၁။ အမေရိကန်ပြည်ထောင်စုအခြေစိုက် International Commodity Institute, The Rice Trader အဖွဲ့အစည်းက ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပသော International World Rice Conference 2026 တွင် နိုင်ငံတကာ ဆန်အမျိုးအစားများ ပါဝင်ပြသခဲ့ပြီး ဆန်အရည်အသွေးယှဉ်ပြိုင်ပွဲကို ကျင်းပခဲ့ရာ မြန်မာ့ပေါ်ဆန်းဆန်သည် World’s Best Rice Award ဆုချီးမြှင့်ခြင်းကို လက်ခံရရှိခဲ့ပါသည်။ ၂၀၁၁ ခုနှစ် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် ကျင်းပသော နိုင်ငံတကာဆန်စပါးညီလာခံနှင့် ဆန်အမျိုးအစားများပြပွဲနှင့် ယှဉ်ပြိုင်ပွဲတွင် မြန်မာ့ပေါ်ဆန်း သည် ကမ္ဘာ့အကောင်းဆုံးဆန် (World’s Best Rice Award) ကို လက်ခံရရှိခဲ့၍ ယခုရရှိမှုသည် ဒုတိယအကြိမ် ဖြစ်ပါသည်။ နိုင်ငံတော်၏ “မြန်မာ့ပေါ်ဆန်းတစ်ခေတ်ဆန်းစေရမည်” ဆိုသော လမ်းညွှန်ဆောင်ပုဒ်နှင့်အညီ ယခုလို နိုင်ငံတကာအသိအမှတ်ပြုဆုရရှိခြင်းအတွက် နိုင်ငံတော်အစိုးရ၊ ဝန်ကြီးဌာနများ၊ ပေါ်ဆန်းစိုက်ပျိုးသော တောင်သူလယ်သမားများ၊ စိုက်ပျိုးရေးပညာရှင်များ၊ သုတေသီများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ကုန်သည်များ၊ ကုမ္ပဏီများနှင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ခဲ့သူများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ဆက်လက်၍ ပူးပေါင်းကြိုးပမ်းဆောင်ရွက်နေမှုများကို ဂုဏ်ယူစွာ အသိအမှတ်ပြုပါကြောင်း ဖော်ပြအပ်ပါသည်။
၂။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၇ ရက်မှ ၁၀ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပသော နိုင်ငံတကာ ဆန်စပါးညီလာခံနှင့် ဆက်စပ်ဆွေးနွေးပွဲများ၊ ပြပွဲများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့၏ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် ဆန်ပို့ကုန် ကုမ္ပဏီများ စုစုပေါင်းကိုယ်စားလှယ် ၅၅ ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။ အသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင် အနေဖြင့် Myanmar Rice Outlook 2026 ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ပြီး မြန်မာ့ဆန်ပြခန်းကို ခင်းကျင်းပြသ ခဲ့ပါသည်။ ခရီးစဉ်အတွင်း ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တိုးမြှင့်တင်ပို့နိုင်ရေး၊ မလေးရှားနိုင်ငံနှင့် အာဖရိကနိုင်ငံများသို့ ဆန်တိုးမြှင့်တင်ပို့နိုင်ရေးတို့ကို ဆွေးနွေးခဲ့ပြီး ပါဝင်တက်ရောက်သော ကုမ္ပဏီများအနေဖြင့် အရောင်းအဝယ် စာချုပ်များချုပ်ဆိုနိုင်ရေး ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ကြပါသည်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် နိုင်ငံတော်၏ လမ်းညွှန်မှုများနှင့်အညီ မြန်မာ့လယ်ယာထွက်ကုန် တန်းမြင့်ဆန်များကို ယခုဘဏ္ဍာနှစ် ၂၀၂၆-၂၀၂၇ တွင် တန်ချိန် (၃) သန်း ပို့ကုန်ရည်မှန်းချက်ထားပြီး အဆိုပါရည်မှန်းချက်ကို ပြည့်မီကျော်လွန်စေရေးအတွက် ပုဂ္ဂလိကအခန်းကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။


