အောင်သူ (အား/ကာ)
လူငယ်တိုင်း၏ဘဝတွင် အိပ်မက်များစွာ၊ ရည်မှန်းချက်ပန်းတိုင်များစွာ ရှိကြပါသည်။ ထိုပန်းတိုင်များ ဆီသို့ ခရီးနှင်ရာတွင် ခွန်အား၊ စိတ်ဓာတ်၊ ဇွဲလုံ့လနှင့် ကိုယ်ရည်ကိုယ်သွေး ပြည့်ဝမှုတို့သည် မရှိမဖြစ် လိုအပ်သော လက်နက်ကိရိယာများဖြစ်သည်။
ထိုလက်နက်ကိရိယာများကို မွေးမြူသင်ကြားပေးနိုင်သော အကောင်းဆုံးနည်းလမ်းတစ်ခုမှာ “အားကစား” ပင်ဖြစ်ပါသည်။ အားကစားကွင်းများသည် အောင်မြင်မှုနှင့် ရှုံးနိမ့်မှုများကို သင်ယူရာ စင်မြင့်ဖြစ်သလို ဘဝအတွက်အရေးကြီးသော သင်ခန်းစာများကို လက်တွေ့ကျင့်သုံးရာ လေ့ကျင့်ရေး ခန်းမတစ်ခုလည်း ဖြစ်ပါသည်။
အနာဂတ်၏ အခြေခံအုတ်မြစ်၊ လှပသော အနာဂတ်ဆိုသည်မှာ စိတ်ကူးယဉ်ဖြင့်သာ ဖန်တီးယူရသော အရာမဟုတ်ပါ။ ထိုအနာဂတ်ကို ထမ်းရွက်ရန် ကျန်းမာကြံ့ခိုင်သော ကိုယ်ခန္ဓာရှိရန် လိုအပ်ပါသည်။ အားကစားလုပ်ခြင်းဖြင့် ကလေးဘဝမှစတင်၍ ခန္ဓာကိုယ်ကြီးထွားမှုကို မှန်ကန်စေပြီးရောဂါ ဘယများကို ခုခံကာကွယ်နိုင်စွမ်း မြင့်တက်စေသည်။
ကောင်းမွန်သော ဘဝနေထိုင်မှုပုံစံ
ကျန်းမာသန်စွမ်းသော ကိုယ်ခန္ဓာသည် ပညာသင်ယူရန်၊ အလုပ်လုပ်ကိုင်ရန်နှင့် မိသားစုဝင်တစ်ဦး အဖြစ် တာဝန်ယူရန်အတွက် မရှိမဖြစ်အခြေခံ အဆောက်အအုံဖြစ်သည်။ အားကစားသမားတစ်ဦး သည် နေ့စဉ်ပုံမှန် လေ့ကျင့်ခန်းလုပ်ခြင်း၊ အာဟာရညီမျှစွာစားသုံးခြင်းတို့ကြောင့် ကောင်းမွန်သော ဘဝနေထိုင်မှုပုံစံကိုပိုင်ဆိုင်လာပြီး အနာဂတ်တွင် ကျန်းမာရေးနှင့်ပတ်သက်၍ ကြီးမားသော ပြဿနာများကို ရင်ဆိုင်ရန် နည်းပါးလာမည်။
အားကစားသည် ကိုယ်ကာယကျန်းမာရေးအတွက်သာမက စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအတွက်ပါ အထောက် အကူပြုသည်။ မည်သည့်အားကစားမျိုးကိုမဆို ကျွမ်းကျင်လာစေရန် လေ့ကျင့်မှု ပုံမှန် ပြုလုပ်ရသည်။ ထိုသို့ပြုလုပ်ရာတွင် စည်းကမ်းရှိရှိ ဇွဲမလျှော့ဘဲ ကြိုးစားရသော အလေ့အကျင့်သည် ဘဝတွင်လည်း ပညာရေး၊ အလုပ်အကိုင်နှင့် ပုဂ္ဂိုလ်ရေးရာ ရည်မှန်းချက်များ အောင်မြင်ရန်အတွက် အလွန်အရေးကြီးသော အရည်အသွေးများဖြစ်ပါသည်။
