နေပြည်တော် အောက်တိုဘာ ၁၃
တိုင်းဒေသကြီးမှ သတ်မှတ်ရွေးချယ်ထားသည့် ဒေသတစ်ခုထုတ်ကုန်တစ်ခု (OROP) လုပ်ငန်းစဉ်များ အောင်မြင်စေရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဒေသတွင်းမှ ထွက်ရှိသည့် ရော်ဘာထွက်ကုန်များ၊ ရေထွက်ကုန်ပစ္စည်းများ စသည့်ကုန်ကြမ်းပစ္စည်းများကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ရေး အမြဲမပြတ် စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ယမန်နေ့ညနေပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
ထို့ပြင် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များကို သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်း ဥပဒေ၊ အမိန့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်း၊ ဝန်ထမ်းကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးက မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနအောက်ရှိ မြန်မာ့ ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ စက်ရုံမှူးများ၊ ဦးစီးဌာနမှူး၊ တာဝန်ခံများနှင့် တွေ့ဆုံပြီး ရန်ကုန်တိုင်းဒေသကြီးသည် စက်မှုဇုန်နှင့် စက်မှု လုပ်ငန်းများ ပေါများစွာတည်ရှိသဖြင့် စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်ဆေးကြပ်မတ် ထိန်းကျောင်းသည့် လုပ်ငန်းစဉ်များကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် ရလဒ်ကောင်းများ ထွက်ရှိအောင် ကြိုးစားဆောင်ရွက်ရမည် ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် ဦးဆောင်ညွှန်ကြားရေးမှူး၊ စက်ရုံမှူး၊ ဦးစီးဌာန လုပ်ငန်းတာဝန်ခံများက မိမိတို့ သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက စက်ရုံ၊ ဦးစီးဌာနအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် လိုက်နာ ဆောင်ရွက်ရမည့် အချက်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


