း၊ အလားတူ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများသို့ ကွန်တိန်နာယာဉ်များ ဝင်ထွက်သွားလာမှုများ ပိုမိုလွယ်ကူလျင်မြန်စွာ ဝင်ရောက်ထွက်ခွာနိုင်ရေးအတွက် လမ်းများ အဆင့်မြှင့်တင် တိုးချဲ့ခြင်းနှင့် တံတားများ အဆင့်မြှင့်တင်ခြင်း ကို ဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၌လည်း ပမ္မဝတီဆိပ်ကမ်း အဆင့်မြှင့်တင်ခြင်းကို ဆောင်ရွက်စေခဲ့ကြောင်း၊ အဆိုပါဆိပ်ကမ်း၌ ပုသိမ်မြစ်တစ်လျှောက်မှ ဝင်ရောက်လာသည့် တန်ချိန် ၂ သောင်းမှ ၃ သောင်းအထိ တင်ဆောင်နိုင်သော သင်္ဘောကြီးများ ဝင်ရောက်ဆိုက်ကပ်နိုင်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသည့်ဆန်များနှင့် ကုန်ပစ္စည်းများကို သင်္ဘောများဖြင့် ပြည်တွင်း၊ ပြည်ပသို့တင်ပို့နိုင်ပြီး ဧရာဝတီ တိုင်းဒေသကြီးအတွက် လိုအပ်သည့် ကုန်ပစ္စည်းများကိုလည်း သင်္ဘောများဖြင့် တင်ပို့နိုင်ကြောင်း။

 

ဆိပ်ကမ်းများတွင် သီလဝါ ဆိပ်ကမ်းသည် မိမိတို့နိုင်ငံအတွက် အရေးပါသည့် ဆိပ်ကမ်းတစ်ခုဖြစ်ပြီး ကုန်စည်များသယ်ယူ ပို့ဆောင်ရန်အတွက် ပိုမိုအဆင်ပြေသည့် ဆိပ်ကမ်းတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ဆိပ်ကမ်းလုပ်ငန်းများ တိုးတက်လာစေရေး ကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်း။

 

ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် ပတ်သက်၍ အာဆီယံတောင်ပိုင်း ကုန်းတွင်းလမ်းကို တည်ဆောက် နိုင်ရန်အတွက် အချို့နိုင်ငံများကလည်း စိတ်ပါဝင်စားမှုရှိသည်ကို သိရှိရကြောင်း၊ မြိတ်နှင့် ကော့သောင်းတို့တွင် ကော့သောင်းသည် နယ်စပ်ဂိတ်မှတစ်ဆင့် ကုန်သွယ်မှုများကို ဆောင်ရွက် နိုင်ကြောင်း၊ ခရီးသွားလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကော့သောင်းဒေသကို စဉ်းစား ဆောင်ရွက်သွားရန် လိုကြောင်း၊ ပုသိမ်၊ ရန်ကုန်၊ ထားဝယ်တို့ရှိ ဆိပ်ကမ်းများသည် အနာဂတ် ကာလတွင် မိမိတို့နိုင်ငံ၏ အဓိက ဆိပ်ကမ်းများဖြစ်လာမည် ဖြစ် ကြောင်း၊ ထားဝယ်ဆိပ်ကမ်းအား  နိုင်ငံတကာအတွက် ကုန်ပစ္စည်းများ Transit လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ရန်ကုန်မြို့နှင့် ပုသိမ်မြို့တို့ရှိ ဆိပ်ကမ်းများသည် မိမိတို့ ပြည်တွင်း ကုန်စည်ပို့ဆောင်ရေးများ အဆင်ပြေစေရန်အတွက် ဆောင်ရွက်ခြင်ဖြစ်ကြောင်း၊ ထို့ကြောင့် ဆိပ်ကမ်း လုပ်ငန်းများ အဆင်ပြေစေရေး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။

 

ကြည့်ရှုစစ်ဆေး

ထို့နောက် နိုင်ငံတော်သမ္မတသည် မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်း (MITT) အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။

 

ဆက်လက်ပြီး နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်း (Dry port) သို့ရောက်ရှိကြရာ အစည်းအဝေးခန်းမတွင် ပို့ဆောင်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးက ရွာသာကြီး ဘူတာယာဒ်ဝင်း တည်ဆောက်ရေးစီမံကိန်း အကောင်အထည် ဖော် ဆောင်ရွက်မည့် အခြေအနေများ၊ ကုန်းတွင်း ဆိပ်ကမ်း (Dry Port) ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ ရွာသာကြီး- မြစ်ငယ် - ရွာသာကြီး ကုန်သေတ္တာ ရထားပြေးဆွဲမှု အခြေအနေများ၊ ရွာသာကြီး ဘူတာအဝင်လမ်းဘေး မီးရထားပိုင်မြေနေရာ နယ်နိမိတ်အား ခြံစည်းရိုးကာရံပြီးစီးမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

 

ရှင်းလင်းတင်ပြမှုများ အပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များ မေးမြန်းပြီး စီမံကိန်းလုပ်ငန်း များ အကောင်အထည်ဖော်ဆောင် ရွက်ရာတွင် မြေနေရာများကို အကျိုးရှိရှိဖြင့် ကျစ်ကျစ်လျစ်လျစ် အသုံးချနိုင်ရေး စနစ်တကျ တွက်ချက် ဆောင်ရွက်သွားရန်လိုကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ခွင့်ပြုပေးထားသည့် မြေနေရာများကိုလည်း ခွင့်ပြုပေးထားသည့် လုပ်ငန်းရပ်များနှင့်အညီ မှန်မှန်ကန်ကန်ဖြင့် အသုံးချသွားနိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားကြရန် လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတသည် ကုန်းတွင်းဆိပ်ကမ်း (Dry Port) အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်၍ ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေကို လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ သတင်းစဉ်