မြို့ကြီးသူ မြို့ကြီးသားပီပီ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကျန်းမာရေးဆိုင်ရာ တရားဝင်အချက် အလက်စစ်တမ်းများအရ မြန်မာနိုင်ငံတွင် ယာဉ်တိုက်မှုကြောင့် သေဆုံးမှုနှုန်းသည် နိုင်ငံတွင်းသေဆုံးမှု စုစုပေါင်း၏ ၂ ဒသမ ၅ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းဝန်းကျင်၌ ရှိသည်ဟု သိရသည်။ အဆိုပါ ရာခိုင်နှုန်းသည် ရောဂါဘယကြောင့်မဟုတ်ဘဲ ပြင်ပအကြောင်းတရား များကြောင့် သေဆုံးရသည့် (External causes of death) အုပ်စုထဲတွင်မူ အမြင့်မားဆုံးသောအကြောင်းရင်းများထဲတွင် ပါဝင်နေသည်။

 

မြန်မာနိုင်ငံတွင် နှစ်စဉ်ပျမ်းမျှ လူဦးရေ ၂၄၀၀ ကျော်မှ ၃၀၀၀ နီးပါးခန့်တို့မှာ ယာဉ်မတော်တဆမှုများကြောင့် အသက်ဆုံးရှုံးနေကြ ရသည်။ ယခုနှစ် ပထမ ၆ လပတ်အတွင်းတွင် ၉၃၂ ဦး ယာဉ်မတော် တဆမှုကြောင့် သေဆုံးခဲ့ကြောင်း သတင်းများအရ သိရသည်။ တစ်နိုင်ငံလုံးအတိုင်းအတာအရ ဖြစ်ပွားသည့် ယာဉ်တိုက်မှု သေဆုံးမှု အများစုမှာ မော်တော်ဆိုင်ကယ် မတော်တဆမှုများကြောင့် ဖြစ်သည်။ ယာဉ်တိုက်မှုကြောင့် ထိခိုက်လွယ်ဆုံးသူများမှာ လမ်းလျှောက်သွားလာ သူများဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် သေဆုံးသူစုစုပေါင်း၏ ၂၆ ရာခိုင် နှုန်း (၄ပုံ ၁ ပုံ ကျော်) ရှိနေကြောင်း ကုလသမဂ္ဂလမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာအစီရင်ခံစာတွင် ဖော်ပြထားသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း မှတ်ပုံတင်ထားသော မော်တော် ယာဉ်စီးရေသည် တစ်နိုင်ငံလုံးတွင် အများဆုံးဖြစ်ပြီး တရားဝင်စာရင်း ဇယားများအရ ၅ သိန်းကျော်မှ ၆ သိန်းခန့်ထိ ရှိကြောင်း သိရသည်။ ရန်ကုန်တိုင်းအတွင်း မော်တော်ဆိုင်ကယ်စီးနင်းခွင့်ကို ကန့်သတ်ထား ခြင်းကြောင့် ယင်းပမာဏ၏အများစုမှာ မော်တော်ကားများ ဖြစ်ကြ သည်။ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) တွင် တရားဝင် မှတ်ပုံတင်ထားသည့် YBS စီးရေ ၅၀၀၀ ကျော် ရှိပြီး လမ်းကြောင်းအသီးသီးတွင် နေ့စဉ် ပြေးဆွဲပေးနေသည့် ယာဉ်စီးရေမှာ ပျမ်းမျှအားဖြင့် ၃၅၀၀ ကျော် ရှိသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲရန် သတ်မှတ်ချက် နှင့်အညီ မှတ်ပုံတင်ထားသည့် City Taxi စီးရေ ၆၀၀၀၀ ကျော် ရှိသည်ဟု သိရသည်။

 

