ပနားမားစီးတီး အောက်တိုဘာ ၁၀
ပနားမားနိုင်ငံ၌ အောက်တိုဘာ ၉ ရက်က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ ကြောင်း သိရသည်။
ငလျင်ဗဟိုချက်မှာ လော့စ်ဆန်တို့စ်ပြည်နယ် တိုနိုဆီမြို့၏ အနောက်မြောက်ဘက် ၃၉ ကီလိုမီတာ အကွာတွင် တည်ရှိကြောင်း ပနားမားတက္ကသိုလ် ဘူမိသိပ္ပံဌာန၏ ပြင်ဆင်ထုတ်ပြန်ထားသော အစီရင် ခံစာအရ သိရသည်။ အမေရိကန် ဘူမိဗေဒစစ်တမ်း ဌာနက ငလျင်ပြင်းအားကို ကနဦးတွင် ၈ ဒသမ ၀ ဟု ထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်းတွင် ၇ ဒသမ ၇ အဆင့်သို့ ပြင်ဆင်သတ်မှတ်ခဲ့သည်။
ငလျင်လှုပ်ခတ်မှုကြောင့် ဒေသအတွင်း၌ ပြင်းထန်သောတုန်ခါမှုများ ဖြစ်ပေါ်ခဲ့ပြီး မြို့တော် ပနားမားစီးတီးတွင်လည်း သိသိသာသာ ခံစားခဲ့ရသည်။ Albrook ဘတ်စ်ကားဂိတ်၏ အမိုးများ ယိမ်းယိုင်နေခြင်းနှင့် အဆောက်အအုံအချို့ရှိ ပြတင်းပေါက်များ ပြင်းထန်စွာ တုန်ခါနေခြင်းတို့ကို လူမှု ကွန်ရက်များတွင် ပျံ့နှံ့ခဲ့သော ဗီဒီယိုများ၌ တွေ့မြင်နိုင်သည်။
ငလျင်လှုပ်ခတ်ပြီးနောက် အမေရိကန် ဆူနာမီ သတိပေးစနစ်က ပနားမား၊ ကိုလံဘီယာ၊ ကော့စတာရီ ကာ၊ အီကွေဒေါ၊ ပီရူး၊ နီကာရာဂွါ၊ ဂွါတီမာလာ၊ အယ်လ်ဆာဗေဒေါနှင့် မက္ကဆီကိုနိုင်ငံတို့၏ ကမ်းရိုး တန်းဒေသအချို့တွင် သုံးနာရီအတွင်း အန္တရာယ်ရှိသော ဆူနာမီလှိုင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် အဆိုပါသတိပေးချက်ကို ပြန်လည်ရုပ်သိမ်း ခဲ့သည်။ ထို့ပြင် ချီလီရေတပ်၏ ရေကြောင်းနှင့် သမုဒ္ဒရာဆိုင်ရာ ဝန်ဆောင်မှုဌာနရှိ ဆူနာမီသတိပေးရေးဌာနကလည်း ငလျင်ကြောင့် ချီလီနိုင်ငံပိုင် Easter ကျွန်း ကို ထိခိုက်စေနိုင်သည့် ဆူနာမီလှိုင်းများ ဖြစ်ပေါ်လာ နိုင်ကြောင်း သတိပေးခဲ့သည်။
ပနားမားတူးမြောင်း အာဏာပိုင်အဖွဲ့က ငလျင်လှုပ်ခတ်ပြီးနောက် တူးမြောင်း၏ လုပ်ငန်းလည်ပတ် မှုများ ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ အရေးပေါ်လုပ်ထုံး လုပ်နည်းများကို စတင်ဆောင်ရွက်ထားပြီး နည်းပညာအဖွဲ့များက တူးမြောင်းဆိုင်ရာ အဆောက် အအုံများတွင် ထိခိုက်ပျက်စီးမှု ရှိ၊ မရှိ စစ်ဆေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဆင်ဟွာ


