နေပြည်တော် အောက်တိုဘာ ၁၄
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန သန်လျင်ရေနံချက်စက်ရုံ (အပိုင်း - ၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် သန်လျင်မြို့ရှိ အဆိုပါစက်ရုံနေရာ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးပြီး ဂုဏ်ပြုအမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးမြထွန်းဦး၊ ဒေါက်တာစိုးဝင်း၊ ဒေါက်တာ သက်သက်ဇင်၊ ဦးမင်းနောင်၊ ဦးကိုကိုလွင်၊ ဒေါက်တာ ချာလီသန်း၊ ဦးမျိုးသန့်၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း မှ အငြိမ်းစားအရာရှိကြီးများနှင့် စက်ရုံမှူးတာဝန်ထမ်းဆောင်ခဲ့ကြသူများ၊ တိုင်းရင်းသားလုပ်ငန်း ရှင်များ၊ Thanlyin Refinery Company နှင့် မိတ်ဖက်ကုမ္ပဏီများမှပညာရှင်များ၊ သန်လျင် ရေနံချက် စက်ရုံမှ ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည် တော်ကြီးများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတသည် အခမ်းအနားသို့ရောက်ရှိလာရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလွင်နှင့် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူလေးများက ရင်းနှီး နွေးထွေးစွာဖြင့် ကြိုဆိုနှုတ်ဆက် ကြသည်။
ထို့နောက် အခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူတို့က သန်လျင်ရေနံချက်စက်ရုံ (အပိုင်း - ၁) ဖွင့်ပွဲ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက သန်လျင်ရေနံချက်စက်ရုံ ပင်မထိန်းချုပ်ခန်း ဆိုင်းဘုတ်နှင့် ကမ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတသည် စက်ရုံပင်မထိန်းချုပ်ခန်းအတွင်းရှိ သန်လျင်ရေနံချက် စက်ရုံ (အပိုင်း-၁) ပုံစံငယ်နှင့် ယခင်သန်လျင် ရေနံချက်စက်ရုံ၏ ခေတ်အဆက်ဆက် မှတ်တမ်းဓာတ်ပုံများ၊ နိုင်ငံတော်အကြီးအကဲ လာရောက်စစ်ဆေးခဲ့သည့် မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် သန်လျင်ရေနံ ချက်စက်ရုံ၊ ပင်မထိန်းချုပ်ခန်းအတွင်း စက်စတင်လည်ပတ်နိုင်ရန်အတွက် ကုန်ကြမ်းများ စတင် ပို့လွှတ်မှုအား Digital နည်းပညာဖြင့် စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ပင်မထိန်းချုပ်ခန်းအတွင်း ကြည့်ရှု စစ်ဆေးကာ နိုင်ငံတော်သမ္မတက သန်လျင် ရေနံချက်စက်ရုံ (အပိုင်း-၁) စက်ရုံဧည့်သည်တော် မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးသည်။
ယင်းနောက် သန်လျင်ရေနံချက် စက်ရုံအတွင်း ဘာဂီယာဉ်ငယ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေး ကြပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက စက်သုံးဆီများ ထုတ်လုပ်သည့် နည်းစဉ်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ နိုင်ငံတော်သမ္မတက လိုအပ်သည်များ လမ်းညွှန် မှာကြားသည်။
