M-League II ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းများအား မိတ်ဆက်

ရန်ကုန်    အောက်တိုဘာ    ၁၂

မြန်မာနိုင်ငံ  ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာလိဂ်က ကြီးမှူး၍ Grand Royal၊ AYA Bank နှင့် AYA Pay တို့က အဓိကပံ့ပိုးကူညီသည့် ၂၀၂၆ - ၂၀၂၇ ရာသီ Grand Royal M-League II ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကလပ်အသင်းများအား  မိတ်ဆက်ပွဲ အခမ်းအနားနှင့်   သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာ ၁၂ ရက်က Mercure ဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားတွင်  မြန်မာလိဂ်ကော်မတီဥက္ကဋ္ဌ   ဦးဇော်မင်းသိန်းက   အမှာစကားပြောကြားပြီး ၂၀၂၆-၂၀၂၇ ရာသီ  M-League II ပြိုင်ပွဲတွင်  ဝင်ရောက်ယှဉ်ပြိုင်မည့်အသင်းများအား  တစ်သင်းချင်းစီအလိုက် မိတ်ဆက်သည်။ ယင်းနောက်  မြန်မာလိဂ်ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းသိန်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်း အောင်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် ၁၀ သင်းအား  ဘောလုံးများ ထောက်ပံ့ပေးအပ်သည်။ ထို့နောက် တက်ရောက်လာသည့် တာဝန်ရှိသူများ၊ ကလပ်အသင်း တာဝန်ရှိသူများနှင့်  ကစားသမားများ  စုပေါင်းဓာတ်ပုံရိုက်ကြပြီး ပြိုင်ပွဲဝင်အသင်းများ၏ ပြင်ဆင်မှုများနှင့်ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

၂၀၂၆-၂၀၂၇ ရာသီ M-League II ပြိုင်ပွဲကို အောက်တိုဘာ ၁၅ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး Asia Lion အသင်း၊ Elite Kings အသင်း၊ Enjoy Brother အသင်း၊ Junior Lions အသင်း၊   မနောအသင်း၊   ရခိုင်ယူနိုက်တက်အသင်း၊  ရွိုင်ရယ်ဒဂုံအသင်း၊  တက္ကသိုလ်အသင်း၊ VUE နေပြည်တော်အသင်း၊  ရာမညယူနိုက်တက်အသင်းတို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ ပွဲစဉ် (၁) အဖြစ် အောက်တိုဘာ ၁၅ ရက်တွင် YUSC ကွင်း၌ Asia Lion အသင်းနှင့် ရာမညယူနိုက်တက်အသင်း၊ တက္ကသိုလ်ကွင်း၌ တက္ကသိုလ်အသင်းနှင့်  Elite Kings အသင်း၊ ပဒုမ္မာ ကွင်း၌ မနောအသင်းနှင့် VUE   နေပြည်တော်အသင်း၊  အောက်တိုဘာ ၁၆ ရက်တွင် တက္ကသိုလ်ကွင်း၌  Enjoy Brother အသင်းနှင့် ရွိုင်ရယ်ဒဂုံအသင်း၊ အောက်တိုဘာ ၁၇ ရက်တွင်   တက္ကသိုလ်ကွင်း၌   ရခိုင်ယူနိုက်တက်အသင်းနှင့်  Junior Lions အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း - ကိုညီလေး

ဓာတ်ပုံ - စိုးညွန့်သော်