ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့ နေအိမ်များမှ စတင်စို့

မြန်မာနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ထိခိုက်ဆုံးရှုံးနိုင်ခြေညွှန်းကိန်းအရ ထိခိုက်ဆုံးရှုံးနိုင်ခြေ အမြင့်မားဆုံးနိုင်ငံ ၁ဝ နိုင်ငံအနက် ဆဋ္ဌမမြောက်နေရာတွင် ပါဝင်နေသည့်နိုင်ငံဖြစ်သည်။ ရှည်လျားသည့်ပင်လယ်ကမ်းရိုးတန်းများ၊ နိုင်ငံတစ်ဝန်းတွင်ရှိနေသည့် မြစ်ချောင်းများ၊ တောင်ကုန်းတောင်တန်းများ၊ နိုင်ငံ၏အလယ်တွင် ကျောရိုးသဖွယ် မြောက်မှတောင်သို့ တန်းလျက်ရှိနေသော ရှင်သန်နေဆဲဖြစ်သည့် စစ်ကိုင်းပြတ်ရွေ့နှင့် အခြားပြတ်ရွေ့ငယ်များ စသည့် ပထဝီအနေအထားတို့အရ မုန်တိုင်းတိုက်ခတ်ခြင်း၊ ဆူနာမီလှိုင်းရိုက်ခတ်ခြင်း၊ ရေကြီးရေလျှံခြင်း၊ တောင်ပြိုမြေပြိုခြင်း၊ ရုတ်တရက်ရေကြီးခြင်း၊ မိုးကြိုးပစ်ခြင်း၊ ငလျင်လှုပ်ခြင်း၊ တောမီးလောင်ခြင်းစသည့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ ဖြစ်ပေါ်လေ့ရှိသည်။

 

အထက်ပါ သဘာဝဘေးအန္တရာယ်များအပြင် လက်နက်ကိုင်ပဋိပက္ခများ၊ အကြမ်းဖက်တိုက်ခိုက်မှုများ စသည့် လူလုပ်ဘေးအန္တရာယ်များကိုလည်း မြန်မာနိုင်ငံသူနိုင်ငံသားတို့ ရင်ဆိုင်ကြုံတွေ့နေကြရသည်။ သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့် မိမိတို့နိုင်ငံအနေဖြင့် အနာဂတ်ကာလတွင် ဘေးအန္တရာယ်အသစ်များ ဆက်လက်ကျရောက်နေမည်ဖြစ်ပြီး အသက်အိုးအိမ်စည်းစိမ်များနှင့် အလုပ်အကိုင်များ သိသာစွာထိခိုက်ဆုံးရှုံးနိုင်သည်။ သဘာဝဘေးအန္တရာယ်များကြောင့် ဆုံးရှုံးနိုင်ခြေသည် နှစ်စဉ်တစ်မျိုးသားလုံး အသားတင်ထုတ်လုပ်မှုတန်ဖိုး၏ ၃ ရာခိုင်နှုန်းခန့်ဖြစ်ရာ ရေရှည်တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအပေါ် သက်ရောက်မှုကြီးမားစေနိုင်သည်။

 

ကုလသမဂ္ဂနှင့် နိုင်ငံတကာသုတေသနအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များအရ ကမ္ဘာတစ်ဝန်းတွင် သဘာဝဘေးအန္တရာယ်များကြောင့် လူသားတို့ နှစ်စဉ်ရင်ဆိုင်ကြုံတွေ့နေရသည့် ထိခိုက်ဆုံးရှုံးမှုများမှာ အလွန်မြင့်မားလျက်ရှိသည်ဟုဆိုသည်။ ငလျင်နှင့် ဆူနာမီကဲ့သို့သော ကပ်ဘေးများသည် လူသေဆုံးမှုအများဆုံးဖြစ်စေပြီး ရာသီဥတုဖောက်ပြန်မှုကြောင့်ဖြစ်ပေါ်သည့် အပူလှိုင်းဖြတ်ခြင်း ကဲ့သို့သော ဘေးအန္တရာယ်ကြောင့် သေဆုံးရသူလည်း ပိုမိုများပြားလာနေသည်။ ကမ္ဘာတစ်ဝန်း သဘာဝဘေးအန္တရာယ်များကြောင့် နှစ်စဉ် ပျမ်းမျှ လူ ၆၀၀၀၀ ခန့် အသက်ဆုံးရှုံးနေရပြီး သန်း ၁၅၀ မှ သန်း ၂၀၀ ကျော်တို့မှာ ဒဏ်ရာရခြင်း၊ အိုးအိမ်ပျက်စီးခြင်း၊ အရေးပေါ် အကူအညီလိုအပ်ခြင်းတို့ ကြုံတွေ့နေရသည်ဟုဆိုသည်။ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်များကြောင့် လူဦးရေ သန်း ၂၅၀ ခန့် (တစ်ရက်လျှင် ပျမ်းမျှလူ ၇၀၀၀၀ ခန့်) နေရပ်စွန့်ခွာခဲ့ကြရကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အစီရင်ခံစာများတွင် ဖော်ပြခဲ့သည်။ ထို့ပြင် သဘာဝဘေးများကြောင့် ကမ္ဘာလုံးဆိုင်ရာ စုစုပေါင်း စီးပွားရေးထိခိုက်မှုမှာ နှစ်စဉ် ဒေါ်လာ ၂ ဒသမ ၃ ထရီလီယံခန့် ရှိနိုင်ကြောင်းလည်း ခန့်မှန်းထားသည်။