ဘောလုံး၊ ဘတ်စကက်ဘော၊ ပိုက်ကျော်ခြင်း စသောအသင်းလိုက် အားကစားများသည် မိမိ တစ်ဦးတည်း၏ ကျွမ်းကျင်မှုထက် အသင်းသားများနှင့် ညှိနှိုင်းလုပ်ကိုင်တတ်မှု၊ အခြားသူများ၏ အားသာချက်ကို အသိအမှတ်ပြုပြီး ပူးပေါင်းဆောင်ရွက်တတ်မှုကို သင်ကြားပေးသည်။ ဤသည်မှာ ယနေ့ခေတ်လုပ်ငန်းခွင်တိုင်း၏ အခြေခံလိုအပ်ချက်တစ်ရပ် ဖြစ်နေပြီဖြစ်သည်။
အားကစားပွဲတိုင်းတွင် အနိုင်နှင့်အရှုံးဟူ၍ရှိသည်။ ရှုံးနိမ့်မှုတစ်ခုသည် နောက်ဆုံးမဟုတ်ကြောင်း၊ ထို ရှုံးနိမ့်မှုမှ သင်ခန်းစာယူကာ ပိုမိုကြိုးစားပြင်ဆင်ရန်လိုကြောင်းကို အားကစားက သင်ကြားပေးသည်။ ဤသို့သော စိတ်ဓာတ်သည် ဘဝ၏အခက်အခဲဆိုးများကို ရင်ဆိုင်ကျော်လွှားနိုင်စွမ်းအား မြှင့်တင် ပေးပြီး စိတ်ကျန်းမာရေးကိုပါ ကောင်းမွန်စေသည်။
တင်းနစ်ကစားခြင်း၊ မြားပစ်ခြင်း၊ စစ်တုရင်ကစားခြင်းစသည့် အားကစားနည်းများသည် အာရုံစူးစိုက်မှု ကို အလွန်တိုးတက်စေသည်။ လျှပ်တစ်ပြက်အခြေအနေများတွင် မှန်ကန်သောဆုံးဖြတ်ချက်ကို မြန်မြန်ဆန်ဆန် ချမှတ်နိုင်စွမ်းသည် ပညာရေး၊ စီးပွားရေးနယ်ပယ်များတွင်ပါ အထောက်အကူပြုသော အရည်အသွေးတစ်ရပ်ဖြစ်သည်။
အားကစားတွင် ထူးချွန်ထက်မြက်သော လူငယ်များအတွက် ကြီးမားသော အခွင့်အလမ်းများရှိပါသည်။ နိုင်ငံတကာ အားကစားပွဲများတွင် ကိုယ်စားပြုယှဉ်ပြိုင်ခွင့်ရခြင်း၊ ထင်ရှားသောကလပ်များမှ ကြိုဆိုခေါ်ယူခြင်းခံရခြင်းစသည်ဖြင့် ကမ္ဘာကြီးကို ခြေဆန့်ခွင့်ရှိသည်။ ထို့အပြင် အားကစားဆိုင်ရာ၊ ပညာရေးဆိုင်ရာ ဆုတံဆိပ်များ (Scholarships) မှတစ်ဆင့် နိုင်ငံခြားရှိ ထိပ်တန်းတက္ကသိုလ်များတွင် ပညာသင်ယူခွင့် ရရှိနိုင်သည်။ အားကစားသမားဘဝ အပြီးတွင်လည်း နည်းပြ၊ သင်တန်းဆရာ၊ အားကစားဆိုင်ရာ စီမံခန့်ခွဲသူ၊ ကျန်းမာရေးနှင့် ဖျော်ဖြေရေးလုပ်ငန်းများစွာတွင် အလုပ်အကိုင် အခွင့်အလမ်းများစသည်ဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို အဆင်ပြေချောမွေ့ အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။
