အာဆီယံငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများဖြေလျှော့ပေးရေး သဘောတူညီချက် အသက်ဝင်ရေး အတွက် အတည်ပြုစာချွန်လွှာအား အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ပေးပို့နိုင်ရေး ဆွေးနွေး  

 

နေပြည်တော် အောက်တိုဘာ ၁၂

 

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့သို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၅၆၀ ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၅၃၅ ဦး တက်ရောက်သဖြင့် ၉၅ ဒသမ ၅၄ ရာခိုင်နှုန်း ရှိသည့်အတွက် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပြီး အစည်းအဝေးတက်ရောက်မှု အခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။

 

ထို့နောက် ပြည်ထောင်စု လွှတ်တော်နာယက၏ ရှေ့မှောက်၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများအဖြစ် ခန့်အပ်တာဝန်ပေးပြီးဖြစ်သော ဒေါက်တာမျိုးဝင်းအောင်နှင့် ဦးစော မျိုးမျိုးတို့က ကတိသစ္စာပြုကြသည်။

 

ယင်းနောက် ပြည်ထောင်စု လွှတ်တော်နာယကက နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောင်းလဲတာဝန်ပေးအပ်ခြင်းကို လွှတ်တော်က မှတ်တမ်းတင်သည်။

 

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယကက နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရာထူးနေရာတွင် အစားထိုးခန့်အပ်တာဝန်ပေး လိုသော ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရာထူးနေရာတွင် ခန့်အပ်တာဝန်ပေးလိုသော ဒေါက်တာ ကိုကိုလွင်တို့အား ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရန် ကန့်ကွက်ချက်တစ်စုံတစ်ရာ မရှိပါက ပြည်ထောင်စုလွှတ်တော် အစည်းအဝေးပဉ္စမနေ့တွင် သဘောတူကြောင်း ကြေညာမည်ဖြစ်ပြီး ကန့်ကွက်လိုသူရှိပါက သတ်မှတ် ထားသည့် အရည်အချင်းနှင့် မပြည့်စုံကြောင်း ခိုင်လုံသော သက်သေ အထောက်အထားဖြင့် ပြည်ထောင်စုလွှတ်တော်ရုံးသို့ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရနှင့် ကမ္ဘောဒီးယားဘုရင့်နိုင်ငံအစိုးရတို့အကြား လက်မှတ်ရေးထိုးခဲ့သည့် ဝင်ငွေအပေါ် အခွန်နှစ်ထပ် ကျသင့်မှုမှရှောင်ရှားရေးနှင့် အခွန်ရှောင်တိမ်းမှုအား ကာကွယ်တားဆီးရေး သဘောတူစာချုပ် ကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

မလှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်သူက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် ကမ္ဘောဒီးယား ဘုရင့်နိုင်ငံအစိုးရတို့အကြား ဝင်ငွေအပေါ် အခွန်နှစ်ထပ်ကျသင့်မှုမှ ရှောင်ရှားရေးနှင့် အခွန်ရှောင်တိမ်းမှုအား ကာကွယ်တားဆီးရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းဖြင့် ရှင်းလင်း တည်ငြိမ်သော စည်းမျဉ်းစနစ်များဖြင့် နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများအတွက် အရေးပါသည့် ဥပဒေရေးရာ အခြေခံအုတ်မြစ်တစ်ခုဖြစ်ပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မတို့အရ ညီညွတ်ကိုက်ညီပြီး မိမိတို့နိုင်ငံအတွက် အပြုသဘောဆောင်သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေနိုင်သည့် စာချုပ်တစ်ရပ်ဖြစ်ခြင်းကြောင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် ကမ္ဘောဒီးယားဘုရင့်နိုင်ငံ အစိုးရတို့အကြား လက်မှတ်ရေးထိုး ချုပ် ဆိုခဲ့သည့် ဝင်ငွေအပေါ်အခွန် နှစ်ထပ်ကျသင့်မှုမှ ရှောင်ရှားရေးနှင့် အခွန်တိမ်းရှောင်မှုအား ကာကွယ်တားဆီးရေး သဘောတူ စာချုပ်အား အတည်ပြုပေးနိုင်ရေး ထောက်ခံပါကြောင်း ဆွေးနွေးသည်။

 

