၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတို့တွင် တစ်နိုင်ငံလုံး ဘာသာတွဲအလိုက် အမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ နေပြည်တော်ရှိ အထင်ကရနေရာများ သွားရောက်လေ့လာ

နေပြည်တော်     အောက်တိုဘာ     ၁၂

၂ဝ၂၆ ခုနှစ်  တက္ကသိုလ်ဝင်စာမေးပွဲနှင့်  စက်မှု၊  စိုက်ပျိုး၊  မွေးမြူ ရေးတက္ကသိုလ်ဝင်စာမေးပွဲတို့တွင် တစ်နိုင်ငံလုံး ဘာသာတွဲအလိုက် အမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများနှင့် ကြီးကြပ် ကျောင်းအုပ်ဆရာ ဆရာမများသည် ယနေ့နံနက်ပိုင်းက အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်နှင့် အမျိုးသား စာကြည့်တိုက်တို့သို့ သွားရောက်လေ့လာခဲ့ကြသည်။

ဦးစွာ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်သို့ ရောက်ရှိရာ CONFERENCE HALL ခန်းမ၌ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက် ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က  အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်သမိုင်းအကျဉ်း၊ ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် သိမှတ်ဖွယ်ရာများကို ရှင်းလင်းပြောကြားရာ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက  သိရှိလိုသည်များကို   မေးမြန်းကြသည်။

ထို့ပြင် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်တွင် ပြသထားသည့် ခေတ်အဆက်ဆက် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးစနစ် ပြောင်းလဲမှုပြဇယားများ(အကျဉ်းချုပ်)၊ ရှေးဟောင်းပေစာ၊ ပုရပိုက်စာ၊  စာချုပ်စာတမ်းများပြခန်း၊ မှတ်တမ်းနှင့် မော်ကွန်းအထောက်အထားများအား Digital Format ဖြင့်   ပြောင်းလဲသိမ်းဆည်းခြင်း၊   မော်ကွန်းပြုပြင် ထိန်းသိမ်းခြင်း ပြခန်းတို့ကို    စိတ်ဝင်တစားကြည့်ရှုလေ့လာကြပြီး ပြခန်းများနှင့်စပ်လျဉ်း၍  သိရှိလိုသည်များကို  မေးမြန်းကြရာပြခန်း တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ အမျိုးသားစာကြည့်တိုက်သို့ရောက်ရှိရာ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးက အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၏သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့ပြင် အလင်္ကာကျော်စွာစည်သူ တက္ကသိုလ်မြတ်သူစာစုခန်း၊ အလှူရှင်စာစုခန်း၊ အာဆီယံပြခန်း၊ ကလေးစာဖတ်ခန်း၊ ပေစာ၊ ပုရပိုက်စာ၊ ကျောက်စာများ၊  အီလက်ထရွန်နစ် စာကြည့်တိုက်နှင့် စာဖတ်ခန်း၊ Bibliographic Services ဌာနစိတ်၊ ပေ၊ ပုရပိုက်ဌာနစိတ်တို့ကို စိတ်ဝင်တစားကြည့်ရှုလေ့လာကြပြီး ပြခန်းများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးသည်။

အဆိုပါ   ထူးချွန်ကျောင်းသား  ကျောင်းသူများသည် ယမန်နေ့ နံနက်ပိုင်းက တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ သွားရောက်လေ့လာကြရာ   ပြတိုက်တာဝန်ရှိသူများက  တပ်မတော်(ကြည်း၊ ရေ၊ လေ)  စစ်သမိုင်း ပြတိုက် သမိုင်းနှင့် ပြခန်းများ၊ လက်ရုံး တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးပြခန်းများကို  ရှင်းလင်းပြောကြားကာ ကျောင်းသား ကျောင်းသူများသည် ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းကြသည်။

ထို့ပြင် ပြင်ပပြကွက်များတွင် ခင်းကျင်းပြသထားသည့်တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များ၏ စစ်လက်နက်ပစ္စည်းများ၊ စစ်ရေယာဉ်များနှင့် တပ်မတော်လေယာဉ်များကို လေ့လာခဲ့ကြပြီး ညနေပိုင်းတွင် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကာ  ဘုရားရင်ပြင်တော်ပတ်လည်အတွင်း ကြည့်ရှုလေ့လာခဲ့ကြပြီး ကျောက်စာရုံစေတီတော်များနှင့် အခြားသာသနိကအဆောက်အအုံများကို ဆက်လက်ဖူးမြော်လေ့လာကြည်ညိုခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်