ပုသိမ် အောက်တိုဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင် မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ၏ အထက်ရေပြင်နှင့် ထိစပ်အပိုင်းမှစ၍ တမံအိလျော့နေရာ တစ်လျှောက်တွင် မိုးရေစိုခြင်း၊ နေပူဒဏ်နှင့် ရေလှိုင်းရိုက်ခတ်ခြင်းဒဏ် မခံရစေရန်အတွက် မိုးကာရေဖျင်များ စနစ်တကျ အုပ်မိုးကာကွယ်ခြင်းနှင့်အတူ တမံအိလျော့မှု အခြေအနေနှင့် ကာကွယ်ထိန်းသိမ်းမှု အခြေ အနေများကို ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထို့နောက် တမံရေအမြန်ဆုံးလျှော့ချနိုင်ရေးအတွက် တမံရေထုတ်ပြွန်မှ ၄၀၀ ကုဗပေ/ စက္ကန့်ရေလျှော့ချမှုအခြေအနေ၊ တမံအောက်ပိုင်း အိလျော့ကျမှုအား ကာကွယ်ထိန်းသိမ်း နိုင်ရန်အတွက် တမံအောက်ခြေဆင်ခြေလျှော၏ အပြင်ဘက်မှ မြေသားတမံပုံစံတမံအောက် ခြေထောက်ခြင်းအား မြေတူးစက်သုံးစီး၊ မြေထိုး စက်တစ်စီး၊ မြေသယ်ယာဉ်ခုနစ်စီးတို့ဖြင့် ဆောင်ရွက်လျက်ရှိရာ စုစုပေါင်း အလျားပေ ၃၀၀၊ အောက်ခြေအကျယ် ပေ ၁၀၀၊ ထိပ်ဝ အကျယ် ပေ ၇၀ နှင့် အမြင့် ၁၅ ပေအထိ ဆောင်ရွက်ပြီးစီးမှု၊ တမံအောက်ခြေထောက် ခြင်းလုပ်ငန်းအဖြစ် ဆောင်ရွက်လျက်ရှိသော မြေသားတမံပုံစံ၏ နောက်ဘက်တွင် ရေစစ် ကျောက်ရိုး (Rock Toe) အလျားပေ ၅၅၀၊ အောက်ခြေပျမ်းမျှအကျယ် ၂၆ ပေ၊ ထိပ်ဝ အကျယ်ခြောက်ပေ၊ ပျမ်းမျှအမြင့် ၁၀ပေ ထည့်သွင်း တည်ဆောက်နိုင်ရေးအတွက် မြေပြင်အနေအထား အသေးစိတ်တွက်ချက် ခြင်းနှင့် ကျောက်ကြီးများစုဆောင်းထားရှိပြီး တည်ဆောက်ရေးလုပ်ငန်းများ တစ်ပါတည်း ဆောင်ရွက်နိုင်ရေး ပြင်ဆင်ထားရှိမှု အခြေ အနေများ၊ အရေးပေါ်ရေပိုလွှဲအား နိမ့်မြင့်မှတ် ရေအမှတ် ၃၁၂ ပေမှ ၃၀၇ ပေသို့ ထပ်မံနှိမ့်ချ ၍ ရေလျှော့ချနိုင်ရန် ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် မမြရေလှောင်တမံ၏ အရေးပေါ်ရေပိုလွှဲမှ ရေထုတ်လွှတ်ဆောင်ရွက်နေသဖြင့် ရေဝါချောင်းနှင့်မမြချောင်းအတွင်း ရေစီးဆင်းဝင်ရောက်မှုအခြေအနေနှင့် ကြိုတင် ရွှေ့ပြောင်းရသည့် ပြည်သူများကို တပ်မတော်သားများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များက ပြည်သူများအား ကူညီရွှေ့ပြောင်းပေးနေမှုတို့ကို ကြည့်ရှုပြီး အားပေးစကားပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်သည်။
မမြရေလှောင်တမံ မြေသားတာပေါင် နိမ့်ကျမှုကြောင့် လတ်တလောရေဝင်ရောက်မှု မရှိ သော်လည်း ပြည်သူများအားဘေးအန္တရာယ် ထိခိုက်မှုမရှိစေရေး ရေဝင်ရောက်နိုင်သည့်အတွက် ကြိုတင်ရွှေ့ပြောင်းမှုအနေဖြင့် မြန်အောင်မြို့နယ်နှင့် အင်္ဂပူမြို့နယ်အတွင်း ရွာနှင့်နီးစပ်ရာ ကုန်းမြင့်ဒေသကျေးရွာများနှင့် ဘုန်းတော်ကြီးကျောင်းများသို့ ကျေးရွာအုပ်စု ၁၁ အုပ်စုမှ အိမ်ထောင်စု ၂၇၀၁ စု၊ လူဦးရေ ၁၀၉၀၃ ဦးအား တပ်မတော်သားများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများကဝိုင်းဝန်းကူညီ၍ ရွှေ့ပြောင်းထားရှိပြီးဖြစ်ကာ ကယ်ဆယ်ရေးစခန်း ၁၄ ခု တွင် အိမ်ထောင်စု ၁၃၂၃ စု၊ လူဦးရေ ၄၇၁၅ ဦး ခေတ္တနေထိုင်လျက်ရှိပြီး ၎င်းတို့၏နေထိုင် စားသောက်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့က လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


