တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး နဝမနေ့ကျင်းပ  

 

နေပြည်တော် အောက်တိုဘာ ၁၂

 

တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန် အစည်းအဝေး နဝမနေ့သို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၂၀၉ ဦး ရှိသည့်အနက် ယနေ့အစည်း အဝေးသို့ ၁၉၅ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့် အတွက် အစည်းအဝေးအထ မြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှု အခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။

 

ထို့နောက် မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ် (၁) ဦးခင်မောင်ဝင်း၏ မန္တလေး တိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့ရှိ ခရိုင်အားကစားကွင်းအား အဆင့်မီ ခရိုင်အားကစားကွင်းအဖြစ် အဆင့်မြှင့်တင် ပေးနိုင်ပါရန်နှင့် ဝန်ထမ်းအင်အား ဖွဲ့စည်းပုံအတိုင်း အပြည့်အဝ ထားရှိပေးနိုင်ပါရန် ၂၀၂၆ - ၂၀၂၇ (RE ဘတ်ဂျက်) ဖြည့်စွက်ရန်ပုံငွေဖြင့် လည်း ကောင်း၊ ၂၀၂၇ - ၂၀၂၈ ဘဏ္ဍာရေး နှစ်တွင်လည်းကောင်း ဆောင်ရွက်ပေးနိုင်ပါရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးကျော်သူက မန္တလေး တိုင်းဒေသကြီး ကျောက်ဆည် ခရိုင်အားကစားကွင်းကို ၁၉၆၉ ခုနှစ်တွင် မြေဧရိယာ ၉ ဒသမ ၅၇၅ ဧကပေါ်၌ တည်ဆောက်ခဲ့ပြီး အဆင့်မီ အားကစားကွင်းအဖြစ် အဆင့်မြှင့်တင်နိုင်ရေး အတွက် အဆိုပါ အားကစားကွင်း အုတ်တံတိုင်း ပေ ၁၀၀၀ ကာရံခြင်း လုပ်ငန်းအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာ ရေးနှစ် မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ငွေလုံးငွေရင်း အသုံးစရိတ် ခွင့်ပြုရန်ပုံငွေစာရင်းမှ ငွေကျပ် ၁၄၇ သန်းဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း။

 

ထို့ပြင် ကျောက်ဆည်ခရိုင် အားကစားခန်းမ (အလျား ပေ ၁၂၀၊ အနံ ပေ၉၀) အမိုးပြုပြင်ခြင်း၊ ကြမ်းခင်းပြုပြင်ခြင်းနှင့် ပြတင်း မှန်၊ အလင်းမှန်များ ပြုပြင်ခြင်း အတွက် ခန့်မှန်းကုန်ကျငွေကျပ် သန်း ၁၀၈၀ ၊ ရိုးရိုးတန်းပွဲကြည့်စင် (အလျား ပေ ၆၀၊ အနံ ၂၃ ပေ) နှစ်စင်ပြုပြင်ခြင်းအတွက် ခန့်မှန်း ကုန်ကျငွေကျပ် ၄၁၄ သန်း၊ ဂါလန် ၉၀၀ ဆံ့ (၆ ပေ ပတ်လည်) အုတ်ရေစင်ပြုပြင်ခြင်း အတွက် ခန့်မှန်းကုန်ကျငွေကျပ် ၄၅ သန်း၊ အားကစားသမား နားနေဆောင် (အလျား ၃၃ ပေ၊ အနံ ၂၂ ပေ၊ အမြင့် ၁၂ ပေ)ပြုပြင်ခြင်းအတွက် ခန့်မှန်းကုန်ကျငွေကျပ် ၁၀၈ ဒသမ ၉ သန်း၊ လုပ်ငန်း လေးခု အတွက် စုစုပေါင်း ကုန်ကျငွေ ကျပ် ၁၆၄၇ ဒသမ ၉ သန်းအား မန္တလေးတိုင်းဒေသကြီး သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ရန်ပုံငွေမှ သုံးစွဲရန် ခွင့်ပြုချက်ရရှိပြီးဖြစ်ပါ၍ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လုပ်ငန်း စဉ်များအတိုင်း ဆောင်ရွက်လျက် ရှိပါကြောင်း။

 

