ရန်ကုန် အောက်တိုဘာ ၁၂
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဂျီတီစီပုံနှိပ်စက်ရုံ၊ စာပေဗိမာန်ပုံနှိပ်စက်ရုံနှင့် အောင်ဆန်းပုံနှိပ် စက်ရုံတို့သို့ရောက်ရှိပြီး စက်ရုံမှူးများနှင့် အရာထမ်းများအား တွေ့ဆုံ၍ ပုံနှိပ်လုပ်ငန်းများတွင် အရည်အသွေးပြည့်မီရေး၊ ကျောင်းသုံးဖတ်စာအုပ်များနှင့် ဌာနဆိုင်ရာပုံနှိပ်အပ်နှံမှုများအား အချိန်မီပုံနှိပ်ပြီးစီးရေး၊ ကြုံတွေ့လာနိုင်မည့် အယ်လ်နီညိုဖြစ်စဉ်အတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရှိရေး၊ လုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များကို မှာကြားသည်။
ထို့နောက် ပုံနှိပ်စက်ရုံများတွင် လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံအားပေးကာ လိုအပ်သည်များ မှာကြားသည်။
မွန်းလွဲပိုင်းတွင် မင်္ဂလာတောင်ညွန့်မြို့နယ် ဗိုလ်မင်းခေါင်လမ်းရှိ စာပေဗိမာန် ပြည်သူ့ စာကြည့်တိုက်တွင် ၂၀၂၅ ခုနှစ်အတွက် အမျိုးသားစာပေဆုနှင့် စာပေဗိမာန် စာမူဆု ချီးမြှင့်ပွဲအခမ်းအနားကျင်းပနိုင်ရေးအတွက် စာပေပညာရှင်ကြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
သတင်းစဉ်


