နေပြည်တော် အောက်တိုဘာ ၁၂
နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ်(၂၉)တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်း ကိုက်ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီး၌ စုဖွဲ့၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြပြီး ယနေ့နံနက်ပိုင်းတွင် အဆိုပါ သင်တန်းကျောင်း အသီးသီး၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂၉) သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။
အဆိုပါ သင်တန်းဖွင့်ပွဲများသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်း ဖွင့်အမှာစကားများ ပြောကြားကြသည်။ ထို့နောက် တက်ရောက်လာကြသူများက ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂၉)မှ သင်တန်းသားများအား တွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင် ပစ္စည်းများ ပေးအပ်ကြပြီး သင်တန်းသားများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။
ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန် အရေးသုံးပါးကို ထိန်းသိမ်း စောင့်ရှောက်ရန် နိုင်ငံသားတိုင်း တွင် တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် စစ်ပညာသင်ကြား ရန်နှင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်း သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ အဆိုပါ ပြည်သူ့စစ်မှု ထမ်းသင်တန်းများမှ သင်တန်း ဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများသည် တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့အသီးသီး တွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဦးလည်မသုန် ကျေပွန်စွာထမ်းဆောင်နေ ကြပြီ ဖြစ်သည်။
ယနေ့တွင် ဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂၉)မှ နိုင်ငံ့သားကောင်း လူငယ်များအဖြစ် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်ရန် သင်တန်း တက်ရောက်ကြမည့် သင်တန်းသားများ၏ စကားသံများကိုလည်း ယခုလိုပဲ ကြားသိရ ပါတယ်-
၁။ ကျွန်တော် ဒီသင်တန်းကို မိမိရဲ့ဆန္ဒအရ စစ်မှုထမ်းရန် တက်ရောက်လာခြင်း ဖြစ်ပါတယ်။ ဆရာတွေ သင်ကြားပေးတဲ့ ပညာရပ်အတိုင်း စနစ်တကျ လိုက်နာသင်ယူမယ်လို့ ဆုံးဖြတ် ထားပါတယ်။ သင်တန်းကာလ ပြီးမြောက်သွားလို့ရှိရင် အထက်ကပေးတဲ့ အမိန့်နဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်သွားမှာပါ။
၂။ စစ်မှုထမ်းဆင့်ခေါ်စာပေါ့နော်၊ နှစ်နှစ်တာဝန်ထမ်းဆောင်ရမယ် ဆိုပြီးတော့ ဆင့်ခေါ်စာရောက် လာလို့ လာရောက်ထမ်းဆောင် တာဖြစ်ပါတယ်။ ဘယ်အရာမဆို အောင်မြင်အောင် နောက်ဆုံး ပြီးတဲ့အချိန်ထိ ကြိုးစားသွားမှာပါ။ တိုင်းပြည်ကိုလည်း ကျေးဇူးဆပ်ရာရောက်ပါတယ်။ ပြီးတော့ လည်း ဒီနှစ်နှစ်ဆိုတာက လူတိုင်းယောက်ျားတိုင်း တာဝန်ထမ်းဆောင်ရမှာဖြစ်တဲ့အတွက် ရှောင်လွှဲလို့ မရပါဘူး။ အပြင် လောကနဲ့ တပ်မတော်ဆိုတာတော့ အများကြီး ကွာခြားပါတယ်။ အပြင်မှာကျတော့ ကျွန်တော်တို့ နေချင်သလိုနေတယ်၊ စားချင်သလို စားတယ်၊ သွားချင်သလိုသွားတယ်။ ဒါပေမဲ့ ဒီထဲမှာရောက်သွားတဲ့ ဒီနှစ်နှစ် ကနေ ပြီးသွားလို့ရှိရင် ကျွန်တော် တို့ အရင်လိုနေဖြစ်မှာတော့ မဟုတ်တော့ပါဘူး။ ဒီထဲကအတိုင်းပဲ မနက်ဆိုရင်လည်း ကိုယ့်ဘာသာကိုယ် ထစရာရှိတာ ထမယ်၊ လုပ်စရာရှိတာလေးတွေ လုပ်မယ်၊ အရာရာအားလုံး စနစ် တကျနဲ့ ကိုယ့်တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ အဲဒီလိုမျိုး သွားပါမယ်။ ကျွန်တော်တို့ နိုင်ငံခြားသွားတာ ပဲဖြစ်ဖြစ်၊ ကိုယ့်ရပ်၊ ကိုယ့်ဒေသ မှာပဲဖြစ်ဖြစ် အကုန်လုံးက လွတ်လွတ်လပ်လပ် နေနိုင်မယ်။ ပြီးတော့ နိုင်ငံပေါ်မှာလည်း နှစ်နှစ်ဆိုတာ ပြီးသွားတာဖြစ်တဲ့ အတွက် တာဝန်ကျေပွန်တယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း အများကြီးရပါတယ်။ ဘာမှမဖြစ်ပါဘူး။ ကျွန်တော်တို့ အပြင်မှာတော့ ကြောက်တာပေါ့၊ ဒါပေမဲ့ တကယ်တမ်း ရောက်သွားတဲ့ အခါမျိုးကျတော့ ထင်သလောက်လည်း မဟုတ်ပါ ဘူး။ အကုန်လုံးကတော့ ခက်ခဲပါတယ်။ ဒါပေမဲ့လည်း ကိုယ်ကယောက်ျားဆိုတော့ ဖြတ်ကျော် ရမှာပဲလေ။
သတင်းစဉ်


