နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကျန်းမာရေးဝန်ကြီးဌာန ဆရာဝန်(သစ်လွင်)များနှင့် သွားနှင့်ခံတွင်း ဆရာဝန်(သစ်လွင်) များအား နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိအဖြစ် တာဝန်ပေးအပ်ခြင်း ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား  

ပြည်သူတစ်ဦးချင်းစီ၏ ကျန်းမာရေးကို စောင့်ရှောက်ခြင်းသည် မိသားစုတစ်စု၏ အနာဂတ်ကို စောင့်ရှောက်ခြင်းဖြစ်

 

နေပြည်တော် အောက်တိုဘာ ၁၂

 

ကျန်းမာရေး ဝန်ကြီးဌာန ဆရာဝန် (သစ်လွင်) များနှင့် သွားနှင့်ခံတွင်း ဆရာဝန် (သစ်လွင်) များအား နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင် အရာရှိအဖြစ် တာဝန်ပေးအပ်ခြင်း ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

 

အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးခင် မောင်ရီ၊ ဦးမြထွန်းဦး၊ ဒေါက်တာ စိုးဝင်း၊ ဒေါက်တာသက်သက်ဇင်၊ ဦးမင်းနောင်၊ ဦးကိုကိုလွင်၊ ဒေါက်တာချာလီသန်း၊ ဦးမျိုးသန့်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ အငြိမ်းစား ကျန်းမာရေးဝန်ကြီးများ၊ မြန်မာ နိုင်ငံဆေးကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသွားနှင့်ခံတွင်း ဆေးကောင်စီ ဥက္ကဋ္ဌ၊ ကျန်းမာရေးဝန်ကြီးဌာန အောက်ရှိ ဆေးဘက်ဆိုင်ရာ တက္ကသိုလ်များမှ ပါမောက္ခချုပ် များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ဆရာဝန် (သစ်လွင်)များနှင့် သွားနှင့် ခံတွင်း ဆရာဝန်(သစ်လွင်)များ တက်ရောက်ကြသည်။

 

 ဦးစွာ နိုင်ငံတော်သမ္မတသည် အခမ်းအနား ကျင်းပပြုလုပ်မည့် မြန်မာကွန်ဗင်းရှင်း စင်တာသို့ ရောက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ကျန်းမာရေး ဝန်ထမ်းများက ရင်းနှီးနွေးထွေးစွာ ဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် အခမ်းအနားကို စတင် ကျင်းပပြုလုပ်ရာ ကျန်းမာရေး ဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းမောင်မယ်များ က “ကျန်းမာစေသောလက်” တေးသရုပ်ဖော် သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့သည် ကျန်းမာရေး ဝန်ကြီး ဌာနအတွက် အားသစ်လောင်းပေးသည့်နေ့ ဖြစ်သကဲ့သို့ နိုင်ငံတော်နှင့် ပြည်သူများအတွက်လည်း မင်္ဂလာရှိသည့် နေ့တစ်နေ့ဖြစ်ကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် ပညာသင်ကြားမှုအဆင့်တစ်ခု ပြီးဆုံးပြီး ဆည်းပူးလေ့လာခဲ့သည့် ပညာရပ်များကို ပြည်သူ့အကျိုးအတွက် လက်တွေ့အသုံးချမည့် ဆရာဝန်ဘဝ၊ နိုင်ငံ့ဝန်ထမ်းဘဝကို တရားဝင်စတင်သည့် အရေးကြီးသည့် မှတ်တိုင်တစ်ခုလည်း ဖြစ်ကြောင်း။

 

ယနေ့ မောင်တို့မယ်တို့ လက်ခံရရှိမည့် ခန့်အပ်လွှာသည် အလုပ်တစ်ခုရရှိကြောင်း အတည်ပြုသည့် စာရွက်စာတမ်းတစ်ခုသာမဟုတ်ဘဲ နိုင်ငံတော်နှင့် ပြည်သူလူထုက မိမိတို့အပေါ် ယုံကြည်အပ်နှံ လိုက်သောတာဝန်ကို ကိုယ်စားပြုသည့် အမှတ်အသားတစ်ခုလည်းဖြစ်ကြောင်း၊ အဆိုပါယုံကြည်မှုကို တန်ဖိုးထားပြီး မိမိတို့၏ ပညာ၊ အချိန်၊ အင်အားနှင့် စေတနာတို့ကို ပြည်သူ့ကျန်းမာရေးအတွက် အကောင်းဆုံး အသုံးချကြရန် တိုက်တွန်းလိုကြောင်း။

