တရုတ်အိုးပင်းအမျိုးသမီး နှစ်ယောက်တွဲဖလား ဒါဘောစကီးနှင့် စတက်ဖနီအတွဲ ဆွတ်ခူး

တရုတ်အိုးပင်းတင်းနစ်အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို ယမန်နေ့က တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပခဲ့ရာ ဂါဘရီ ရယ်လာ ဒါဘောစကီး(ကနေဒါ)နှင့် လူစီယာစတက်ဖနီ(ဘရာဇီး)အတွဲက ကျန်းရွှေ(တရုတ်)နှင့် ကာထရီနာ ဆီနီယာကိုဗာ(ချက်ဇ်)အတွဲကို ၆-၁၊ ၆-၂ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ဖလားဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါဖလားမှာ ဒါဘောစကီးနှင့် လူစီယာ စတက်ဖနီ အတွဲအတွက် ယခုနှစ်အတွင်း  ငါးကြိမ်မြောက်  ဆွတ်ခူးရရှိသော ဖလားဖြစ်သည်။  ထို့ပြင် ဒါဘောစကီးအတွက် ၎င်း၏ တင်းနစ်ကစားသမားဘဝတစ်လျှောက်  (၂၅)ကြိမ် မြောက်   နှစ်ယောက်တွဲဆွတ်ခူးနိုင်သည့်   ဖလားဖြစ်ပြီး တွဲဖက်စတက်ဖနီအတွက် တင်းနစ်ကစားသမားဘဝ  (၁၈)ကြိမ်မြောက် နှစ်ယောက်တွဲဆွတ်ခူးရရှိခဲ့သော  ဖလားဖြစ်သည်။ ယင်းဗိုလ်လုပွဲစဉ်မှာ  ၅၉ မိနစ်သာ  ကြာမြင့်ခဲ့ ကြောင်း သိရသည်။

ကျန်းရွှေနှင့် ဆီနီယာကိုဗာအတွဲသည် ယခုဗိုလ်လုပွဲစဉ် တွင် ရှုံးနိမ့်ခဲ့သည့်အတွက်  ၁၃  ပွဲဆက်  နိုင်ပွဲရရှိမှု   စံချိန် ရပ်တန့်ခဲ့သည်။ ပေကျင်းဗိုလ်လုပွဲသည် ၎င်းတို့အတူ တွဲဖက် ယှဉ်ပြိုင်သည့်  ခြောက်ကြိမ်မြောက် ထိပ်တန်းအဆင့် ပြိုင်ပွဲဖြစ်သည်။ ၎င်းတို့သည် ၂၀၂၄ ကွမ်ကျိုးအိုးပင်းပြိုင်ပွဲတွင် စတင်တွဲဖက်ကစားခဲ့ကြပြီး ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့သည်။ ထို့ပြင် ၎င်းတို့သည်  ယခုနှစ်အတွင်း ကျင်းပခဲ့သည့် အက်ဒီလိတ်နှင့် တိုရွန်တိုပြိုင်ပွဲတို့တွင်  နောက်ထပ် ချန်ပီယံဆုနှစ်ကြိမ် ဆွတ်ခူးရရှိထားသည်။                                                             

အောင်ဇော်