သံတောင်ကြီး မဲဆန္ဒနယ်မှ ဦးစောဟေသားကြီးက ယခုချုပ်ဆိုသည့် စာချုပ်သည် နှစ်နိုင်ငံကြား အခွန်နှစ်ထပ် ကျသင့်မှု ရှောင်ရှားရေးနှင့် အခွန်တိမ်းရှောင်မှုအား ကာကွယ်တားဆီးရေး သဘောတူ စာချုပ်သည် အခွန်နှစ်ထပ် ကျသင့်မှုကို လျှော့ချနိုင်ခြင်း၊ အားပေးနိုင်ခြင်း၊ အခွန်ရှောင်တိမ်း မှုများနှင့် နိုင်ငံဖြတ်ကျော် ရင်းနှီး မြှုပ်နှံမှုများကို ထိရောက်စွာ တားဆီးနိုင်ခြင်း၊ နှစ်နိုင်ငံကြား အခွန်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နိုင်ခြင်း၊ နှစ်နိုင်ငံစီးပွားရေးကို ပိုမိုခိုင်မာစေခြင်း စသည့် အကျိုးကျေးဇူးကို ရမည်ဖြစ်ကြောင်း၊ အဆိုပါစာချုပ်သည် မြန်မာနိုင်ငံအတွက် စီးပွားရေး အကျိုးစီးပွား၊ အခွန်ထမ်းပြည်သူများ၏ အကျိုးစီးပွားနှင့် နိုင်ငံတော် ၏ အခွန်ဘဏ္ဍာရေးအကျိုးစီးပွား တို့အတွက် များစွာအကျိုးရှိသည့်အတွက် ထောက်ခံပါကြောင်း ဆွေးနွေးသည်။

 

ရန်ကုန်တိုင်းဒေသကြီး ကိုယ်စား လှယ် အမှတ်(၆) ဦးအေးပိုင် က အခွန်နှစ်ထပ် ပေးဆောင်ရခြင်း သက်သာခွင့်ရရှိပါက ရရှိနိုင်သောအကျိုးကျေးဇူးများမှာ ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးမြှင့်လုပ်ကိုင် လာနိုင်ခြင်း၊ နှစ်နိုင်ငံယုံကြည်မှု ပိုမိုတည်ဆောက်လာနိုင်ခြင်း၊ ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် နိုင်ငံပိုမိုဖွံ့ဖြိုးလာခြင်း၊ အခွန်ရှောင်မှုနှင့် တရားမဝင်ငွေလွှဲပြောင်းမှုများမှ တားဆီးနိုင်ခြင်း​၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီးနိုင် ခြင်းတို့ ဖြစ်ပါကြောင်း။

 

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအစိုးရနှင့် ကမ္ဘောဒီးယားဘုရင့်နိုင်ငံ အစိုးရကြား ဝင်ငွေခွန်နှစ်ထပ် ကျသင့်မှုမှ ရှောင်ရှားရေးနှင့် အခွန်ရှောင်တိမ်းမှုများမှ ကာကွယ်ခြင်း သဘောတူစာချုပ်ကို မိမိတို့ မြန်မာနိုင်ငံက လက်မှတ်ရေးထိုးမှုကို ကြိုဆိုထောက်ခံပါကြောင်းဆွေးနွေးသည်။

 

အလားတူ မကွေးတိုင်းဒေသကြီး ကိုယ်စားလှယ်အမှတ် (၁၁) ဦးဖေသန့်ဇော်နှင့် တနင်္သာရီတိုင်း ဒေသကြီး ကိုယ်စားလှယ် အမှတ် (၁၀) ဦးသန်းအေး (ခ) ဦးတင်ဦးတို့က ဆွေးနွေးကြသည်။

 

အဆိုပါ သဘောတူစာချုပ်ကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း အစီအစဉ်ကို ပြည်ထောင်စု လွှတ်တော်အစည်းအဝေး ပဉ္စမနေ့ တွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော နဝမအကျော့ အာဆီယံငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းများ ဖြေလျှော့ပေးရေး သဘောတူညီချက် အသက်ဝင်ရေးအတွက် အတည်ပြု စာချွန်လွှာအား အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ ပေးပို့နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

မလှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်သူက အာဆီယံငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ ဖြေလျှော့ပေးရေးသဘော တူညီချက်တွင် မြန်မာနိုင်ငံမှ ASEAN အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ အနေဖြင့် ပါဝင် လက်မှတ်ရေးထိုးခြင်းအားဖြင့် မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းကဏ္ဍတွင်လည်းကောင်း၊ ဘဏ်လုပ်ငန်း ကဏ္ဍနှင့် အခြားသောငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်း ကဏ္ဍအောက်ရှိ ကဏ္ဍခွဲများတွင် လည်းကောင်း ဖြေလျှော့ပေးမှုများ ရရှိခြင်းမှတစ်ဆင့် နိုင်ငံတွင်းသို့ ပြည်ပရင်းနှီးမြှုပ်နှံမှုများ စီးဝင် လာရေးကို အထောက်အကူဖြစ်စေပြီး နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် များစွာအကျိုးရှိ နိုင်သဖြင့် နိုင်ငံတော်သမ္မတထံမှ ပေးပို့လာသော နဝမအကျော့ အာဆီယံငွေရေး ကြေးရေးဝန်ဆောင်မှု လုပ်ငန်းများ ဖြေလျှော့ပေးရေး သဘောတူညီချက် အသက်ဝင်နိုင်ရေး အတွက် ပြည်တွင်း အတည်ပြုရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ပြီးစီးကြောင်း အတည်ပြုစာချွန်လွှာအား ပြင်ဆင်ပေးပို့ နိုင်ရေးကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။

 

ရန်ကုန် တိုင်းဒေသကြီး ကိုယ်စားလှယ် အမှတ်(၆) ဦးအေးပိုင်က မိမိနိုင်ငံအနေဖြင့် အချိန်မီ သံတမန် နည်းလမ်းအတိုင်း “စာချွန်လွှာ” ပေးပို့ထားခဲ့ပါက အာဆီယံနိုင်ငံများ၏ ငွေကြေးဝန်ဆောင်မှုတွင် ဖြေလျှော့ပေးမည့် သက်သာခွင့်ကိုလည်း ရရှိမည်ဖြစ်ပြီး အခြားအာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ တုံ့ပြန်မှု အခွင့်အရေးများ မဆုံးရှုံးနိုင်ခြင်း၊ နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ယုံကြည်ကိုးစားမှုကို ရယူစေနိုင် ခြင်း စသည်ဖြင့် မိမိနိုင်ငံ ရခွင့်ရှိသည့်အခွင့်အရေးများကို ရရှိစေမည်ဖြစ်ပါကြောင်း၊ အကယ်၍ မိမိနိုင်ငံအနေဖြင့် “စာချွန်လွှာ”ကို သံတမန်နည်းလမ်းအဖြစ် အချိန်မီပေးပို့ထားခြင်းမရှိခဲ့ပါက အဆိုပါ ကိစ္စသည် စာရွက်ထဲ၌သာ ရှိနေပြီး လက်တွေ့တွင် အာဏာသက်ရောက်မှု မရှိနိုင်သည်ကို လေ့လာ တွေ့ရှိရပါကြောင်း။

 

မိမိနိုင်ငံအနေဖြင့် အာဆီယံငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများကို ဖြေလျှော့ပေးရေး သဘောတူ စာချုပ်တွင် လက်မှတ်ရေးထိုးပြီးဖြစ်ပါ၍ အဆိုပါစာချုပ် အသက်ဝင်စေရန်အတွက် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးသို့ အတည်ပြု “စာချွန်လွှာ”ကို သံတမန်နည်းလမ်းဖြင့် အမြန်ဆုံး ပေးပို့ထားသင့် ပါကြောင်း ထောက်ခံ ဆွေးနွေးသည်။

 

ရန်ကုန်တိုင်းဒေသကြီး ကိုယ်စား လှယ်အမှတ်(၁၀) ဦးကျော်ကျော်လတ်က အဆိုပါစာချွန်လွှာအား လက်မှတ်ရေးထိုးခြင်းဖြင့် ဒေသတွင်းရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်စေပြီး နယ်စပ်ဖြတ်ကျော်ကုန်သွယ် ရေးတွင် စီးပွားရေးကုန်ကျစရိတ်များ လျှော့ချနိုင်ပါကြောင်း၊ ဒေသတွင်းဘဏ်များနှင့် အာမခံ ကုမ္ပဏီများအကြား ယှဉ်ပြိုင်မှုအားကောင်းလာသဖြင့် Digital Banking Fintech ဝန်ဆောင်မှုများနှင့် သက်သာသော ဝန်ဆောင်ခများ ခံစားခွင့်ရရှိစေပါကြောင်း၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (MSMEs)အနေဖြင့် ဘဏ္ဍာရေးအရင်းအမြစ်များကို ပိုမိုလွယ်ကူစွာရယူနိုင်ပြီး ကုန်ကျစရိတ် သက်သာသော အာမခံအကာအကွယ်များ ရရှိစေပါကြောင်း​၊ ပူးပေါင်းစောင့်ကြည့် ရေးနှင့် စည်းမျဉ်းစည်းကမ်း ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ငွေရေးကြေးရေးကပ်ဘေး နှင့် အကျပ်အတည်းများကို စုပေါင်းတွန်းလှန်နိုင်မည် ဖြစ်ပါကြောင်း။