ကျောက်ဆည်ခရိုင် ဘောလုံးကွင်း ၂ ပေဒု မြေဖို့အဆင့်မြှင့်တင်ခြင်းနှင့် မီတာ ၄၀၀ ပြေးလမ်း ကျောက်မှုန့်ခင်းခြင်း လုပ်ငန်းအတွက် ခန့်မှန်းကုန်ကျငွေကျပ် ၂၄၀၁ ဒသမ ၇၉၄ သန်းအား ၂၀၂၇ - ၂၀၂၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ စာရင်းတွင် လျာထားတင်ပြ တောင်းခံသွားမည် ဖြစ်ပါကြောင်း နှင့် ခွင့်ပြုချက်ရရှိပါက ဆောင် ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။

 

ဖွဲ့စည်းပုံအရ ခန့်အပ်နိုင်ရန်အတွက် ကျောက်ဆည်ခရိုင်တွင် အငယ်တန်းစာရေးတစ်ဦး၊ လက်ထောက် ကွန်ပျူတာ လုပ်ဆောင်ရေးမှူးတစ်ဦး၊ ရုံးအကူတစ်ဦး၊ အမှုထမ်း သုံးဦးနှင့် ကျောက်ဆည်မြို့နယ်တွင် ရုံးအကူတစ်ဦး စုစုပေါင်းအမှုထမ်း လေးဦးလိုအပ်မည်ဖြစ်ပါကြောင်း၊ ခန့်အပ်ရန်ကျန်ရှိသည့် အမှုထမ်း ရာထူး နေရာများအတွက် ဝန်ထမ်းလျှောက်ထားလာပါက ဒေသခံများအား ဦးစားပေး ခန့်ထားနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ် (၇) ဦးခင်မောင်မြင့်၏ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့တွင် မသန်စွမ်း သက်ငယ် သင်တန်းကျောင်းတစ်ကျောင်း ဖွင့်လှစ်ပေးရန် အစီ အစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က ဝန်ကြီးဌာနအနေဖြင့် တောင်ကြီးမြို့တွင် မသန်စွမ်းသက်ငယ်သင်တန်း ကျောင်းဆောက်လုပ်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ မြေနေရာ တောင်းခံသွားမည်ဖြစ်ပြီး နှစ်အလိုက် ဘတ်ဂျက်ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ်မူတည်၍ အဆောက်အအုံ ဆောက်လုပ် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ဧရာဝတီ တိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ် (၆) ဦးမျိုးသန့်၏ ဧရာဝတီတိုင်း ဒေသကြီး အင်္ဂပူမြို့နယ် မဲဇလီကုန်းတိုက်နယ် အနောက်ခြမ်းတောင်ရိုးဒေသ ခုံကြီးကျေးရွာအုပ်စု တလိုင်းခုံကျေးရွာနှင့် တောင်ပေါ်ကုန်း ကျေးရွာဆက်သွယ်သည့် သဲဖြူချောင်းကူးတံတား ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးက သဲဖြူချောင်းကူးတံတား တည်ဆောက်ရမည့်နေရာသည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနပိုင် တိုင်းဒေသကြီးမှ စီမံခန့်ခွဲသော မဲဇလီကုန်း - ချင်းကုန်း - မကျည်းပင်ကွင်းလမ်း ကျောက်လမ်း ၂ ဖာလုံ၊ မြေသား လမ်း ၉ မိုင် ၁ ဖာလုံ စုစုပေါင်း လမ်းမိုင်အရှည် ၉ မိုင် ၃ ဖာလုံရှိ Class (A) အဆင့် လမ်းပေါ်တွင် တည်ရှိပါကြောင်း၊ တလိုင်းခုံ ကျေးရွာနှင့် တောင်ပေါ်ကုန်း ကျေးရွာကိုဆက်သွယ်သည့် သဲဖြူ ချောင်းအားဖြတ်၍ ဆောက်လုပ်လိုသည့် တံတားဖြစ်ပါကြောင်း၊ လက်ရှိတွင် တည်ဆောက်ထား သော တံတားဟောင်းမရှိဘဲ နွေရာသီတွင်ချောင်းအတွင်းမှ ဖြတ်သန်းသွားလာပြီး မိုးရာသီတွင် ချောင်းရေမြင့်တက်မှုကြောင့် ဖောင်များဖြင့်သာ သွားလာရပါသဖြင့် အရှည် ပေ ၁၂၀၊ အကျယ် ပေ ၂၀ ချောင်းကူးတံတား အသစ်တစ်စင်း တည်ဆောက်လိုခြင်း ဖြစ်ပါကြောင်း။

 

