နိုင်ငံတော်ဩဝါဒါစရိယဆရာတော် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ဇ/မြောက်ရပ်ကွက် ဖက်ပင်အိုင်စာသင်တိုက် ပဓာနနာယက ဘဒ္ဒန္တဝါသေဋ္ဌ (အဘိဓဇမဟာရဋ္ဌဂုရု)၏  ထေရုပ္ပတ္တိအကျဉ်း

ဖွားမြင်တော်မူခြင်း

ဆရာတော်လောင်းလျာသည် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ဖက်ပင်အိုင်ကျေးရွာ ခမည်းတော် ဦးအောင်မြင့် + မယ်တော် ဒေါ်ဖွားအိမ်တို့က ၁၂၉၉ ခုနှစ်၊    နှောင်းတန်ခူးလဆန်း ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်တော်မူသော သားရတနာဖြစ်ပါသည်။

ရှင်ရဟန်း ပြုတော်မူခြင်း

ဆရာတော်လောင်းလျာသည် ၁၃၀၉ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက်တွင် မြင်းခြံမြို့နယ်   ဖက်ပင်အိုင်ကျေးရွာ   ရွာဦးကျောင်း တိုက်အုပ်ဆရာတော် ဘဒ္ဒန္တစန္ဒောဘာသကို ဥပဇ္စျာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရှင်သာမဏေအဖြစ်သို့ရောက်ရှိခဲ့ပြီး   ၁၃၁၉ ခုနှစ်၊ တန်ဆောင်မုန်းလပြည့် ကျော် ၈ ရက်တွင် မန္တလေးမြို့  ချမ်းအေးသာစံမြို့နယ် ပတ္တမြားကျောင်းတိုက် ခဏ္ဍသိမ်၌ မြင်းခြံ မြို့နယ်  ဖက်ပင်အိုင်ကျေးရွာ   ရွာဦးကျောင်း တိုက်အုပ် ဆရာတော် ဘဒ္ဒန္တစန္ဒောဘာသကို ဥပဇ္စျာယ် ပြု၍ ချမ်းအေးသာစံမြို့နယ်နေ ဦးကွန်းစိန်+ ဒေါ်သက်ရှည်တို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။

ပရိယတ္တိစာပေ သင်ယူဆည်းပူးတော်မူခြင်း

ဆရာတော်လောင်းလျာသည်  မြင်းခြံမြို့နယ်  ဖက်ပင်အိုင်ကျေးရွာ ရွာဦးကျောင်းဆရာတော်  ဘဒ္ဒန္တ မေဃိယ၊  တိုက်အုပ်ဆရာတော် ဘဒ္ဒန္တ စန္ဒောဘာသ၊ ဘဒ္ဒန္တပဏ္ဍိတ၊ ဘဒ္ဒန္တကောသလ္လ၊ ဘဒ္ဒန္တဓမ္မ ပဇ္ဇောတ၊ မန္တလေးမြို့ ငွေတောင်တိုက် ဓမ္မရက္ခိတရွှေဇီးကွက်အုဋ္ဌ် ကျောင်း ဆရာတော် ဘဒ္ဒန္တသုဓမ္မ၊ မစိုးရိမ်တိုက် ဆရာတော် ဘဒ္ဒန္တ ဝိစိတ္တာဘိဝံသ၊ ဘဒ္ဒန္တကောဝိဒါဘိဝံသ၊ မဟာဝေယံဘုံသာတိုက်ဆရာ တော် ဘဒ္ဒန္တကလျာဏာဘိဝံသ၊ ရွှေရေးဆောင်တိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဍဝ၊ ဘုရားကြီးတိုက် ဆရာတော်၊ မြတောင်တိုက်ဆရာတော် စသော ဆရာတော်များထံတွင် ပရိယတ္တိစာပေများကို သင်ယူ ဆည်းပူးတော်မူခဲ့ပြီး “သာသနဓဇသိရီပဝရဓမ္မာစရိယဘွဲ့”ကို ရရှိတော်မူခဲ့ပါသည်။

သာသနာရေး အားပေးဆောင်ရွက်တော်မူခြင်း

ဆရာတော်သည် သင်္ဃန်းကျွန်းမြို့နယ် ဖက်ပင်အိုင်စာသင်တိုက်၌ စာသင်သားရဟန်း၊  သာမဏေများကို ပရိယတ္တိစာပေကျမ်းဂန်များ သင်ကြားပို့ချပေးတော်မူခဲ့ခြင်း၊ ဓမ္မာစရိယစည်းမျဉ်း အဖြေကျမ်း ကို ရေးသားပြုစုတော်မူခဲ့ခြင်း၊ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တွင် မြို့နယ်သံဃနာယက အဖွဲ့ဝင် အဖြစ်လည်းကောင်း၊   နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင်အဖြစ်လည်းကောင်း၊ နိုင်ငံတော်ဝိနည်းဓိုရ် အဖြစ်လည်းကောင်း၊ တိပိဋကဓရရွေးချယ်ရေးစာမေးပွဲ ပုစ္ဆကဆရာတော်အဖြစ် လည်းကောင်း၊  အစိုးရပါဠိပထမပြန်  ပညာရေးဗဟိုအဖွဲ့ဝင်အဖြစ် လည်းကောင်း၊ အစိုးရဓမ္မာစရိယစာမေးပွဲ ပုစ္ဆက နှင့် စာစစ်ဆရာတော်အဖြစ်လည်းကောင်း ဆောင်ရွက်တော်မူခဲ့ခြင်းနှင့် ယနေ့အထိ  နိုင်ငံတော် ဩဝါဒါစရိယဆရာတော်အဖြစ် သာသနာ့တာဝန်များကို ထမ်းဆောင်တော်မူခဲ့ပါသည်။ 

ဘွဲ့တံဆိပ်တော်အလှူခံရရှိတော်မူခြင်း

ဤသို့လျှင် ဗုဒ္ဓသာသနာတော်အကျိုးကို ထက်သန်သော ဝီရိယဖြင့် သယ်ပိုးဆောင်ရွက်တော်မူခဲ့သော သာသနဓုရာဝဟဂုဏ်၊ အဂ္ဂမဟာပဏ္ဍိတ လဒ္ဓလဉ္ဆနဂုဏ်၊ ရတ္တညူမဟာနာယကဂုဏ်၊ ပိဋကတ္တယ ဆေကဂုဏ်၊ ခမာ ဇာဂရိယဂုဏ်၊ လဇ္ဇီပေသလ သိက္ခာကာမဂုဏ် စသည်တို့နှင့် ပြည့်စုံတော်မူခြင်းတို့ ကြောင့် နိုင်ငံတော်အစိုးရက ဆရာတော်ကြီးအား ၂၀၂၁ ခုနှစ်တွင် “အဘိဓဇမဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်မြတ်ကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ဘဝနတ်ထံ ပျံလွန်တော်မူခြင်း

ဤသို့လျှင် သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက်တော် မူရင်းသက်တော် ၈၉ နှစ်၊ သိက္ခာ ၆၉ ဝါရှိ မဟာထေရ်မြတ်ကြီးသည် ၁၃၈၈ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက် (၁၂-၁၀-၂၀၂၆)၊ တနင်္လာနေ့၊ နံနက် ၀၂ နာရီ ၂၅ မိနစ်အချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။