ပြည် အောက်တိုဘာ ၁၃
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ထမ္မကောက်ကျေးရွာအုပ်စု၌ တောင်သူ ဦးအောင်ကို၏ ဆီထွက် ပဲပုပ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် အတူ ယမန်နေ့ မွန်းလွဲပိုင်းက ကြည့်ရှုအားပေးပြီး ဒေသခံ တောင်သူများနှင့် တွေ့ဆုံ၍ ဆီထွက်ပဲပုပ်အား တစ်ကွင်း တစ်ဆက်တည်း တိုးချဲ့စိုက်ပျိုးရန်နှင့် သဘာဝရွက်ဖျန်းမြေဩဇာသုံးစွဲနိုင်ရေး တိုက်တွန်းပြောကြားသည်။
ကြည့်ရှုအားပေး
ထို့နောက် အနောက်လက်ခုပ်ပင် ကျေးရွာအုပ်စု၌ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ထုတ်လုပ်ထားသည့် နေရောင်ခြည် စွမ်းအင်သုံး လက်တွန်းထွန်စက်ဖြင့် တွဲဖက်သုံး သီးနှံမျိုးစုံ မျိုးစေ့ချစက် စမ်းသပ် မောင်းနှင်နေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ KK3 ကြံစိုက်ခင်း အောင်မြင် ဖြစ်ထွန်းနေမှုကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ပြည်မြို့ ဂန္ဓမာ စက်မှုဇုန်ရှိ ဦးမျိုးသန့်၏ “ရွှေကြက်ဖကြီး” တိရစ္ဆာန်အစာ ထုတ်လုပ်ရေးအလုပ်ရုံနှင့် နဝဒေး စက်မှုဇုန်ရှိ ဦးပီတူး၏ ပဲခွဲစက် လည်ပတ်နေမှုနှင့် တိုးချဲ့စက် တပ်ဆင်နေမှု၊ စွန့်ပစ်ပလတ်စတစ် ပစ္စည်းများဖြင့် လူသုံးကုန်ပစ္စည်း အမျိုးမျိုးထုတ်လုပ်လျက်ရှိသော လုပ်ငန်းရှင် ဦးဇေယျာထွန်း၏ “ရွှေလိပ်ပြာ” အလုပ်ရုံတို့ကို သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ကွန်ပျူတာ တက္ကသိုလ် (ပြည်)သို့ ရောက်ရှိပြီး ပါမောက္ခချုပ် ဆရာမကြီးက ကွန်ပျူတာတက္ကသိုလ်(ပြည်)၏ အချက်အလက်များ ရှင်းလင်း တင်ပြမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေး၍ အားကစားပစ္စည်းများ ပေးအပ်ခဲ့သည်။ ထို့နောက် စာကြည့်တိုက်၊ သင်ကြားရေးခန်းနှင့် ကွန်ပျူတာ တက္ကသိုလ် (ပြည်)မှ ဆောင်ရွက်ထားသည့် Project များကို လှည့်လည်ကြည့်ရှု အားပေးပြီး ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