သံကူကွန်ကရစ် တံတားအဖြစ်အသစ်တည်ဆောက်မည်ဆိုပါက ခန့်မှန်းငွေကျပ သန်း ၁၃၈၀ ကုန်ကျမည် ဖြစ်ပါကြောင်း၊ တံတားအသစ် တည်ဆောက်နိုင်ရေးအတွက် စီမံကိန်းဖြစ်မြောက် နိုင်စွမ်း ကြိုတင်လေ့လာမှုကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်လျက်ရှိပါကြောင်း။

 

သို့ပါ၍ မဲဇလီကုန်း-ချင်းကုန်း-မကျည်းပင်ကွင်း လမ်းပေါ်ရှိ သဲဖြူ ချောင်းကူးတံတားအသစ်တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း အား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် လျာထားတင်ပြသွားမည်ဖြစ်ပြီး ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ရှမ်းပြည်နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် အမှတ် (၈) ခွန်စောလွင်၏ ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် အေးသာယာ၊ ညောင်ရွှေ၊ နန်းပန်၊ တုံဟုန်း၊ ပင်လောင်း ကတ္တရာ လမ်းမကြီးမှ နန်းပန်- ဓာတ်တော် ရေဦးလမ်း၊ ဓာတ်တော်ရေဦး - နမ့်လီလမ်း၊ နမ့်လီ - ပွေးတောင်-ထီဝါးမှူးလမ်းနှင့် ထီဝါးမှူး - ထီဖူး - ထီနို့ - နားဟီးလမ်းတို့ ဆက်သွယ်ထားသော စုစုပေါင်း လမ်းမိုင်အရှည် ၁၈ မိုင် ၁ ဒသမ ၉၆ ဖာလုံရှိသည့် မြို့နယ်ချင်းဆက်လမ်းကို ရာသီမရွေးသွားလာနိုင် သော ကတ္တရာလမ်းအဖြစ် အဆင့် မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း ၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးက ညောင်ရွှေမြို့နယ် နန်းပန်-ဓာတ်တော်ရေဦးလမ်း၊ ဓာတ်တော် ရေဦး - နမ့်လီလမ်း၊ နမ့်လီ-ပွေးတောင် - ထီဝါးမှူးလမ်းတို့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနပိုင် လမ်းများဖြစ်ပြီး ကတ္တရာလမ်း ၂ မိုင် ၃ ဖာလုံ၊ ကျောက်ချောလမ်း ၇ မိုင် ၄ ဒသမ ၉၆ ဖာလုံ၊ မြေသားလမ်း ၃ မိုင်  ၂ ဖာလုံ စုစုပေါင်း ၁၃ မိုင် ၁ ဒသမ ၉၆ ဖာလုံရှိပါကြောင်း။

 

ဓာတ်တော်ရေဦး- နမ့်လီလမ်း တွင် မြေသားလမ်း ၃ မိုင် ၂ ဖာလုံ ရှိသည့်အနက် ၁ မိုင်အား ကျေးလက်လမ်းဖွံ့ဖြိုးရေး မဟာဗျူဟာအရ ရာသီမရွေးသွားလာ နိုင်သော အမာခံကျောက်လမ်း အဖြစ် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် တွင် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လျာထားတင်ပြသွားမည် ဖြစ်ပြီး ရရှိရန်ပုံငွေအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ် ပါကြောင်းနှင့် အဆိုပါလမ်းများအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား လတ်တလောဦးစားပေးအစီအစဉ်တွင် မပါဝင် သေးပါကြောင်း။

 

တောင်ကြီးမြို့နယ် အတွင်းရှိ ထီဝါးမှူး-ထီဖူး-ထီနို့-နားဟီးလမ်းသည် နယ်စပ်ရေးရာဝန်ကြီး ဌာနမှ စီမံခန့်ခွဲသောလမ်းဖြစ်ပြီး ၅ မိုင် ရှိပါကြောင်း၊ အဆိုပါလမ်းသည် ဒေသမှကိုယ်ထူကိုယ်ထ ဖောက်လုပ်ထားသည့် မြေသားလမ်းဖြစ်ပါကြောင်း၊ မြေသား လမ်း ၅ မိုင်တွင် ကျောက်လမ်း ၁ မိုင် ၇ ဖာလုံ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ကျန်ရှိသည့် မြေသားလမ်း ၃ မိုင် ၁ ဖာလုံ ကတ္တရာလမ်း အဖြစ် ဆက်လက်အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအား ၂၀၂၈-၂၀၂၉ ဘဏ္ဍာနှစ် ပြည်ထောင်စု (သို့မဟုတ်) ပြည်နယ်ရန်ပုံငွေဖြင့် ဒေသန္တရဖွံ့ဖြိုးရေး စီမံကိန်းတွင် အဆိုပြုလျာထားပေးသွားမည် ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

