ဖလမ်း အောက်တိုဘာ ၁၂
ဒေသဖွံ့ဖြိုးရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက တာဝန်သိစိတ်ဓာတ်ဖြင့် လုပ်သင့်လုပ်ထိုက်သည်များ ပူးပေါင်းဆောင်ရွက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်က ယနေ့တွင် ဖလမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖလမ်းမြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက် ရေး ကော်မတီဝင်များနှင့် တွေ့ဆုံစဉ်မှာကြားသည်။
ထို့အတူ ချင်းပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည့်အခြေအနေနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး တာဝန်ရှိသူများက ဝက်သက်/ဂျိုက်သိုး ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်များ၊ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်း အစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်များက မိမိတို့ ရပ်ကွက်/ကျေးရွာအလိုက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေး လိုအပ်ချက် များတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးသည်။
အဆိုပါတွေ့ဆုံပွဲတွင် တက်ရောက်လာကြသည့် ဒေသခံများကို ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ကွန်ပေါင်းဓာတ်မြေဩဇာ အထုပ် ၇၀၊ ကော်ဖီမျိုးစေ့ ငါးကီလိုအိတ် ၁၀ အိတ်၊ ဟင်းသီးဟင်းရွက်မျိုးစေ့ ၂၃၆ ထုပ်၊ ဆီထွက် ပဲပုပ်တစ်တင်း၊ နှမ်းမျိုးကောင်းမျိုးသန့် ရှစ်ပြည် ပေးအပ်ခဲ့သည်။
တွေ့ဆုံပွဲအပြီးတွင် ဒုတိယဝန်ကြီးသည် နယ်မြေခံတပ်မှ တာဝန်ရှိသူများနှင့်အတူ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဆူရ်ဘုန်လေဆိပ်အဆောက်အအုံများ တစ်စိတ်တစ်ပိုင်းပျက်စီးမှု၊ လေယာဉ်ပြေးလမ်းအချက်ပြမီးများ ဖျက်ဆီးခံရမှု၊ လေကြောင်းထိန်းစက်ပစ္စည်းပျက်စီးမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီးလုပ်ငန်းဆိုင်ရာများ မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