ဆက်လက်ပြီး သန်လျင်ရေနံ ချက်စက်ရုံ (အပိုင်း-၁) ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းကို ကျင်းပ ပြုလုပ်ရာ ဦးစွာ နိုင်ငံတော် သမ္မတက သန်လျင်ရေနံချက် စက်ရုံ (အပိုင်း-၁) ဖွင့်ပွဲအခမ်းအနားကို Digital နည်းပညာ အသုံးပြု၍ဖွင့်လှစ်ပေးသည်။
ထို့နောက် နိုင်ငံတော်သမ္မတက သန်လျင်ရေနံချက်စက်ရုံ (အပိုင်း-၁) ဖွင့်ပွဲအထိမ်းအမှတ် ဂုဏ်ပြု အမှာစကား ပြောကြားရာတွင် ယနေ့အခမ်းအနားသည် စက်ရုံတစ်ရုံတည်ဆောက် ပြီးစီးမှုကို ဂုဏ်ပြု သည့် မှတ်တိုင်တစ်ခုသာမက နိုင်ငံတော်၏ စွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်၊ ပြည်တွင်းထုတ်လုပ်မှု စွမ်းရည်မြှင့်တင်ရန်နှင့် ရေရှည်တည်တံ့သည့် စွမ်းအင်လုံခြုံမှုကို တည်ဆောက်ရန်တို့အတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ် ဖြစ်ကြောင်း။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ဝန်ကြီးဌာန၏ နှစ် (၄၀) ပြည့် ပတ္တမြားရတု အခမ်းအနားနှင့် သန်လျင်ရေနံချက်စက်ရုံ ရာပြည့် အခမ်းအနားတို့ကို ကျင်းပနိုင်ခဲ့သကဲ့သို့ ယနေ့တွင်လည်း ရေနံ ချက် စက်ရုံသစ်ကို ဖွင့်လှစ်နိုင် ခဲ့ခြင်းသည် ဝန်ကြီးဌာနအတွက် ဂုဏ်ယူဖွယ်ရာ မှတ်တိုင်တစ်ခု ဖြစ်ကြောင်း၊ ယခုအောင်မြင်မှုကို အခြေခံပြီး နိုင်ငံတော်၏စွမ်းအင်ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာ စေရေးအတွက် ဆက်လက်ကြိုး ပမ်းဆောင်ရွက်သွားကြရမည် ဖြစ် ကြောင်း။
မိမိတို့နိုင်ငံသည် ရေနံလုပ်ငန်းနှင့် ပတ်သက်ပြီး ရှည်လျားသည့် သမိုင်းကြောင်းရှိခဲ့ကြောင်း၊ သမိုင်း မှတ်တမ်းများအရ ၁၈၇၁ ခုနှစ် ကတည်းက “ရန်ကုန်ရေနံ ကုမ္ပဏီ” အမည်ဖြင့် ရေနံချက် လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့သည်ကို လေ့လာသိရှိရကြောင်း၊ ထို့နောက် ၁၉၂၅ ခုနှစ်တွင် ဘီအိုစီ ကုမ္ပဏီလီမိတက်ကတစ်ရက်ကို ရေနံစိမ်းဂါလန် ၈ သိန်းချက်လုပ်နိုင်သည့် သန်လျင် ရေနံချက်စက်ရုံကို တည်ဆောက်ခဲ့ပြီး ပြည်တွင်းရေနံမြေများက ရရှိသည့်ရေနံစိမ်းများကို ပိုက်လိုင်းများဖြင့် ပို့ဆောင်ချက်လုပ်ပြီး ပြည်တွင်းသုံးစွဲမှုနှင့် ပြည်ပတင်ပို့မှုတို့အတွက် ဆောင်ရွက် ခဲ့ကြောင်း။
ဒုတိယကမ္ဘာစစ်ကာလအတွင်း ရေနံလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့ရ သော်လည်း ပြန်လည် ပြုပြင်တည်ဆောက်နိုင်ခဲ့ပြီး ၁၉၅၇ ခုနှစ်တွင် ရေနံချက်စက်ရုံကို ပြန်လည် လည်ပတ်နိုင်ခဲ့ကြောင်း၊ နောက်ပိုင်းတွင်လည်းစက်ရုံကို အဆင့်ဆင့်တိုးချဲ့တည်ဆောက်ခဲ့ကြောင်း၊ သို့သော် ကုန်ကြမ်းရရှိမှု၊ ထုတ်လုပ်မှုနည်းပညာ၊ ထုတ်ကုန်အရည်အသွေးနှင့် ဈေးကွက် လိုအပ်ချက်တို့အကြား ဟန်ချက်မညီပါက စက်ရုံတည်ရှိနေရုံဖြင့် ရေရှည်အောင်မြင်မှုကို မရနိုင် သည်ကို