မိုးနဲ အောက်တိုဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ထားရှိသော လွိုင်ချိုကျေးရွာအုပ်စု ဆွမ်မွန်းကျေးရွာရှိ ဥစားကြက်မွေးမြူရေးခြံသို့ တာဝန်ရှိသူများက အောက်တိုဘာ ၁၀ ရက် မွန်းလွဲပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
နမ့်စန်ခရိုင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်၊ မိုးနဲမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာအောင်လင်းတို့က ဆွမ်မွန်းကျေးရွာ ဥစားကြက်မွေးမြူရေးခြံတွင် စစ်ဆေးခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူးက မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ ရာသီအလိုက် ဖြစ်ပွားတတ်သောရောဂါများ ကြိုတင်ကာကွယ်ရေး၊ အယ်လ်နီညိုဖြစ်စဉ်ကြောင့် မွေးမြူရေးလုပ်ငန်းများ ထိခိုက်မှုမရှိစေရေး ဆောင်ရွက်ထားရန်၊ ဥစားကြက်ကောင်ရေ တိုးချဲ့မွေးမြူနိုင်ရေးတို့ကို မှာကြားခဲ့ရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးက မွေးမြူထုတ်လုပ်မှု တိုးတက်မြင့်မားပြီး ဒေသတွင်း ကြက်ဥစားသုံးမှုဖူလုံစေရေးနှင့် ရာသီအလိုက်ဖြစ်ပွားတတ်သောရောဂါများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။
အဆိုပါကြက်ခြံတွင် နေ့စဉ်ကြက်ဥ အလုံး ၁၀၀၀၀ ခန့်ထွက်ရှိပြီး မြို့တွင်းသို့ သင့်တင့်သော ဈေးနှုန်းများဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဝိုးတောင်း