 

နိုင်ငံတော်အစိုးရအနေဖြင့် ကျန်းမာရေးကဏ္ဍတွင် နိုင်ငံသားတိုင်း ကျန်းမာကြံ့ခိုင်မှုရှိစေရေးနှင့် သက်တမ်းစေ့နေနိုင်ရေးအတွက် “လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိ” ဆိုသည့်မူဝါဒနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက်ရာတွင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးသည် အခြေခံကျသည့် လိုအပ်ချက်တစ်ရပ်ဖြစ်ခြင်းကြောင့် ပြည်သူလူထုကို တိုက်ရိုက် အကျိုးပြုမည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် အလေးထား ကြပ်မတ်ဆောင်ရွက် ပေးနေကြောင်း။

 

ထို့အပြင် “ဆေးရုံရှိလျှင်၊ ဆရာဝန်ရှိရမည်” ဆိုသည့် အဓိကရည်မှန်းချက်ကို ပြည့်ဝစေရေး အလေးထားပြီးမြို့ပြနှင့် ကျေးလက်မကျန်၊ ဆင်းရဲချမ်းသာမရွေး လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေး စောင့်ရှောက်မှုကိုရရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လက်ရှိ မြန်မာပြည်သူ လူထု၏ မျှော်မှန်းသက်တမ်းသည် ၆၉ နှစ်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် မျှော်မှန်းသက်တမ်းကို နှစ် ၇၀ ကျော် တိုးမြင့်လာစေရန် ရည်မှန်းပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အားသွန်ခွန်စိုက် ပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိကြောင်း။

 

နိုင်ငံတော်အစိုးရ၏ ကျန်းမာရေး အသုံးစရိတ်သည် ၂၀၀၀ ပြည့်နှစ် တွင် စုစုပေါင်း အစိုးရအသုံးစရိတ် ၏ ၁ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ ရှိခဲ့သော်လည်း ယခု ၂၀၂၆ - ၂၀၂၇ ခုနှစ်တွင် ၂ ဒသမ ၈ ရာခိုင်နှုန်း၊ ကျပ်သန်း ၁၃၉၁ ဘီလီယံကျော် အထိ တိုးမြှင့်ပေးထားပြီး ကျန်းမာရေးကဏ္ဍ မြှင့်တင်နိုင်ရေး အတွက် နိုင်ငံတော် ရန်ပုံငွေများကို နှစ်စဉ်တိုးမြှင့်ချထားပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

 

ကျန်းမာရေး စောင့်ရှောက်မှု ယန္တရားကြီးတစ်ခုလုံး ပြည့်စုံ ကောင်းမွန်ရန်အတွက် ကျွမ်းကျင်သည့် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်များ ပြည့်ဝနေရန် အလွန်အရေးကြီးကြောင်း၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင် ရေးနှင့် ကျန်းမာရေးအဆင့်မြှင့်တင် ရေးတွင် ပြည်သူလူထုအားလုံး လက်လှမ်းမီသည့် ကျန်းမာရေး စောင့်ရှောက်မှု ရရှိနိုင်ရန်အတွက် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ လုံလောက် အောင် တိုးမြှင့်လေ့ကျင့် မွေးထုတ်ပေးနိုင်ရန် လိုအပ်ကြောင်း၊ ထို့ကြောင့် ၂၀၂၃ ခုနှစ်တွင် Naypyitaw State Academy ၌ ဆေးသိပ္ပံပညာ မဟာဌာန (Faculty of Medicine) ကို ထပ်မံဖွင့်လှစ် ပေးနိုင်ခဲ့သဖြင့် ယခုအခါ ဆေးတက္ကသိုလ် ခြောက်ခုနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ် ၁၁ ခု စုစုပေါင်း တက္ကသိုလ် ၁၇ ခု ရှိလာပြီဖြစ်ကြောင်း။