သင်ခန်းစာယူကြရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့ရေနံချက်စက်ရုံသစ်ကို တည်ဆောက် လည်ပတ်ရာတွင်လည်း စက်ရုံတည်ဆောက်ရေးတစ်ခုတည်းကိုသာ အာရုံစိုက်မနေဘဲ ကုန်ကြမ်း လုံလောက်မှု၊ ထုတ်လုပ်မှုစွမ်းဆောင်ရည်၊ ထုတ်ကုန်အရည်အသွေးနှင့် စီးပွားရေးအရ အကျိုးအမြတ် ရှိမှုတို့ကိုလည်း တစ်ပြိုင်တည်း စနစ်တကျ စီမံဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း။
ယနေ့တွင် စီမံကိန်းပထမ အဆင့် (Phase I) စက်ရုံသစ်ကို အကောင်အထည် ဖော်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယခုအောင်မြင်မှုသည် စီမံကိန်းတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျွမ်းကျင် ပညာရှင်များ၊ ကာယ၊ ဉာဏလုပ်သားများ၊ မိတ်ဖက်ကုမ္ပဏီကြီးများ၏ ကြိုးပမ်းအားထုတ် မှုများကြောင့် ဖြစ်ပေါ် လာခြင်းဖြစ်သဖြင့် သက်ဆိုင်သူ အားလုံးကိုအသိအမှတ်ပြု ဂုဏ်ပြုသည်ကို ပြောကြား လိုကြောင်း။
သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စက်ရုံလည်ပတ်မှု၊ ထုတ်လုပ်မှုစွမ်းဆောင်ရည်၊ စက်ပစ္စည်းပြုပြင်ထိန်းသိမ်းမှု၊ စွမ်းအင်သုံးစွဲမှုနှင့် ထုတ်ကုန်အရည်အသွေးတို့ကို စဉ်ဆက်မပြတ် စောင့်ကြည့် သုံးသပ်ကြရန် နှင့် သတ်မှတ်ထားသည့် ရည်မှန်းချက်များနှင့် လက်တွေ့ရလဒ်များ အကြား ကွာဟချက်ရှိပါက အကြောင်းရင်းများကို အချိန်မီဖော်ထုတ်ပြီး ပြင်ဆင်ဆောင်ရွက် ကြရန်မှာကြားလိုကြောင်း။
စီမံကိန်း ဒုတိယအဆင့် (Phase II)အနေဖြင့် တိုးချဲ့ရေနံချက် စက်ရုံကိုဆက်လက်အကောင် အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ ထိုအဆင့်တွင် ရည်မှန်းထားသည့် အဆင့်မြင့်စက်သုံးဆီများနှင့် ရေနံ ဓာတုထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် စက်ရုံတည်ဆောက်ရေး တစ်ခုတည်းကိုသာ အာရုံစိုက်၍ မရကြောင်း၊ စီမံကိန်းအဆင့် အားလုံးပြီးစီးပြီး စက်ရုံလည်ပတ်လာသည့်အခါ လက်တွေ့ထုတ် လုပ်နိုင်မည့်ပမာဏ၊ ထုတ်ကုန် အမျိုးအစား၊ ပြည်တွင်းဈေးကွက် လိုအပ်ချက်နှင့် ကုန်ကြမ်းရရှိနိုင် မှုတို့ကိုအခြေခံပြီး စီမံကိန်း၏ အကျိုးဖြစ်ထွန်းမှုကို သေချာစွာ စိစစ်သွားကြရန် လိုအပ်ကြောင်း။
မိမိအနေဖြင့် အလေးထား မှာကြားလိုသည်မှာ စက်ရုံစွမ်းရည် တိုးမြှင့်ရေးနှင့်အတူ စက်ရုံ၏ ရေရှည်လည်ပတ်နိုင်စွမ်း၊ စီးပွား ရေးအရ အကျိုးရှိမှုနှင့်ထုတ်ကုန် အရည်အသွေးတို့ကို တစ်ပြိုင်တည်း မြှင့်တင်သွားကြရန် ဖြစ်ကြောင်း၊ အဆိုပါရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်ရန် ပထမလိုအပ်ချက်မှာ ရေနံစိမ်းကုန်ကြမ်း လုံလောက်စွာရရှိရေးပင်ဖြစ်ကြောင်း၊ စက်ရုံစွမ်းရည် မည်မျှပင်မြင့်မြင့် ကုန်ကြမ်းမလုံ လောက်ပါက သတ်မှတ်ထားသည့် ထုတ်လုပ်မှု ရည်မှန်းချက်များကို မပြည့်မီနိုင်သောကြောင့် ပြည်တွင်း ရေနံထုတ်လုပ်မှုတိုးမြှင့်ရေး၊ ရရှိ နိုင်သည့် ရေနံစိမ်းများကို ထိရောက်စွာ အသုံးချနိုင်ရေးနှင့် လိုအပ်သည့် ကုန်ကြမ်းများကို စဉ်ဆက်မပြတ် ရရှိနိုင်ရေးတို့ အတွက် ဦးစားပေးဆောင်ရွက် သွားကြရန်ဖြစ်ကြောင်း။
