M-League ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲတွင် Galaxy အသင်း နိုင်ပွဲရရှိ

ရန်ကုန်    အောက်တိုဘာ     ၁၃

၂၀၂၆  M-League ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် ၁၉ ဒုတိယနေ့ကို အောက်တိုဘာ ၁၄ ရက်က YUSC ကွင်း၌ကျင်းပရာ Galaxy အသင်းက သစ္စာအားမာန်အသင်းကို သုံးဂိုး - နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

မြန်မာ ယူ-၁၇ လူငယ်လက်ရွေးစင်အသင်းဖြစ်သော Galaxy အသင်းသည် အပြန်အလှန်သွင်းဂိုးများဖြင့် သစ္စာအားမာန်အသင်းကို အနိုင်ယူကာ အမှတ်ပြည့်ရယူနိုင်ခဲ့သည်။  Galaxy အသင်းသည် ယခုပွဲအနိုင်ရခဲ့သဖြင့် သစ္စာအားမာန် အသင်းနှင့် ရမှတ်တူသွားပြီး  ထိပ်ဆုံး ခုနစ်သင်းစာရင်းဝင်ရန် မျှော်လင့်ချက်ရှိလာသည်။ ပွဲအစလေးမိနစ်တွင် စိုင်းမင်းအောင်က Galaxy အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူသော်လည်း ၂၁ မိနစ်တွင် စောအောင်မျိုးက သစ္စာအားမာန်အသင်းအတွက် ချေပဂိုးပြန်သွင်းသဖြင့် ပထမပိုင်းအပြီးတွင် တစ်ဂိုးစီသရေကျနေသည်။ ဒုတိယပိုင်းအစ ၅၁၊ ၅၅ မိနစ်တွင် အသင်းခေါင်းဆောင် အောင်မြတ်သာက  Galaxy အသင်းအတွက် နှစ်ဂိုးဆက်သွင်းယူခဲ့ပြီး ၇၂ မိနစ်တွင် စောအောင်မျိုးက သစ္စာအားမာန်အသင်းအတွက် ချေပဂိုးတစ်ဂိုးသာပြန်သွင်းနိုင်သဖြင့်  Galaxy အသင်း အနိုင်ရခဲ့ခြင်းဖြစ်သည်။

ပွဲစဉ် ၁၉ နောက်ဆုံးနေ့ကို အောက်တိုဘာ ၁၄ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး တောင်ဒဂုံကွင်း၌ ရန်ကုန်စီးတီးအသင်းနှင့် ရတနာပုံအသင်း၊ သီဟဒီပကွင်း၌ မြဝတီအသင်းနှင့် စစ်ကိုင်းယူနိုက်တက်အသင်း၊ ဗဟန်းကွင်း၌ ဟံသာဝတီယူနိုက်တက်အသင်းနှင့် အား/ကာသိပ္ပံအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း-ကိုညီလေး

ဓာတ်ပုံ-ML