 

ထို့အပြင် ဆေးပညာဆိုင်ရာ သင်ရိုးညွှန်းတမ်းများကိုလည်း နိုင်ငံတကာအဆင့်မီ အဖြစ် မျှော်မှန်းရလဒ် အခြေခံသည့် စုစည်းချိတ်ဆက် သင်ကြားခြင်းစနစ်ကို ပြောင်းလဲသင်ကြားလျက်ရှိပြီး ကျန်းမာရေး ပညာရှင်များအကြား ယှဉ်တွဲလေ့လာသင်ယူမှု (Interprofessional Education) နှင့် လက်တွေ့ ပူးပေါင်းဆောင်ရွက် တတ်စေရေးတို့ကိုပါ ထည့်သွင်းသင်ကြားပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် တိုက်နယ်ဆေးရုံများတွင် လိုအပ်သည့် ကျန်းမာရေးဝန်ထမ်းများ ပြည့်စုံမှုရှိစေရေးအတွက် လူသားအရင်းအမြစ်များကို နှစ်စဉ်စီမံချက်ဖြင့် လေ့ကျင့်မွေးထုတ်ပေး လျက်ရှိကြောင်း၊ နောင်လာမည့် ၅ နှစ်၊ ၁၀ နှစ်နှင့် ၁၅ နှစ်အတွက် ရည်မှန်းချက်ထားပြီး ရေတို၊ ရေရှည်စီမံချက်များကိုလည်း ရေးဆွဲစီစဉ်ဆောင်ရွက် လျက်ရှိကြောင်း၊ ကျန်းမာရေး ဝန်ထမ်းများ၏ နေထိုင်စားသောက်မှု၊ အုပ်ချုပ်မှု၊ အဆောက်အအုံနှင့် လိုအပ်သည့် ထောက်ပံ့ကြေးများကိုလည်း နိုင်ငံတော်အစိုးရက ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း။

 

ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်သည် ကျန်းမာရေး စောင့်ရှောက်မှုစနစ်၏ အရေးကြီးသည့် အခြေခံ အင်အားတစ်ရပ်ဖြစ်ကြောင်း၊ အလုပ်သင်ဆရာဝန်ကာလ အောင်မြင်ပြီးမြောက်ပြီးနောက် ပြည်သူလူထု ကျန်းမာရေး စောင့်ရှောက်မှုကို တစ်တပ်တစ်အား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာန၌ ယခုကဲ့သို့ အလုပ်ဝင်ရောက်လာကြသည်ကို အထူးဝမ်းမြောက်မိကြောင်း၊ နိုင်ငံတော်ကလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြောင်း၊ ပြည်သူ့ဆေးရုံများတွင် အများပြည်သူ လူနာများအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် ဆရာဝန်လစ်လပ်နေရာများ မြန်မြန် ဆန်ဆန် ပြန်လည်ဖြည့်တင်းနိုင်ရေးအတွက် အလုပ်သင်ဆရာဝန်ကာလ ပြီးမြောက်ခဲ့သည့် မောင်တို့မယ်တို့ကို တိုက်ရိုက် ခန့်အပ်နိုင်ရန် စီမံဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း။

 

၂၀၂၅ ခုနှစ် ဇူလိုင်လတွင်လည်း သစ်လွင်ဆရာဝန် ၁၂၇၆ ဦးနှင့် သစ်လွင် သွားနှင့်ခံတွင်း ဆရာဝန် ၂၃ ဦးတို့ကို ခန့်အပ်တာဝန်ပေးအပ်ခဲ့ပြီး ယခုအခါ အဆိုပါဆရာဝန်များသည် တာဝန်ကျရာဒေသများ တွင် နိုင်ငံ့တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိပြီး ဆေးပညာဘွဲ့လွန် သင်တန်းများ ဝင်ခွင့် ဖြေဆိုရန် ပြင်ဆင်နေကြပြီဟု သိရှိရကြောင်း။