ထို့ပြင် ပြည်တွင်းမှ ထုတ်လုပ်သည့် ရေနံစိမ်းနှင့် ပြည်ပမှရရှိနိုင်သည့် ကုန်ကြမ်းများကို ပေါင်းစပ် စီမံခန့်ခွဲပြီး စက်ရုံများ၏ လိုအပ်ချက်နှင့် ကိုက်ညီအောင် စီစဉ်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ထို့ပြင် ထုတ်လုပ်မှုတိုးမြှင့်နိုင်ရုံဖြင့် ပြည်သူများအတွက် အကျိုးကျေးဇူး အပြည့်အဝရရှိမည် မဟုတ် ကြောင်း၊ ထုတ်ကုန်များကို အချိန်မီနှင့် ထိရောက်စွာ ဖြန့်ဖြူးပေးနိုင်ရန်၊ ကုန်ကျစရိတ်များကိုလည်း ထိန်းချုပ်နိုင်ရန် အလေးထား ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
ပြည်တွင်း၌ စက်သုံးဆီ ထုတ်လုပ်မှု တိုးမြှင့်ရခြင်းသည် ပြည်ပမှတင်သွင်းမှုကို အစားထိုးနိုင်ရန် တစ်ခုတည်းအတွက် မဟုတ်ကြောင်း၊ နိုင်ငံခြားငွေ သုံးစွဲမှုကိုလျှော့ချနိုင်ရန် ပြည်တွင်း ကုန်ထုတ်လုပ် မှုကဏ္ဍများအတွက် လိုအပ်သည့်စွမ်းအင်ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် နိုင်ငံတော်အတွက် ရေရှည်တည်တံ့သည့် စီးပွားရေးအကျိုးအမြတ်များ ရရှိစေရန်လည်းဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါ ရည်မှန်းချက်များ အမှန်တကယ်အောင်မြင်ရန်အတွက် ကုန်ကြမ်းဝယ်ယူမှုမှ စတင်ပြီး ရေနံချက်လုပ်မှု၊ သိုလှောင်မှုနှင့် ဖြန့်ဖြူးမှုအထိ အဆင့်ဆင့်တိုင်းတွင် ကုန်ကျစရိတ်များကို ခြုံငုံသုံးသပ်ပြီး ထိရောက်စွာ စီမံခန့်ခွဲသွားကြရန် လိုအပ်ကြောင်း။
စွမ်းအင်လုံခြုံမှုရှိစေရန် ပြည်ပမှ စွမ်းအင်နှင့် ကုန်ကြမ်းများကို အလွန်အမင်းမှီခိုနေရခြင်းကို လျှော့ချရန်လိုအပ်ကြောင်း၊ ထို့အပြင်ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များကို သင့်လျော်သလို ပေါင်းစပ်အသုံးပြုရန်၊ စွမ်းအင် သိုလှောင်နိုင်မှုနှင့် အရေးပေါ် အခြေအနေများတွင် ထိရောက်စွာ တုံ့ပြန်နိုင်စွမ်းကို မြှင့်တင်ရန်လည်း လိုအပ်ကြောင်း၊ တစ်ချိန်တည်း၌ပင် စွမ်းအင်ကို အလေအလွင့် မရှိဘဲ ထိရောက်စွာ အသုံးပြုနိုင်ရေးကိုလည်း ဟန်ချက်ညီညီ ဆောင်ရွက်သွားကြရမည် ဖြစ် ကြောင်း။
ကမ္ဘာ့စွမ်းအင်ကဏ္ဍကို လေ့လာကြည့်မည်ဆိုပါက နည်း ပညာနှင့် ဈေးကွက်အခြေအနေ များသည် အလျင်အမြန်ပြောင်းလဲ တိုးတက်လျက်ရှိနေကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် လက်ရှိစွမ်းအင် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် ရေရှည်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်ခုစလုံးကို ဟန်ချက်ညီညီ စဉ်းစားဆောင် ရွက်သွားရန် လိုအပ်ကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဲ့သို့ စွမ်းအင် အရင်းအမြစ်များကိုလည်း ထိရောက်စွာ အသုံးချသွား ရမည်ဖြစ်သကဲ့သို့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အသုံးပြုရေး၊ စွမ်းအင်ချွေတာရေးနှင့် နည်းပညာအသစ်များ ဖော်ထုတ်အသုံးချရေး တို့ကိုလည်း တစ်ပြိုင်နက်တည်း အလေးထား ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း။
ထို့အပြင် ခေတ်မီရေနံချက် စက်ရုံတစ်ရုံ ရေရှည်အောင်မြင် ရန်အတွက် စက်ပစ္စည်းနှင့် နည်းပညာများ ခေတ်မီရုံဖြင့် မလုံလောက်ဘဲ အဆိုပါနည်းပညာများကို ထိထိရောက်ရောက် အသုံးချနိုင်သည့် ပြည်တွင်းပညာ ရှင်များနှင့် ကျွမ်းကျင်လုပ်သားများရှိရန်လည်း လိုအပ်ကြောင်း၊ ထို့ကြောင့် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနအနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး လုပ်ငန်းတစ်ရပ် အဖြစ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။
အလားတူ ဒစ်ဂျစ်တယ်စနစ်များ၊ အလိုအလျောက်ထိန်းချုပ်မှု စနစ်များနှင့် ဉာဏ်ရည်တု (AI) နည်းပညာများကိုလည်း လုပ်ငန်းလိုအပ်ချက်နှင့် ကိုက်ညီသည့် နေရာများတွင် အသုံးချသွားရန် လိုအပ်ကြောင်း၊ အထူးသဖြင့် စက်ပစ္စည်းများ မချို့ယွင်းမီ ကြိုတင်ခန့်မှန်းနိုင်ရန်၊ စွမ်းအင်ကို ထိရောက်စွာ အသုံးပြုနိုင်ရန်၊ ထုတ်လုပ်မှု အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့် နိုင်ရန်နှင့် ဘေးအန္တရာယ်ဖြစ်နိုင် ခြေများကို ကြိုတင်ဖော်ထုတ်နိုင်ရန် နည်းပညာများကို လက်တွေ့ အကျိုးရလဒ်ရရှိအောင် အသုံးချ သွားကြရမည်ဖြစ်ကြောင်း။
တစ်ချိန်တည်း၌ပင် ရေနံချက် လုပ်ငန်းသည်ဘေးအန္တရာယ် ဖြစ်နိုင်ခြေမြင့်မားသည့် စက်မှုလုပ်ငန်း တစ်ခု ဖြစ်သည့်အတွက် လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးကို အထူးအလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စက်ရုံလည်ပတ်မှု အဆင့်တိုင်း၌ အန္တရာယ်ဖြစ်နိုင်ခြေများကို ကြိုတင်စိစစ်ရန်၊ မီးဘေးနှင့် အရေးပေါ်အခြေအနေများအတွက် အသင့် ပြင်ဆင်ထားရန်၊ စက်ပစ္စည်းများကို ပုံမှန်စစ်ဆေးထိန်းသိမ်းရန်နှင့် ရေဆိုး၊ လေထု ညစ်ညမ်းမှုများကို ထိန်းချုပ်ရန် စနစ်တကျဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယင်းတို့သည် လုပ်ငန်းကို ရေရှည် တည်တံ့ပြီး ဘေးကင်းလုံခြုံစွာ လည်ပတ်နိုင်ရန် မဖြစ်မနေလိုအပ်သည့် အခြေခံအချက်များဖြစ် ကြောင်း။
ထုတ်လုပ်မှု ရည်မှန်းချက်များ ပြည့်မီအောင် ဆောင်ရွက်ရာတွင်လည်း ဘေးကင်းလုံခြုံရေးနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းများကို အလျှော့ပေး၍မရကြောင်း၊ ထို့ကြောင့် ဝန်ထမ်း တစ်ဦးချင်းစီ အနေဖြင့် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို တိတိကျကျလိုက်နာကြရန်လိုအပ်ကြောင်း၊ ထို့အပြင် အန္တရာယ်ဖြစ်နိုင်သည့် အခြေအနေများကိုလည်း အချိန်မီ သတင်းပို့တင်ပြနိုင်သည့် လုပ်ငန်း ခွင်ယဉ်ကျေးမှုတစ်ရပ်ကို အားလုံးဝိုင်းဝန်း တည်ဆောက်သွားကြ ရမည်ဖြစ်ကြောင်း။