 

သို့ဖြစ်ပါ၍ နဝမအကျော့ အာဆီယံ ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ ဖြေလျှော့ပေးရေး သဘောတူညီချက်သည် အာဆီယံဒေသတွင်း ငွေရေးကြေးရေးဈေးကွက်များ ခိုင်မာစွာ ပေါင်းစည်း ရေး၊ စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများအတွက် ဘဏ္ဍာရေးဆိုင်ရာ အခွင့်အလမ်းများ ပိုမိုပွင့်လန်း လာစေရေးတို့အတွက် အရေးပါသော သဘောတူညီချက်ဖြစ်သဖြင့် အဆိုပါသဘောတူညီချက် အမြန်ဆုံးအသက်ဝင် အကောင်အထည်ဖော်နိုင်ရေးအတွက် ထောက်ခံပါကြောင်း ဆွေးနွေးသည်။

 

ထို့အတူ မကွေးတိုင်းဒေသကြီး ကိုယ်စားလှယ် အမှတ်(၁၂) ဒေါ်ခင်ဆွေနှင့် ဒဂုံမြို့သစ်(အရှေ့ ပိုင်း) မဲဆန္ဒနယ်မှ ဒေါ်အေးအေးမြင့် တို့က ထောက်ခံဆွေးနွေးကြသည်။

 

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ဆွေးနွေးခြင်း အစီအစဉ်ကို ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ပဉ္စမနေ့တွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

 

ဆက်လက်၍ ပြည်ထောင်စု အစိုးရအဖွဲ့မှပေးပို့သော ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ အမျိုးသား စီမံကိန်းနှစ်ပတ်လည်အစီရင်ခံစာနှင့်စပ်လျဉ်း၍ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း နှစ်ပတ်လည် အစီရင်ခံစာတွင်ပါရှိသည့် ပြည်တွင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုး၊ စီးပွားရေးဖွဲ့စည်းမှု ပုံသဏ္ဌာန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် အခြေအနေ၊ ငွေကြေးဖောင်းပွမှု နှုန်း၊ ကုန်သွယ်မှုကဏ္ဍ၌ ပို့ကုန် တင်ပို့နိုင်မှု၊ အဓိကကုန်သွယ်ဖက် နိုင်ငံများ၊ ပို့ကုန်တွင် ထပ်ဆင့်တိုး တန်ဖိုး ကုန်ပစ္စည်းများ၏ ပါဝင်မှုအခြေအနေ၊ ကုန်ပစ္စည်းအုပ်စုအလိုက် သွင်းကုန်အခြေအနေ၊ မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားသားခရီးသည်နှင့် သုံးစွဲခဲ့သည့် နိုင်ငံခြားငွေ၊ လျှပ်စစ်ဓာတ်အား တပ်ဆင်အင်အားနှင့် အရင်းအမြစ်အလိုက် ပါဝင်မှု၊ လျှပ်စစ်ဓာတ်အားသုံးစွဲမှု၊ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့ အစည်းများ၏ ဆောင်ရွက်နိုင်မှုအခြေအနေ၊ ကမ္ဘာ့စီးပွားရေး အခြေအနေနှင့် အာဆီယံ နိုင်ငံများ၏ စီးပွားရေးအခြေအနေ၊ အမျိုးသားစီမံကိန်းအပေါ် ကဏ္ဍအလိုက် အကောင်အထည်ဖော် နိုင်မှုအနေဖြင့် ကဏ္ဍအလိုက် တိုးတက်မှုနှုန်း ရည်မှန်းချက်နှင့် ဧပြီလမှ မတ်လကုန် (ယာယီ)ထိ အကောင်အထည်ဖော်နိုင်မှု အခြေအနေ၊ ဝန်ကြီးဌာနအလိုက် လုပ်ငန်းစီမံကိန်းများ ဆောင်ရွက် နိုင်မှုအခြေအနေ၊ ဒေသန္တရစီမံကိန်းများ အကောင်အထည်ဖော်နိုင်မှုအခြေအနေ၊ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် တိုးတက်မှုနှုန်း၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုအခြေအနေ၊ မြန်မာအထူးစီးပွား ရေးဇုန်ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နိုင်မှု၊ သီလဝါအထူးစီးပွားရေးဇုန်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ၊ ပုဂ္ဂလိကကဏ္ဍ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုများ၊ ပြည်ပအကူအညီ အထောက်အပံ့၊ နည်းပညာအကူ အညီနှင့် ချေးငွေရရှိမှုအခြေအနေ တို့ကို ကဏ္ဍအလိုက် ရှင်းလင်း တင်ပြသည်။

