နေပြည်တော် အောက်တိုဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး မြန်အောင် မြို့နယ်ရှိ မမြရေလှောင်တမံသည် ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် ရေလှောင်တမံ၏ တမံပေါင်မှာ တမံအလျား ၂၅၀ ပေ၊ အနံ ၁၀ ပေခန့်မှ မြေသား ၂၇ ပေ ခန့်အထိ လျော့ကျခဲ့သည့်အတွက် ယနေ့ နံနက်ပိုင်းမှစ၍ အရေးပေါ်ရေပိုလွှဲမှ ဆည်ရေများ လျှော့ချလျက်ရှိပြီး ထိုသို့ဆောင်ရွက်မှုကြောင့် ရေလှောင်တမံပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများနှင့် ၎င်းတို့၏ စိုက်ဧကများ ထိခိုက်မှုမရှိကြောင်း သိရှိ ရသည်။
အဆိုပါ မမြရေလှောင်တမံ သည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ လ ၇ ရက်မှစတင်၍ အလျား ၅၀ ပေခန့်၊ အနံ ၄ ပေခွဲခန့်၊ မြေသား ၈ လက်မခန့် နိမ့်ကျခဲ့သည့်အတွက် အဆိုပါနေရာအား ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ပြုပြင်ထိန်းသိမ်း ရေးလုပ်ငန်းများကို ဆောင်ရွက်စဉ် အောက်တိုဘာ ၉ ရက် ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် တမံပေတိုင် ၉၉၀၀ နှင့် ၁၀၀၀၀ အကြား၊ ဆည် ပေါင်ကားလမ်း၏ အလျား ၂၀၀ ပေခန့်၊ အကျယ် ၂၄ ပေခန့်မှ ရေလှောင်ကန်ဘက်ခြမ်း ၆ ပေ ခန့်မှာ မူလအတိုင်းတည်ရှိပြီး အပြင်ဘက်ခြမ်း ၁၈ ပေသည် ၃ ပေခွဲခန့် ထပ်မံနိမ့်ကျခဲ့ကြောင်း၊ ယနေ့နံနက် ၆ နာရီ ၃၀ မိနစ်ခန့် တွင် ၎င်းနေရာမှပင် အလျား ၂၅၀ ပေ၊ အနံ ၁၀ ပေခန့်မှထပ်မံ၍ ယခင်နိမ့်ကျခဲ့သည့် ပမာဏအပါ အဝင် ၂၇ ပေခန့် ထပ်မံနိမ့်ကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိ ရသည်။
ထို့ကြောင့် သိုလှောင်ထိန်း သိမ်းထားရှိသည့် မမြရေလှောင် တမံရေပြင်၏ နိမ့်မြင့်အမှတ် ၃၁၅ ပေအား နိမ့်မြင့်အမှတ် ၃၀၅ ပေသို့ သိုလှောင်ရေ ၁၀ ပေ လျှော့ချနိုင်ရန် တမံ၏အရေးပေါ်ရေပိုလွှဲမှ ရေထုတ်လွှတ် နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများ၊ နယ်မြေခံတပ်မတော်သားများနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ စက်ယန္တရားများ အသုံးပြု၍ အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိပြီး ၎င်းရေများသည်ရေဝါ ချောင်းမှတစ်ဆင့်မမြချောင်း၊ မမြချောင်းမှတစ်ဆင့် ငဝန်မြစ်အတွင်းသို့ စီးဆင်းသွားခြင်းဖြစ်၍ ပတ်ဝန်းကျင်ကျေးရွာ စိုက်ဧကများ ထိခိုက်မှုမရှိကြောင်းသိရှိရသည်။
ထို့ပြင် ရေလှောင်တမံဆင်ခြေ လျှောနိမ့်ကျမှုဖြစ်ပွားသည့် နေရာအနီးနှင့် ဆည်ရေဝင်ရောက်နိုင်သည့် မြန်အောင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၄) စု၊ ကျေးရွာ ၁၈ ရွာ၊ အင်္ဂပူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၇)စု၊ ကျေးရွာ (၇၁)ရွာ၊ စုစုပေါင်းကျေးရွာအုပ်စု (၁၁)စုရှိ ကျေးရွာ ၈၉ ရွာမှ ပြည်သူများအား အုပ်ချုပ်ရေးအဖွဲ့များ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဘေးကင်းစိတ်ချလုံခြုံရာ နေရာများသို့ရွှေ့ပြောင်းနိုင်ရေး စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအေးကျော်နှင့် တာဝန်ရှိသူများ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် အောင်ကျော်ခိုင်နှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကာကွယ်ရေးလုပ်ငန်း စဉ်များဖြစ်သည့် တာတမံတာအခြေထောက်ခြင်းလုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်ရေး၊ အရေးပေါ်ရေပိုလွှဲမှ ရေထုတ်လွှတ်စီးဆင်းရန် စက်ယန္တရား အသုံးပြု၍ တူးဖော်ဆောင်ရွက်နေမှု၊ ဆည်ရေဝင်ရောက်နိုင်သည့် ကျေးရွာများရှိ ဒေသခံပြည်သူများအား ရေလွတ်ရာကုန်းမြင့်ဒေသများသို့ပြောင်းရွှေ့ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီ မံခန့်ခွဲရေး အုပ်ချုပ်ရေးကော်မတီများနှင့်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။
ထို့ပြင် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ရေလှောင်တမံဆင်ခြေလျှော မြေသားနိမ့်ကျမှု ဖြစ်ပွားသည့်နေရာအနီးရှိ မျှင်ဝါး တောင်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာရှိဒေသခံပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
(၁၀၀)