 

ထိုသို့ ကျန်းမာရေး လူ့စွမ်းအားစုများကို ဖြည့်ဆည်းပေးနိုင်ရေးနှင့်အတူ အရေအတွက်သာမက အရည်အချင်းနှင့် အဘက်ဘက်မှ ပြည့်စုံသည့် ဆေးပညာရှင်များ၊ ကျန်းမာရေးဝန်ထမ်းများ ဖြစ်လာ အောင်လည်း ကြိုးစားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ကျန်းမာရေး လူ့စွမ်းအားစုများကို သမားဂုဏ်နှင့်အညီ ဆေးပညာကျင့်ဝတ်များဖြင့် ပြည်သူလူထုကို ဦးထိပ်ထားပြီး ကျန်းမာရေး ဝန်ဆောင်မှုများပေးနိုင်ရန် စဉ်ဆက်မပြတ် မွေးထုတ်လေ့ကျင့် သင်ကြားပေးလျက် ရှိကြောင်း။

 

ပြန်တမ်းဝင် အရာရှိအဖြစ် ခန့်အပ်ပြီးဖြစ်သည့် မောင်တို့မယ်တို့အနေဖြင့် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်အလျောက် သက်ဆိုင်ရာနိုင်ငံ့ဝန်ထမ်းတက္ကသိုလ်အသီးသီးတို့တွင်လည်း လုပ်ငန်းခွင်အတွက် လိုအပ်သည့် အုပ်ချုပ်မှုဆိုင်ရာနှင့် ခေါင်းဆောင်မှုဆိုင်ရာ ပညာရပ်များကို ဆက်လက်သင်ကြား လေ့လာသွားနိုင်မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ လေ့လာသင်ယူရာတွင် ဇွဲရှိမှု၊ ခံနိုင်ရည်ရှိမှု၊ ကြံ့ခိုင်မှု၊ သည်းခံမှုနှင့် စည်းကမ်းသေဝပ်မှု စသည့်အရည်အချင်းကောင်းများကိုလည်း မွေးမြူသွားနိုင်မည်ဖြစ် ကြောင်း။

 

နိုင်ငံ့ဝန်ထမ်းတစ်ဦး ဖြစ်လာပြီဖြစ်သည့်အတွက် မိမိ၏ပညာရပ်ဆိုင်ရာကျင့်ဝတ်ကို ထိန်းသိမ်းခြင်း နှင့်အတူ ရိုးသားမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ စည်းကမ်းရှိမှုနှင့် အများပြည်သူအပေါ် လေးစားမှု တို့ကို အမြဲတမ်းထိန်းသိမ်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မိမိ၏ လုပ်ဆောင်ချက်တစ်ခု ချင်းစီသည် မိမိကိုယ်တိုင်၏ ဂုဏ်သိက္ခာသာမက ကျန်းမာရေး ဝန်ကြီးဌာန၏ ဂုဏ်သိက္ခာနှင့်လည်း ဆက်စပ် နေသည်ကို အမြဲသတိပြုကြရန် လိုကြောင်း၊ ထို့အပြင် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများ၊ ကျင့်ဝတ်များ၊ လုပ်ထုံး လုပ်နည်းများကို သိရှိလိုက်နာနိုင် ရန် တာဝန် ထမ်းဆောင်ရမည့် ဆေးရုံများတွင် သင်တန်းပို့ချပေးရန်လည်း ကျန်းမာရေးဝန်ကြီး ဌာနမှ စီစဉ်ထားပြီးဖြစ်ကြောင်း ကို ပြောကြားလိုကြောင်း။

 

မောင်တို့ မယ်တို့အနေဖြင့် မိမိတို့၏ ပညာအရည်အချင်းနှင့် ကျွမ်းကျင်မှုကို အစဉ်အမြဲမြှင့်တင် နေကြရန်လိုကြောင်း၊ လူနာများကို ကုသမှုပေးရာတွင် စေတနာ၊ ကရုဏာရှေ့ထားပြီး မိမိတို့၏ မိဘ၊ မောင်နှမ၊ ဆွေမျိုးသားချင်းများသဖွယ် မိသားစုစိတ်ဓာတ်ဖြင့် ကုသမှုများ ပေးကြရမည်ဖြစ်ကြောင်း၊ ထို့အပြင် ဆေးဘက် ဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာထိန်းသိမ်းပြီး လူနာကိုနားထောင်ပေးခြင်း၊ လူနာနှင့် မိသားစုကို ရှင်းလင်းစွာရှင်းပြခြင်း၊ လူနာ၏ ကိုယ်ရေး အချက်အလက်နှင့် လျှို့ဝှက်ချက်ကို ထိန်းသိမ်းခြင်းနှင့် လူနာ၏ ဂုဏ်သိက္ခာကို လေးစားခြင်းတို့ကို အလေးထား ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ မိမိတို့ Professional ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်သည့်၊ နိုင်ငံတော်မှ အားကိုးရသည့်၊ တာဝန်ယူမှုရှိသည့် လူနာဗဟိုပြု ဆရာဝန်ကောင်းများ ဖြစ်အောင် ကြိုးစားကြရန် လမ်းညွှန်မှာကြား လိုကြောင်း။

 

ဆေး ပညာရပ်များသည် အမြဲတမ်း တိုးတက်ပြောင်းလဲနေ သည် ဖြစ်သည့်အတွက် ယနေ့ သိထားသည့် အသိပညာသည် မနက်ဖြန်တွင် ထပ်မံတိုးတက် ပြောင်းလဲဆန်းသစ် နေနိုင်ကြောင်း၊ ထို့ကြောင့် ဆေးပညာရှင် ဘဝတစ်လျှောက်လုံး စဉ်ဆက်မပြတ် သင်ယူလေ့လာကြရန် လိုအပ်ကြောင်း၊ ဘဝအတွက်၊ အသိပညာဗဟုသုတအတွက် စာဖတ်ခြင်းကို အမြဲမပြတ်ပြုလုပ်ရန်၊ အတွေ့အကြုံ ရှိသည့် ဆရာကြီး ဆရာမကြီးများထံမှ သင်ယူလေ့လာကြရန်၊ မိမိတို့၏ လုပ်ဆောင်မှုများကို အမြဲပြန်လည်သုံးသပ်ပြီး ပိုမိုကောင်းမွန်သည့် ကုသမှုမျိုးပေးနိုင်အောင် ကြိုးစားကြရန်၊ သုတေသနပြုလုပ်ပြီး ဆန်းသစ်တီထွင်ကြရန်၊ ကုသရေးတွင် ဒေသတွင်းနိုင်ငံများနှင့် ရင်ပေါင်တန်း နိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ မောင်တို့မယ်တို့၏ ပညာရည် အဆင့်မြင့်မားလာစေရေးအတွက် မဟာဘွဲ့များ၊ ပါရဂူဘွဲ့များရရှိအောင်၊ အထူးကုများ၊ ပါမောက္ခကြီးများဖြစ်အောင် ဆက်လက်ကြိုးစား အားထုတ်သွားကြရန်လည်း အားပေး ပြောကြား လိုကြောင်း။

 

ယခုခေတ်တွင် ဉာဏ်ရည်တု နည်းပညာအသုံးပြု ဆေးကုသမှုများ၊ ဒီဂျစ်တယ်ကျန်းမာရေး၊ အွန်လိုင်းမှတစ်ဆင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း စသည့်ခေတ်မီတိုးတက်သည့် ဆေးဘက် ဆိုင်ရာ နည်းပညာများကိုလည်း လေ့လာကြရန် မှာကြားလိုကြောင်း။

 

ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်း တိုးတက် မြင့်မားလာစေရန်နှင့် ပြည်သူတစ်ရပ်လုံး သက်တမ်းစေ့ အသက်ရှည်စွာ နေထိုင်နိုင်ရေး၊ ရောဂါဘယ ကင်းဝေးစေရေးအတွက် ဦးတည်ချက်ထားပြီး နေ့ညမပြတ် ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ယနေ့ ကျင်းပသည့် အခမ်းအနားသည် အဆိုပါရည်ရွယ်ချက်များ အောင်မြင်စေရန် အလွန် အရေးပါသည့် အခမ်းအနား တစ်ခုဖြစ်ကြောင်း၊ ယနေ့မောင်တို့မယ်တို့ လက်ခံရရှိသည့် ခန့်အပ်လွှာသည် တာဝန်စတင်ခြင်းကိုသာ မဆိုလိုဘဲ နိုင်ငံတော်နှင့် ပြည်သူလူထု၏ ယုံကြည်အပ်နှံမှုကို လက်ခံ ရရှိခြင်းလည်းဖြစ်ကြောင်း၊ ယင်းယုံကြည်မှုကို တန်ဖိုးထားပြီး မိမိတို့၏ ပညာ၊ အချိန်၊ အင်အားနှင့် စေတနာတို့ကို ပြည်သူ့ကျန်းမာရေးအတွက် အကောင်းဆုံး အသုံးချကြရန်၊ ရှေ့ဆက်မည့် ဆရာဝန်ဘဝတွင် ပညာရပ်နှင့်ကျင့်ဝတ်ကို အခြေခံပြီး လူနာကို ဦးထိပ်ထားကြရန်၊ မိမိတာဝန်ကျရာ ဒေသကို တန်ဖိုး ထားကြရန်၊ လုပ်ဖော်ကိုင်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ကြ ရန်နှင့် စဉ်ဆက်မပြတ် လေ့လာ သင်ယူကြရန် မှာကြားလိုကြောင်း။

 

ပြည်သူ တစ်ဦးချင်းစီ၏ ကျန်းမာရေးကို စောင့်ရှောက်ခြင်းသည် မိသားစုတစ်စု၏ အနာဂတ်ကို စောင့်ရှောက်ခြင်းလည်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့၏ ပညာနှင့်စေတနာကို ပြည်သူ့ အကျိုး အတွက် အကောင်းဆုံး အသုံးချကြရန်၊ နိုင်ငံတော်မှ အားထားရသည့် ဆရာဝန်ကောင်း များ၊ ပြည်သူမှ ယုံကြည်အားကိုး ရသည့် ကျန်းမာရေး ပညာရှင်များဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်း မှာကြားလိုကြောင်း ပြောကြားသည်။

 

ဆက်လက်၍ နိုင်ငံတော်သမ္မတက ဆေးတက္ကသိုလ်များအလိုက်မှ ကိုယ်စားလှယ်များအား နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိ ခန့်လွှာများပေးအပ်ရာ တက္ကသိုလ် တစ်ခုချင်းစီအလိုက် ကိုယ်စားလှယ်များက လက်ခံရယူကြသည်။

 

ထို့နောက် ဆရာဝန် (သစ်လွင်) ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား သည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် အခမ်းအနားတက်ရောက်လာ ကြသူများသည် ကျန်းမာရေး ဝန်ကြီးဌာန၏ လူတိုင်းသက်ရှည်ကျန်းမာစွာ နေထိုင်ရေးနှင့် ရောဂါဘယကင်းရှင်းရေး လုပ်ငန်း ရည်မှန်းချက်အပေါ် လုပ်ငန်းဆောင်ရွက်ချက် များမှတ်တမ်း Video Clip ကို ကြည့်ရှုကြသည်။

 

mdn

 

ယင်းနောက် ဆေးတက္ကသိုလ် - ၁ (ရန်ကုန်)မှ ကျောင်းသား ကျောင်းသူများက “သွေးချင်းတို့ရဲ့မြေ” သီချင်းဖြင့် တေးသရုပ်ဖော် ဂုဏ်ပြုဖျော်ဖြေ တင်ဆက်ကြသည်။

 

ဆက်လက်၍ နိုင်ငံတော်သမ္မတက ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများနှင့် ဝန်ထမ်းများအား ဂုဏ်ပြုသစ်သီးခြင်းနှင့် ချီးမြှင့်ငွေများပေးအပ်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်