တနင်္သာရီ တိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ် (၁၁) ဦးစိုးကြည်၏ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်မြိတ်မြို့နယ် အင်္ဂမော်ကျေးရွာအုပ်စုအတွင်းရှိ ကင်းဆိုး ကျေးရွာနှင့် ဆီတိုင်ကုန်းကျေးရွာသို့ ဆက်သွယ်ထားသည့် ၁၅၇၄၁ ပေခန့် ရှည်လျားသော ကျေးရွာချင်းဆက် မြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးက မြိတ်မြို့နယ် အင်္ဂမော် ကျေးရွာအုပ်စု ကင်းဆိုးကျေးရွာသည် ပြည်ထဲရေးအမည်ပေါက် ကျေးရွာဖြစ်ပါကြောင်း၊ မြေပြင်တွင် ဆီတိုင်ကုန်းကျေးရွာဟူ၍ သီးခြားမရှိဘဲ ဥယျာဉ်ခြံများအတွင်း နေထိုင်ကြသည့် မိသားစုများသာ ရှိပါကြောင်း၊ ဆီတိုင်ကုန်း ကျေးရွာဟူ၍လည်း ပြည်ထဲရေး အမည်ပေါက်စာရင်းတွင်ပါဝင်ခြင်း မရှိသည်ကို တွေ့ရှိရပါကြောင်း။

 

ကင်းဆိုးကျေးရွာ အတွင်း ဥယျာဉ်ခြံမြေ ဧက ၃၀၀၀ ခန့် ရှိပါကြောင်း၊ မြေသားလမ်း အရှည် ၃ မိုင် ၆ ဒသမ ၄၂ ဖာလုံအနက် ၂ ဖာလုံအား ကျောက်ချောလမ်း ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ ကျန်မြေသားလမ်း ၃  မိုင် ၄ ဒသမ ၄၂ ဖာလုံအား ကုန်ထုတ်လမ်းအဖြစ် ဆောင်ရွက်ရန်လိုအပ်မည် ဖြစ်ပါကြောင်း။

 

ကုန်ထုတ်လမ်းအဖြစ် ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ်တွင် အကြိုအင်ဂျင်နီယာ လုပ်ငန်းများအဖြစ် ကွင်းဆင်းတိုင်းတာခြင်း၊ လမ်းဒီဇိုင်းပုံထုတ် ခြင်း၊ အသေးစိတ်ခန့်မှန်းခြေ တွက်ချက်ခြင်းများကို ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေ တွင် လျာထားတင်ပြထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင် ရွက်ပေးမည်ဖြစ်ပါကြောင်း။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကုန်ထုတ်လမ်းအဆင့်ကို မြေနီ၊ ကျောက်စရစ်၊ ရိစာအဆင့်သာ ဆောင်ရွက်ပေးနေခြင်းဖြစ်သည့်အတွက် ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက် ပေးနိုင်ခြင်း မရှိသေးပါကြောင်း ဖြေကြားသည်။

 

ယင်းနောက် အမျိုးသား လွှတ်တော်ဥပဒေကြမ်း ကော်မတီဝင် တနင်္သာရီတိုင်းဒေသကြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အမှတ် (၅) ဦးမိုးမြင့်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းသည်။

 

ဆက်လက်၍ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို သတ္တမအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းအား အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောတူသဖြင့် ဥပဒေကြမ်း ကော်မတီ၏ တင်ပြချက် အတိုင်း အတည်ဖြစ်ကြောင်း ကြေညာသည်။

 

ထို့နောက် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများကို စတုတ္ထအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့် စပ်လျဉ်း၍ လွှတ်တော်သို့တင်ပြပြီး လွှတ်တော်၏ သဘောထားရယူရာ သဘောတူ သဖြင့် ပြည်သူ့ လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း အတည်ပြုကြောင်း ကြေညာသည်။

 

ယင်းနောက် တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး နဝမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ဒသမနေ့ကို အောက်တိုဘာ ၁၆ ရက်တွင် ဆက်လက်ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းအဖွဲ့