ယနေ့ဖွင့်လှစ်လိုက်သည့် ရေနံချက် စက်ရုံသစ်သည် ပြည်တွင်း ရေနံချက်လုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် နိုင်ငံတော်၏ စွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း၊ ယင်းအောင်မြင်မှုကို အခြေခံပြီး နောက်ဆက်တွဲ စီမံကိန်းများကိုလည်း သတ်မှတ်ချိန်အတွင်းပြီးစီးရေး၊ အရည်အသွေးပြည့်မီရေးနှင့် စီးပွားရေးအရ အကျိုးရှိ စေရေး ဆက်လက်ကြိုးပမ်းဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်း။
စီမံကိန်း တည်ဆောက်ရေးနှင့် လည်ပတ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စက်ရုံဝန်ထမ်းများ၊ ကျွမ်းကျင ပညာရှင်များ၊ Thanlyin Refinery Company နှင့် မိတ်ဖက်ကုမ္ပဏီများမှ ပညာရှင်များနှင့် လုပ်သားများအားလုံး၏ ကြိုးစားအားထုတ် မှုကို အသိအမှတ်ပြု ချီးကျူးလိုပါကြောင်း၊ ရှေ့ဆက်ဆောင်ရွက်ကြမည့် စီမံကိန်းအဆင့်များကိုလည်း ယခုကဲ့သို့ပင် စည်းစည်းလုံးလုံး၊ တာဝန်ယူမှုရှိရှိဖြင့် မိမိတို့၏ကျွမ်းကျင်မှုများကို အပြည့်အဝ အသုံးချပြီး အောင်မြင်အောင် ဆက်လက်အကောင်အထည်ဖော် သွားကြရန် တိုက်တွန်းလိုကြောင်း။
လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုကုန်ထုတ်လုပ်မှုနှင့် ပြည်သူများ၏ နေ့စဉ်လူမှုဘဝအတွက် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ ထို့ကြောင့် စွမ်းအင်စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် ထုတ်လုပ်မှုစွမ်းရည် မြှင့်တင်ရေး၊ ကုန်ကျစရိတ်သက်သာပြီး ထိရောက်မှုရှိရေး၊ နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး၊ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကို ဟန်ချက် ညီညီ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။
ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ် ဓာတ်အား၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့၊ ရေနံချက်လုပ်ရေးနှင့် ရေနံဓာတု ဗေဒကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်ရာတွင် လက်တွေ့အကောင် အထည်ဖော်နိုင်မှုနှင့် ရေရှည် အကျိုးရှိမှုကို အဓိကထားပြီး နိုင်ငံတော်နှင့် ပြည်သူများအတွက် အကျိုးရှိသည့်ရလဒ်များ ရရှိလာ အောင် ကြိုးပမ်းဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် “နိုင်ငံတော်အတွက် စွမ်းအင်ဖူလုံ မှုမှသည် စွမ်းအင်အမှီအခိုကင်း ရေးအထိ” ဟူသည့် ရည်မှန်းချက် ကို အကောင်အထည်ဖော်နိုင်ရန် စွမ်းအင်ဖူလုံရေး၊ စွမ်းအင်လုံခြုံ ရေးနှင့် ရေရှည်တည်တံ့သည့် စွမ်းအင်ဖွံ့ဖြိုးရေးတို့ကို အခြေခံပြီး လုပ်ငန်းစဉ်တစ်ခုချင်းစီကို စနစ်တကျ၊ အစီအစဉ်တကျဖြင့် ခိုင်ခိုင်မာမာ ဆက်လက်အကောင် အထည်ဖော်သွားကြရန် တိုက်တွန်း မှာကြားလိုကြောင်း။
