တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်ကစား

နေပြည်တော်  အောက်တိုဘာ    ၁၃

တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများကို    လက်ရွေးစင်အားကစားသမားများမှတစ်ဆင့် နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်သည့် မြန်မာ့လက်ရွေးစင်အားကစားသမားများအဖြစ်  တက်လှမ်းနိုင်စေရန်နှင့်  မျိုးဆက်သစ်လူငယ် အားကစားသမားကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ကျင်းပလျက်ရှိရာ ၂၀၂၆ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာ အားကစားနည်းများအလိုက် သတ်မှတ်ထားသော   အားကစားကွင်းများနှင့် အားကစားရုံများတွင် ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖလား၊(၃၃)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ)တိုက်ကွမ်ဒိုပြိုင်ပွဲတွင် အဆင့်အလိုက် ဖယ်သာဝိတ်တန်း ဗိုလ်လုပွဲ ပွဲစဉ်များ၊  မစ်ဒယ်ဝိတ်တန်းဗိုလ်လုပွဲ ပွဲစဉ်များ၊   ဟဲဗီးဝိတ်တန်း ဗိုလ်လုပွဲ ပွဲစဉ်များကို  ဇေယျာသီရိ  တပ်မတော်အားကစားရုံ(A)၌  ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင်   ပထမ၊   ဒုတိယ၊   တတိယ ရရှိကြသူများကို တပ်မတော်တိုက်ကွမ်ဒို ကော်မတီမှတာဝန်ရှိသူများက  ဆုများပေးအပ်ချီးမြှင့်ကြသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) အမျိုးသား/ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး  တတိယနေရာလုပွဲ ပွဲစဉ်များကို  ဇေယျာသီရိ တပ်မတော်အားကစားရုံ(B)၌ ယှဉ်ပြိုင်ကစားကြရာ အမျိုးသားပွဲစဉ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းနှင့်  နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့  ယှဉ်ပြိုင်ကစားကြပြီး  အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းက  နေပြည်တော် တိုင်းစစ်ဌာနချုပ်  ကိုယ်စားပြုအသင်းကို ၃ ပွဲပြတ်ဖြင့်လည်းကောင်း၊ အမျိုးသမီးပွဲစဉ်တွင်   ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စခန်းမှူးရုံး ကိုယ်စားပြုအသင်းနှင့်  အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့  ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)စခန်းမှူးရုံး ကိုယ်စားပြုအသင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းကို ၃ ပွဲ၊၂ ပွဲဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိပြီး   တတိယနေရာများရရှိသည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ (၃၃)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မြန်မာ့သိုင်းပြိုင်ပွဲ၊အမျိုးသားဗန်တို အတိုက်(ခ)တန်း ဗိုလ်လုပွဲ ပွဲစဉ်၊  အမျိုးသားပန်ကြပ်ဆီလပ် အတိုက် (ခ)တန်း ဗိုလ်လုပွဲ ပွဲစဉ်၊ အမျိုးသားဓားနှစ်လက် အတိုက်(ခ)တန်း ဗိုလ်လုပွဲ ပွဲစဉ်များကို   ဇေယျာသီရိ တပ်မတော်အားကစားရုံ(C)၌  ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင်  ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများကို တပ်မတော် မြန်မာ့သိုင်းကော်မတီမှ တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြသည်။

ထို့ပြင်  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း၊ (၅၆)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ)လက်ဝှေ့ ပြိုင်ပွဲတွင်   ကီလိုတန်းအလိုက် လူသစ်တန်း၊   ဗိုလ်လုပွဲ ပွဲစဉ်များကို နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း   တပ်နယ်အားကစားခန်းမ၌ ယှဉ်ပြိုင်ကစားကြသည်။

ထို့အတူ ၂၀၂၆ ခုနှစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား  (၆၃)ကြိမ်မြောက် အလွတ်တန်းအဆင့် ဘောလုံးပြိုင်ပွဲကို  ညနေပိုင်းတွင်  ဇေယျာသီရိ တပ်မတော်အားကစားကွင်း၌ ပြုလုပ်ရာ တတိယနေရာလုပွဲ  ပွဲစဉ်အဖြစ် နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းနှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့  ယှဉ်ပြိုင်ကစားကြသည်။

ပြိုင်ပွဲ ပထမပိုင်းတွင် နှစ်သင်းလုံးသည်   တတိယနေရာသို့   တက်ရောက်လာကြသောအသင်းများဖြစ်သည့်အလျောက် တစ်ဖက်နှင့်တစ်ဖက် ဂိုးမပေးရရေးအတွက် အကြိတ်အနယ်ကစားခဲ့ကြပြီး ပွဲကစားချိန် ၁၀ မိနစ်တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းမှ ကျောနံပါတ် ၇ ကဦးဆောင်ဂိုး စတင်သွင်းယူနိုင်ခဲ့ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းအနေဖြင့်လည်း ချေပဂိုးပြန်လည်သွင်းယူနိုင်ရေးအတွက် ထိုးဖောက်တိုက်စစ်ဆင်ကစားခဲ့ပြီး ပွဲကစားချိန်  ၁၂ မိနစ်တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းမှ ကျောနံပါတ် ၉ က ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ကြောင်း၊  နေပြည်တော်တိုင်းစစ်ဌာနချုပ်အသင်းကလည်း အနိုင်ဂိုး ပြန်လည်ရရှိနိုင်ရေးအတွက်  ထိုးဖောက် တိုက်စစ်ဆင်ကစားခဲ့ရာ ပွဲကစားချိန် ၂၁ မိနစ်တွင် ဒုတိယဂိုးထပ်မံသွင်းယူနိုင်ခဲ့သဖြင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်  ကိုယ်စားပြုအသင်းကို    နှစ်ဂိုး-  တစ်ဂိုး  ရလဒ်ဖြင့်   ပထမပိုင်းပြီးဆုံးခဲ့သည်။

ဒုတိယပိုင်းတွင် နှစ်သင်းလုံး အားအင်အပြည့်ဖြင့် ယှဉ်ပြိုင်ကစားခဲ့ရာ နေပြည်တော်တိုင်းစစ်ဌာနချုပ်အသင်းက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အသင်းဘက်ကို ဘောလုံးပိုင်ဆိုင်မှုအသာစီးဖြင့် ကစားခဲ့ပြီး ဒုတိယပိုင်းမိနစ် ၆၀ တွင် လည်းကောင်း၊ ၇၆ မိနစ်တွင်လည်းကောင်း၊ ၈၄ မိနစ်တွင် လည်းကောင်း၊ ဒုတိယပိုင်းပြီးဆုံးခါနီး  မိနစ် ၉၀ တွင် လည်းကောင်း ဂိုးများ ဆက်တိုက်ထပ်မံသွင်းယူနိုင်ခဲ့သဖြင့် ဒုတိယပိုင်းပြီးဆုံးချိန်တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းကို  ၆   ဂိုး - ၁ ဂိုး ရလဒ်ဖြင့် နေပြည်တော်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအသင်းက  တတိယရရှိခဲ့သည်။

အဆိုပါအားကစားပြိုင်ပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ  တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။     

သတင်းစဉ်