လေဆိပ်တိုက်ခိုက်ခံရမှုကြားမှ ရီယာ့ဒ်မြို့တွင် ကမ္ဘာ့စွမ်းအင်ညီလာခံ ဖွင့်လှစ်

ရီယာ့ဒ်  အောက်တိုဘာ  ၁၂

ဆော်ဒီအာရေဗျနိုင်ငံ မြို့တော်ရီယာ့ဒ်ရှိ ဘုရင် ခါလစ်အပြည်ပြည်ဆိုင်ရာ လေဆိပ်တိုက်ခိုက်ခံရမှုကြောင့် လူသေဆုံးမှုများနှင့် လေကြောင်းခရီးစဉ်အနှောင့်အယှက်များ  ဖြစ်ပေါ်ခဲ့သော်လည်း (၂၅)ကြိမ်မြောက် ကမ္ဘာ့ရေနံကောင်စီ စွမ်းအင်ညီလာခံကို အောက်တိုဘာ ၁၂ ရက်တွင်  သတ်မှတ်အစီအစဉ်အတိုင်း   ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ညီလာခံတွင် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ဖူလုံရေး၊ စွမ်းအင်ဈေးကွက်၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများနှင့် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သည့် စွမ်းအင်စနစ်သို့ ကူးပြောင်းရေးတို့ကို အဓိကထားဆွေးနွေးခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲသို့ အစိုးရအရာရှိများ၊ စွမ်းအင်လုပ်ငန်းဆိုင်ရာ ခေါင်းဆောင်များ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ကျွမ်းကျင်ပညာရှင်များ တက်ရောက်ခဲ့ကြသည်။

ဆော်ဒီအာရေဗျနိုင်ငံ  စွမ်းအင်ဝန်ကြီး မင်းသား အဗ္ဗဒူလာဇစ်ဘင်  ဆယ်လ်မန်နှင့် ကမ္ဘာ့ရေနံကောင်စီဥက္ကဋ္ဌ  ပက်ဒရိုမီရက်စ်တို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြသည်။ ၎င်းတို့က သန့်ရှင်းသောစွမ်းအင်စနစ်သို့ ကူးပြောင်းရေးကို ဆောင်ရွက်ရာတွင် စွမ်းအင်ထောက်ပံ့မှုတည်ငြိမ်စေရေးကိုလည်း တစ်ပြိုင်နက်တည်း  ထိန်းသိမ်းရန်  လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

အဆိုပါ   လေဆိပ်သည်  အောက်တိုဘာ ၁၀  ရက်က ဒုံးကျည်ဖြင့်  တိုက်ခိုက်ခံခဲ့ရပြီး  လူ ၁၃ ဦး သေဆုံးကာ ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း  သတင်းများတွင် ဖော်ပြထားသည်။ ထို့နောက် အောက်တိုဘာ  ၁၁ ရက်တွင်လည်း  လေဆိပ်၌ ထပ်မံတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး  လူတစ်ဦးသေဆုံးကာ   ၁၁  ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုများကြောင့်  လေကြောင်းခရီးစဉ်များ  အနှောင့်အယှက်ဖြစ်ပေါ်ခဲ့ပြီး ညီလာခံသို့တက်ရောက်ရန် စီစဉ်ထားသည့် စွမ်းအင်လုပ်ငန်းဆိုင်ရာ  အကြီးတန်းအရာရှိ အချို့လည်း ခရီးသွားလာရေးအခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။

ဆင်ဟွာ