အားကစားကလူငယ်များအား မကောင်းသောအပြုအမူများ၊ မူးယစ်ဆေးဝါးအန္တရာယ်များမှ ဝေးရာသို့ ဦးတည်စေသည်။ အားကစား လုပ်ခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်လာပြီး စိတ်ဖိစီးမှုများ ကို ကောင်းစွာထိန်းချုပ်နိုင်လာသည်။ အားကစားကွင်းများသည် လူမျိုးဘာသာမရွေး၊ ဆင်းရဲချမ်းသာ မရွေး အားလုံးနှင့်ရင်းနှီးခင်မင်ရာနေရာဖြစ်ကာ လူမှုဆက်ဆံရေး ကွန်ရက်များ တည်ဆောက်ရန် အတွက်လည်း အကောင်းဆုံးနေရာတစ်ခုဖြစ်သည်။
လူငယ်များကို အားကစားလုပ်ရန် အားပေးမှုသည် မိဘများ၊ ဆရာများနှင့် ပတ်ဝန်းကျင် အသိုင်းအဝိုင်း ၏ တာဝန်ဖြစ်သည်။ ကျောင်းများတွင် အားကစားပြိုင်ပွဲများ ပုံမှန်ကျင်းပပေးခြင်း၊ အားကစား ပစ္စည်းကိရိယာများ ထောက်ပံ့ပေးခြင်း၊ အားကစားအတွက် အချိန်ပေးနိုင်ရန် စီစဉ်ပေးခြင်းတို့ဖြင့် လူငယ်များ၏ စွမ်းရည်များပေါ်ထွန်းလာစေရန် များစွာအထောက်အကူပြုနိုင်ပါသည်။
ထို့အပြင် အားကစားသည် ရွှေတံဆိပ်ဆုတံဆိပ် အတွက်သာမက ပိုမိုကျယ်ပြန့်သော ဘဝအတွက် သင်ကြားပေးသည့် သင်တန်းကျောင်းကြီးတစ်ခုနှင့်တူသည်။ ယင်းမှာလူငယ်တစ်ဦးအား ကိုယ်ကာယ ကြံ့ခိုင်မှုမှသည် စိတ်ဓာတ်ခွန်အား၊ လူမှုရေးစွမ်းရည်များအထိစုံလင်စွာ ဖွံ့ဖြိုးတိုးတက်စေပြီး ပညာရေးနှင့် အလုပ်အကိုင်ဆိုင်ရာ တံခါးပေါက်များစွာကို ဖွင့်လှစ်ပေးနိုင်သည်။ လူငယ်တစ်ဦးချင်း စီအား အားကစားနှင့် နီးစပ်ခွင့်ပေးခြင်းသည် သူတို့၏ကိုယ်ပိုင်စွမ်းရည်ကို ရှာဖွေတွေ့ရှိခွင့်ပေးခြင်း ဖြစ်ပြီး လူ့အသိုင်းအဝိုင်းအတွက် ကျန်းမာကြံ့ခိုင်ပြီး စိတ်ဓာတ်မြင့်မားသော ခေါင်းဆောင်ကောင်းများ မွေးထုတ်ပေးရာ လည်းရောက်သည်။
သို့ဖြစ်ရာ ကျွန်ုပ်တို့၏ ကလေးငယ်များ၊ လူငယ်များ၏ လက်ကိုကိုင်ကာ အားကစားကွင်းသို့ ခေါ်ဆောင်သွားကြရန် အချိန်တန်ပြီဖြစ်ပါသည်။ အားကစားကွင်းမှ သင်ယူရသော သင်ခန်းစာ တိုင်းသည် သူတို့အား ပိုမိုလှပပြီး အောင်မြင်သောအနာဂတ်ဆီသို့ ခြေလှမ်းတစ်လှမ်းစီ နီးကပ်စေမည် ဖြစ်ပါသည်။
ထို့ကြောင့် အားကစားမှတစ်ဆင့် လှပသောအနာဂတ်များဆီသို့ ဟူသည့်အတိုင်း အားကစားလောကမှ တစ်ဆင့်ဘဝအတွက် သင်ယူလေ့လာမှုများပြုလုပ်ပြီး လှပသောအနာဂတ်များကို တည်ဆောက် နိုင်သော လူငယ်များပေါ်ထွက်လာကာ အမိမြန်မာနိုင်ငံ၏အနာဂတ်ကို အလှပဆုံး ပုံဖော်ထုဆစ် နိုင်ကြပါစေကြောင်း ရေးသားတင်ပြလိုက်ရပါသည်။


