မကွေးမြို့၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

မကွေး အောက်တိုဘာ ၁၃

 

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာနှင့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် မှတ်တမ်း ဗီဒီယိုကို ပြသပြီး မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများက ခန်းမအတွင်း ခင်းကျင်းပြသထားသော အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် ပြခန်းငယ်များအား လိုက်လံကြည့်ရှုပြီး အယ်လ်နီညိုအန္တရာယ် ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။

 

ထို့ပြင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ယခုနှစ်အတွက် သတ်မှတ်ထားသည့် ဆောင်ပုဒ် မှာ “Resilience Starts at Home” “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့ နေအိမ်များမှ စတင်စို့”ဖြစ်ပြီး မိသားစု တစ်စုချင်းစီမှအစပြု၍ သဘာဝဘေးဆိုင်ရာ အသိပညာများရရှိကာ မိမိနေအိမ်နှင့် ရပ်ရွာအတွင်း ထိခိုက်ဆုံးရှုံးမှုများ လျှော့ချနိုင်ရေးကို ရည်ရွယ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ကို ကြိုတင်တားဆီး၍ မရနိုင်သော်လည်း စီမံခန့်ခွဲမှုနှင့် ကြိုတင် ပြင်ဆင်မှုကောင်းမွန်ပါက ဆုံးရှုံး မှုများ လျှော့ချနိုင်မည်ဖြစ်သဖြင့် ဗဟိုမှစ၍ မြို့နယ်အဆင့်အထိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ ဖွဲ့စည်းထားပြီး မိမိတို့ကျရာကဏ္ဍမှ မိမိတို့ နေအိမ်မှစတင်ကာ ဘေးဒဏ် ခံနိုင်ရည်ရှိသော လူ့အသိုင်းအဝိုင်း ဖြစ်လာစေရေး ဝိုင်းဝန်းကြိုးပမ်းကြရန် တိုက်တွန်းပြောကြားသည်။

 

မောင်ခိုင်မင်း(ပြန်/ဆက်)