ရှင်းလင်းတင်ပြ
ဝန်ထမ်းများအားလုံး၏ စုစည်းညီညွတ်သည့် အင်အား၊ တာဝန်ယူမှု၊ ဆန်းသစ်တီထွင်လိုစိတ်နှင့် စဉ်ဆက်မပြတ် လေ့လာသင်ယူမှုတို့ဖြင့် နိုင်ငံတော်နှင့် ပြည်သူများ အတွက်အကျိုးရှိသည့် စွမ်းအင် ဆိုင်ရာလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ကြပါစေရန်နှင့် “စွမ်းအင်ပြည့်ဖြိုး နိုင်ငံ့အကျိုး” ဟူသော ဝန်ကြီးဌာန၏ ဆောင်ပုဒ်နှင့်အညီ စွမ်းအင်ဖူလုံရေးနှင့် စွမ်းအင်လုံခြုံရေးဆိုင်ရာလုပ်ငန်း စဉ်များကို အောင်မြင်စွာဖြည့်ဆည်း ဆောင်ရွက်နိုင်ကြပါစေရန် ဆုမွန်ကောင်းတောင်းပါ ကြောင်းပြောကြားသည်။
ယင်းနောက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက သန်လျင်ရေနံချက်စက်ရုံ (အပိုင်း - ၁) အကောင်အထည် ဖော်တည်ဆောက်ခဲ့မှု အခြေအနေ နှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် သန်လျင်ရေနံ ချက်စက်ရုံ (အပိုင်း-၁) အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု မှတ်တမ်းဗီဒီယိုအား ကြည့်ရှုကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက သန်လျင်ရေနံချက်စက်ရုံ (အပိုင်း-၁) ဖွင့်ပွဲ အခမ်းအနား အထိမ်းအမှတ် စက်ရုံပုံစံငယ်အား ဂါရဝပြု ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတ က သန်လျင်ရေနံချက်စက်ရုံ (အပိုင်း-၁) အောင်မြင်စွာ အကောင်အထည်ဖော် တည်ဆောက်ခဲ့သည့် ပညာရှင်များအား အမှတ်တရဂုဏ်ပြု သစ်သီးခြင်း လက်ဆောင်ကို ပေးအပ်သည်။
အခမ်းအနား အပြီးတွင် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် သန်လျင်ရေနံချက် စက်ရုံအပိုင်း(၂) တည်ဆောက် မည့်နေရာသို့ သွားရောက်ကြပြီး သန်လျင်ရေနံချက်စက်ရုံ အပိုင်း (၂) တည်ဆောက်ရေး စီမံကိန်း ရှင်းလင်းဆောင်၌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သန်လျင် ရေနံချက် စက်ရုံ အပိုင်း (၂) အား ဆက်လက် အကောင်အထည်ဖော် တည်ဆောက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ နိုင်ငံတော်သမ္မတက လိုအပ်သည်များ လမ်းညွှန် မှာကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် သန်လျင်ရေနံချက်စက်ရုံ ရာပြည့်အထိမ်းအမှတ် အဖြစ် ဖွင့်လှစ်ထားသည့် စွမ်းအင်ပြတိုက် (Energy Museum) အတွင်း ပြသထားသည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုသမိုင်းကြောင်း ဆိုင်ရာပြကွက်များနှင့် ပစ္စည်းများ ခင်းကျင်းပြသ ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။ သတင်းစဉ်







