နေပြည်တော် အောက်တိုဘာ ၁၂
မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း စနစ်တကျနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်လာစေရေး၊ နိုင်ငံတကာ ခရီးသွားဈေးကွက် ပြန်လည်ဦးမော့လာစေရေး၊ နိုင်ငံတော်၏ စီးပွားရေးနှင့် ပြည်သူများ၏ လူမှုစီးပွား ဘဝကို ဘက်စုံအထောက်အကူပြုနိုင်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအကြား ဟန်ချက်ညီညီ ပူးပေါင်း လက်တွဲဆောင်ရွက်နိုင်ရေး ရည်ရွယ်ချက်များဖြင့် ဟိုတယ်နှင့် ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ရုံးအမှတ်(၃၃)၌ ကျင်းပသည်။
တွေ့ဆုံပွဲသို့ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်းသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုသည့် ကဏ္ဍတစ်ရပ်ဖြစ်ရုံသာမက အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း၊ ဒေသခံပြည်သူများ၏ ဝင်ငွေတိုးတက်စေခြင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSMEs) လုပ်ငန်းများ ဖွံ့ဖြိုးလာစေခြင်းနှင့် နိုင်ငံ၏ရိုးရာအမွေအနှစ်များ၊ ယဉ်ကျေးမှုနှင့် သဘာဝအလှအပများကို နိုင်ငံတကာက သိရှိအောင် ဖြန့်ဝေနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင် သောကြောင့်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအတွက် အလွန်အရေးပါသော ကဏ္ဍတစ်ရပ် ဖြစ်ကြောင်း။
သို့ဖြစ်၍ ဟိုတယ်နှင့် ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များအနေဖြင့် ပိုမိုကောင်းမွန်သည့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအနာဂတ်ကို တည်ဆောက်နိုင်ရန်နှင့် နိုင်ငံ၏ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များတွင်လည်း ညီညီညွတ်ညွတ်ဖြင့် တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ခရီးသွား မြှင့်တင်ရေး စီမံကိန်းများ ရေးဆွဲနိုင်ရေးနှင့် ထင်ရှားသော (၁၂) လရာသီပွဲတော်များ၊ ခရီးစဉ်ဒေသများ အလိုက် ခရီးသွားထုတ်ကုန်သစ်များ ဖော်ထုတ်မြှင့်တင်နိုင်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် ခရီးသွားအကြံပြုချက်များ (Travel Advisories) ထုတ်ပြန်နိုင်ရေးနှင့် နိုင်ငံပိုင်မီဒီယာ၊ ရုပ်သံလိုင်းများနှင့် ပူးပေါင်းကြော်ငြာမှုမြှင့်တင်နိုင်ရေး၊ Digital Tourism လုပ်ငန်းစဉ်များဖြစ်သည့် Online Booking ဝန်ဆောင်မှုများ၊ e-Ticketing များနှင့် AI နည်းပညာ အသုံးပြုမှုများ ပိုမိုတိုးမြှင့် နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် လက်ရှိလုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် အနာဂတ် အလားအလာများ၊ တွေ့ကြုံနေရသည့် စိန်ခေါ်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ ကို ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးကာ လိုအပ်သည်များကိုမှာကြားပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