 

ကုလသမဂ္ဂသည် သဘာဝဘေးအန္တရာယ်များကြောင့် အများပြည်သူ၏ အသက်အိုးအိမ်စည်းစိမ်နှင့် ထိခိုက်ဆုံးရှုံးမှုများကို လျှော့ချရန်၊ လူမှုအသိုင်းအဝိုင်းများ၏ သဘာဝဘေးဒဏ်ခံနိုင်ရည်စွမ်းအား တိုးတက်မြင့်မားလာစေရန်၊ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရန်ဟူသော ရည်ရွယ်ချက်များဖြင့် နှစ်စဉ် အောက်တိုဘာလ ၁၃ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ (International Day for Disaster Risk Reduction) အဖြစ် သတ်မှတ်ထားသည်။ ယခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့၏ဆောင်ပုဒ်မှာ “Resilience Starts at Home - ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့ နေအိမ်များမှ စတင်စို့” ဟူ၍ဖြစ်ပြီး သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်တုံ့ပြန်နိုင်ရေး၊ ကြိုတင်ပြင်ဆင်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့တွင် ဘေးဒဏ်ခံနိုင်ရည်ရှိသည့် အဆောက်အအုံ၊ မိသားစုနှင့် လူမှုအသိုက်အဝန်းများကို ဦးစွာတည်ဆောက်ရန်တိုက်တွန်းနှိုးဆော်ထားခြင်းဖြစ်သည်။

 

သဘာဝဘေးအန္တရာယ်များ ကျရောက်လာသည့်အခါ အိမ်ထောင်စုတစ်ခုချင်းစီသည် ပထမဆုံးထိခိုက်ခံစားရသည့် ရှေ့တန်းမျက်နှာစာဖြစ်သကဲ့သို့ ဘေးဒဏ်များကို ကြံ့ကြံ့ခံနိုင်ရည်ရှိအောင် တည်ဆောက်ရမည့် အခြေခံအကျဆုံး ဗဟိုအချက်အချာလည်း ဖြစ်သည်။ ဘေးအန္တရာယ်များကို လျှော့ချနိုင်ရန် မိမိတို့အိမ်မှနေ၍ လက်တွေ့ကျကျ စတင်ပြင်ဆင်နိုင်သည်။ သတိပေးချက်များကို မျက်ခြည်မပြတ်ခြင်း၊ အရေးပေါ်အစီအစဉ်များ ပြင်ဆင်ထားခြင်း၊ အိမ်တွင်းအန္တရာယ်များလျှော့ချထားခြင်း၊ ဘေးဒဏ်ခံနိုင်သော အိုးအိမ်များကို တည်ဆောက်ခြင်းတို့က သဘာဝဘေးအန္တရာယ်များကို ခံနိုင်ရည်မြင့်မားစေမည်ဖြစ်သည်။

 

သဘာဝဘေးဒဏ် ကြံ့ကြံ့ခံနိုင်စွမ်းကို တစ်အိမ်ချင်းစီမှ အစပြုကာ နိုင်ငံတော်အဆင့်အထိ အဆင့်ဆင့်ကြိုးပမ်းတည်ဆောက်သွားခြင်းအားဖြင့် အနာဂတ်ကာလတစ်လျှောက် ရင်ဆိုင်ကြုံတွေ့ကြရမည်ဖြစ်သည့် အမျိုးမျိုးသောသဘာဝဘေးအန္တရာယ်များကို ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြင့် ကျော်လွှားနိုင်ကြပါမည့်အကြောင်း။ ။