တောင်ကိုရီးယားနိုင်ငံ၏ ပထမဆုံး ဟိုက်ပါဆွန်နစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုအောင်မြင်

ဆိုးလ် အောက်တိုဘာ ၁၀

တောင်ကိုရီးယားနိုင်ငံက ၎င်း၏ ပထမဆုံး ဟိုက်ပါဆွန်နစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း တောင်ကိုရီးယား သမ္မတရုံးက ယမန်နေ့တွင် ကြေညာခဲ့သည်။

ဟိုက်ပါဆွန်နစ်ဒုံးကျည်သည် ကြားဖြတ် ဟန့်တားဖျက်ဆီးရန် အလွန်ခက်ခဲသည့် လက်နက် အမျိုးအစားသစ်ဖြစ်သည်။ အဆိုပါဒုံးကျည်၏ ထိပ်ဖူးသည် အမြင့်ပိုင်း၌ တွန်းကန်အားပေးစနစ်မှ ခွဲထွက်ပြီးနောက် အသံ၏အမြန်နှုန်းထက် ငါးဆ သို့မဟုတ် ၎င်းထက်ပိုမိုမြန်ဆန်သည့်နှုန်းဖြင့် အနိမ့်ပိုင်းမှ ပျံသန်းနိုင်ကာ ပျံသန်းလမ်းကြောင်းကိုလည်း ပြောင်းလဲနိုင်ကြောင်း သိရသည်။

ဒုံးကျည်ကို ပင်လယ်ပြင်ရှိ ပစ်လွှတ်စင်တစ်ခုမှ စမ်းသပ်ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး ခွဲထွက်လာသည့် ထိပ်ဖူးသည် ဒေါင်လိုက်နှင့် အလျားလိုက် ပျံသန်းလမ်းကြောင်းများကို ပြောင်းလဲကာ သတ်မှတ် ပစ်မှတ်သို့ တိကျစွာရောက်ရှိခဲ့ကြောင်း အတည်ပြုနိုင်ခဲ့သည်။အဆိုပါစမ်းသပ်မှုကို တောင်ကိုရီးယား သမ္မတ လီဂျယ်မြောင်က ကိုယ်တိုင်ကြီးကြပ်ခဲ့သည်။

တောင်ကိုရီးယားနိုင်ငံအနေဖြင့် ကိုယ်ပိုင်စွမ်း ရည်များကို အသုံးပြု၍ နိုင်ငံတော်လုံခြုံရေးကို အာမခံ သွားမည်ဖြစ်ကြောင်း သမ္မတလီက ပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံကို ကာကွယ်စောင့်ရှောက်နိုင်သည့် မဟာဗျူဟာမြောက် လက်နက်တစ်ခုဖြစ်လာစေရန် ဟိုက်ပါဆွန်နစ်ဒုံးကျည်ကို ဆက်လက်အဆင့်မြှင့်တင် သွားရန်လိုအပ်ကြောင်း ၎င်းက အလေးထား ပြောကြားခဲ့သည်။

အလားတူ မြောက်ကိုရီးယားနိုင်ငံသည်လည်း မကြာသေးမီနှစ်များအတွင်း ဟိုက်ပါဆွန်နစ်ဒုံးကျည် များကို တီထွင်ထုတ်လုပ်လျက်ရှိပြီး စမ်းသပ်ပစ်လွှတ်မှုများနှင့်ပတ်သက်သည့် သတင်းများကိုလည်း ထုတ်ပြန်ခဲ့ဖူးကြောင်း သိရသည်။

အင်န်အိတ်ချ်ကေ