 

ထို့ပြင် ပညာရေးကဏ္ဍနှင့် စပ်လျဉ်း၍ အခြေခံပညာကဏ္ဍ၌ လူ့စွမ်းအားအရင်းအမြစ် မွေးထုတ် နိုင်ရန်အတွက် ဘက်စုံပညာရေး ကဏ္ဍမြှင့်တင်ရန်နှင့် သင်ယူမှုအခွင့်အလမ်း မြင့်မားစေရန် ဆောင်ရွက်လျက်ရှိမှု၊ ကျောင်းဆောင်အသစ်များ တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ မွမ်းမံ ပြင်ဆင်ခြင်း၊ ဥပဓိရုပ်မကောင်းသည့်ကျောင်းနှင့် အဆောင်များ ပြင်ဆင်ခြင်းနှင့် ပညာရေးဆိုင်ရာ အခြေခံ အဆောက်အအုံများ နှစ်စဉ်တိုးချဲ့ခြင်းတို့ကို ဆောင်ရွက်ခဲ့မှု၊ အခြေခံပညာ ကဏ္ဍအတွက် လိုအပ်လျက်ရှိသော ဆရာအရေအတွက်ရရှိရေးနှင့် ဆရာများ၏ အရည်အသွေး မြင့်မားရေး အတွက် မွမ်းမံသင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းနှင့် ကျောင်းများအတွက် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးမှု၊ ကျန်းမာရေးကဏ္ဍနှင့်စပ်လျဉ်း၍ မြို့ပြနှင့် ကျေးလက် ဒေသများ၌ ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်၊ ဆေးရုံအခြေပြုကုသရေး လုပ်ငန်းများနှင့် ပြည်သူလူထုအတွင်း ကွင်းဆင်းကုသမှုလုပ်ငန်းများ ဆောင်ရွက် ပေးနိုင်ရန်နှင့် ကျန်းမာရေးအသိပညာ မြှင့်တင် ပေးရန်၊ မကူးစက်နိုင်သောရောဂါများ စောစီးစွာ ရှာဖွေကုသမှု လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန်၊ အရေးပေါ် အခြေအနေများအတွက် ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန် ဆောင်ရွက်မှုများ ဆောင်ရွက်ပေး ရန်တို့အတွက် ဆေးတက္ကသိုလ်များ၊ ဆေးဘက်ဆိုင်ရာတက္ကသိုလ်များ၊ သင်တန်းကျောင်းများမှ ကျန်းမာရေး လူ့စွမ်းအားအရင်း အမြစ်များ မွေးထုတ်ပေးလျက် ရှိမှုတို့ကို ရှင်းလင်းတင်ပြသည်။

 

ယင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက် နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ(၁/၂၀၂၆)ကို ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) ဦးတေဇကျော်က လွှတ်တော်သို့ အစီရင်ခံစာအား ရှင်းလင်းဖတ်ကြား တင်ပြပြီး ပြည်ထောင်စု လွှတ်တော်က ဆွေးနွေး စဉ်းစားပေးနိုင်ပါရန် အဆိုတင်သွင်းသည်။

 

ထို့နောက် ပြည်ထောင်စု လွှတ်တော်နာယကက အဆိုပါနှစ်ပတ်လည် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ပြည်ထောင်စုလွှတ်တော် ရုံးသို့ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

တတိယအကြိမ် ပြည်ထောင်စု လွှတ်တော် တတိယပုံမှန်အစည်း အဝေး စတုတ္ထနေ့ကို ရပ်နားလိုက် ပြီး အစည်းအဝေး ပဉ္စမနေ့ကို အောက်တိုဘာ ၁၄ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းအဖွဲ့