နေပြည်တော် အောက်တိုဘာ ၁၁
တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို လက်ရွေးစင်အားကစားသမားများမှတစ်ဆင့် နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်သည့် မြန်မာ့လက်ရွေးစင်အားကစားသမားများအဖြစ် တက်လှမ်းနိုင်စေရန်နှင့် မျိုးဆက်သစ် လူငယ်အားကစားသမားကောင်းများ စဉ်ဆက်မပြတ်ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ကျင်းပလျက်ရှိရာ ၂၀၂၆ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာ အားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်းများနှင့် အားကစားရုံများတွင် ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား (၃၃)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) တိုက်ကွမ်ဒိုပြိုင်ပွဲကို ဇေယျာသီရိတပ်မတော်အားကစားရုံ(A)၌ အဆင့်အလိုက်ဖလိုင်းဝိတ်တန်း၊ ဝယ်တာဝိတ်တန်း၊ ဟဲဗီးဝိတ်တန်း ဗိုလ်လုပွဲ ပွဲစဉ်များကိုလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ (၃၃)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မြန်မာ့သိုင်းပြိုင်ပွဲကို ဇေယျာသီရိတပ်မတော်အားကစားရုံ(C)၌ အမျိုးသားဗန်တို အတိုက်(က)တန်း ဗိုလ်လုပွဲပွဲစဉ်၊ အမျိုးသား ပန်ကြပ်ဆီလပ်အတိုက်(က)တန်း ဗိုလ်လုပွဲစဉ်၊ အမျိုးသားပန်ကြပ် ဆီလပ်အတိုက်(ခ)တန်း ဗိုလ်လုပွဲစဉ်၊ အမျိုးသမီးပန်ကြပ်ဆီလပ်အတိုက် ဗိုလ်လုပွဲစဉ်၊ အမျိုးသားဓားတစ်လက် အတိုက်(က)တန်း ဗိုလ်လုပွဲပွဲစဉ်၊ အမျိုးသား ဓားနှစ်လက်အတိုက် (ခ)တန်း ဗိုလ်လုပွဲပွဲစဉ်၊ အမျိုးသမီးဓားတစ်လက်အတိုက် ဗိုလ်လုပွဲပွဲစဉ်၊ ခွဲမှူးဆရာအဆင့် ဓားနှစ်လက် ပညာစဉ်စွမ်းရည်ပြပြိုင်ပွဲနှင့် အချုပ်၊ အဖြည် စွမ်းရည်ပြပြိုင်ပွဲများကိုလည်းကောင်း အသီးသီးယှဉ်ပြိုင်ကြသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)ဝင်းအတွင်းရှိ စံပယ်(၆) အားကစားရုံ၌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ဒိုင်းတပ်မတော်(ကြည်း၊ ရေ၊ လေ) ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲကို ကျင်းပရာ အခြေခံအထိ(၆)ချက် ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း လေးသင်းမှလည်းကောင်း၊ (၄) ပေါက်တန်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အသင်းလေးသင်းမှလည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း (၅၆)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) လက်ဝှေ့ပြိုင်ပွဲကို နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၊ တပ်နယ်အားကစားခန်းမ၌ ကီလိုတန်းအလိုက် လူသစ်တန်း၊ အလွတ်တန်းနှင့် (က)အဆင့် ဗိုလ်လုပွဲ ပွဲစဉ်များကိုလည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားကြသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖလား (၆၃)ကြိမ်မြောက် အလွတ်တန်းအဆင့် ဘောလုံးပြိုင်ပွဲကို ညနေပိုင်းတွင် ဒုတိယအကြိုဗိုလ်လုပွဲပွဲစဉ်အဖြစ် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းနှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့သည် ဇေယျာသီရိတပ်မတော် အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းကို တစ်ဂိုး-ဂိုး မရှိဖြင့် အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့ တက်ရောက်သည်။
ပြိုင်ပွဲပထမပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းအနေဖြင့် အုပ်စုပထမဖြင့် တက်ရောက်လာသော အသင်းဖြစ်သည်နှင့်အညီ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းဘက်သို့ ဂိုးပိုင်ဆိုင်မှုအသာစီးဖြင့် ဖိအားပေးတိုက်စစ်ဆင်ကစားခဲ့ပြီး ပထမပိုင်းပွဲကစားချိန်ပြီးခါနီး ချိန် ၄၅ မိနစ် ၂၅ စက္ကန့်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းမှ ဦးဆောင်ဂိုးစတင်သွင်းယူခဲ့ပြီး ပထမပိုင်းပွဲကစားချိန်အပြီးတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းကို တစ်ဂိုး- ဂိုးမရှိဖြင့် ဦးဆောင်ခဲ့သည်။
ဒုတိယပိုင်းတွင်လည်း အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းအနေဖြင့် ချေးပဂိုးပြန်လည်ရရှိနိုင်ရေးအတွက် ကြိုးပမ်းကစားခဲ့သော်လည်း ပွဲကစားချိန် ပြီးဆုံးချိန်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းက အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းကို တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သဖြင့် အောက်တိုဘာ ၁၆ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)စခန်းမှူးရုံး ကိုယ်စားပြုအသင်းနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့ ဗိုလ်လုပွဲစဉ်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
အဆိုပါအားကစားပြိုင်ပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