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်သည် လူဦးရေထူထပ်များပြားသည်နှင့်အမျှ မော်တော်ယာဉ်စီး ရေလည်း တစ်နိုင်ငံလုံးတွင် အများဆုံးဖြစ်ရာ ယာဉ်မတော်တဆမှုကြောင့် လူသေဆုံးမှု၊ ဒဏ်ရာရမှုတို့လည်း များပြားသည်။ ပြီးခဲ့သည့် နှစ်အနည်းငယ်ကို ပြန်ကြည့်ပါက ၂၀၂၄ ခုနှစ်တွင် ယာဉ်တိုက်မှု ၈၄၃ မှု ဖြစ်ပွားပြီး လူ ၄၄၆ ဦး သေဆုံးကာ ၉၄၄ ဦး ဒဏ်ရာရခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် ယာဉ်တိုက်မှု ၈၀၁ မှု ဖြစ်ပွားပြီး လူ ၃၈၇ ဦး သေဆုံး ကာ ၈၄၉ ဦး ဒဏ်ရာရခဲ့သည်။ ၂၀၂၆ ခုနှစ် ပထမ ၆ လ အတွင်း ယာဉ်တိုက်မှု ၂၅၅ မှု ဖြစ်ပွားပြီး ၁၂၅ ဦး သေဆုံးကာ ၃၆၃ ဦး ဒဏ်ရာ ရရှိခဲ့သည်။

 

ယာဉ်တိုက်မှု ဖြစ်ပွားရခြင်း၏ အကြောင်းရင်းများမှာ အရှိန်ပြင်း မောင်းနှင်ခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာခြင်း၊ မဆင်မခြင်မောင်းနှင်ခြင်း၊ မူးယစ်သောက်စားမောင်းနှင်ခြင်း၊ စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းခြင်းစ သည်တို့ကြောင့်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာန မှတ်တမ်းများအရ သိရသည်။ လမ်းပေါ်တွင် သွားလာကြသူများက လမ်းစည်းကမ်းမလိုက်နာဘဲ စည်းကမ်းမဲ့ လမ်းကူးခြင်းများသည် မိမိကိုယ်တိုင်အတွက်သာမက ယာဉ်မောင်းသူ နှင့် အခြားသူများကိုပါ အန္တရာယ်ဖြစ်စေနိုင်သည်။

 

သို့ဖြစ်ရာ ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း ခြေကျင်သွားလာသူများသည် လမ်းဖြတ်ကူးလိုပါက သတ်မှတ်ထား သည့် မြေအောက်လမ်း၊ ခုံးကျော်တံတား၊ လူကူးမျဉ်းကျား သို့မဟုတ် ခွင့်ပြုထားသည့်နေရာ စသည်တို့မှသာ ဖြတ်ကူးရန်နှင့် စည်းကမ်း လိုက်နာမှုမရှိပါက အောက်တိုဘာ ၁၂ ရက် (မနက်ဖြန်)မှစ၍ “၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၉၆” အရ ထိရောက်စွာအရေး ယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီက အသိပေးကြေညာထားသည်။

 

ရန်ကုန်တွင် လမ်းကူးသူများ အန္တရာယ်ကင်းရှင်းရေးအတွက် လိုအပ်သည့် နေရာတိုင်းတွင် လူကူးတံတားများ၊ လမ်းဖြတ် ဥမင်များ၊ မျဉ်းကျားများ စသည်တို့ ပြည့်စုံစွာတည်ဆောက်ဖောက်လုပ် ရေးဆွဲ ပေးထားသည်။ သို့ရာတွင် လမ်းကူးသူ လူအများစုက ၎င်းတို့ကို အသုံးမပြုဘဲ စည်းကမ်းမဲ့စွာ လမ်းကူးကြရာ ယာဉ်မောင်းသူများ အတွက် အနှောင့်အယှက်ဖြစ်စေသလို လမ်းကူးသူတို့အတွက်လည်း လွန်စွာအန္တရာယ်များပြားသည်။ စည်းကမ်းမဲ့လမ်း ကူးခြင်းသည် ပြဋ္ဌာန်းထားသောဥပဒေကို ချိုးဖောက်ခြင်းလည်း ဖြစ်ရာ ထိရောက်စွာ အရေးယူရမည်သာ ဖြစ်ကြောင်းနှင့် လမ်းအသုံးပြုသူတိုင်း မြို့ကြီးသူ မြို့ကြီးသားပီသစွာ စည်းကမ်းနှင့်အညီ အသုံးပြုခြင်းဖြင့် ယာဉ်အန္တရာယ်ကင်း ဝေးကြပါမည့်အကြောင်း။ ။