အာရှဖလား ယူ-၁၇ အမျိုးသမီး ခြေစစ်ပွဲတွင် ဟောင်ကောင်အသင်း ဂူအမ်အသင်းကို ကိုးဂိုးပြတ်အနိုင်ရ

ရန်ကုန်     အောက်တိုဘာ     ၈

မြန်မာနိုင်ငံက  အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၇ အာရှဖလား ယူ-၁၇ အမျိုးသမီးခြေစစ်ပွဲ အုပ်စု (G) ဒုတိယနေ့ကို အောက်တိုဘာ ၈ ရက်က ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌   ဆက်လက်ကျင်းပရာ ဟောင်ကောင်အသင်းက   ဂူအမ်အသင်းကို  ကိုးဂိုးပြတ်အနိုင်ရခဲ့သည်။

အောက်တိုဘာ ၅ ရက်က ကစားသည့်ပွဲတွင် မြန်မာအသင်းက ဂူအမ်အသင်းကို ရှစ်ဂိုးပြတ်သာအနိုင်ရထားသဖြင့် ဟောင်ကောင်အသင်းသည် ဂိုးကွာခြားချက်အသာရစေရန် ကိုးဂိုးအထိ သွင်းယူခဲ့သည်။ ထို့ကြောင့် ဟောင်ကောင်အသင်းသည် အိမ်ရှင်မြန်မာအသင်းနှင့် တွေ့ဆုံမည့်ခြေစစ်ပွဲအောင်မြင်ရေး အဆုံးအဖြတ်ပွဲဖြစ်သော နောက်ဆုံးပွဲတွင် အနိမ့်ဆုံးသရေကစားနိုင်ရုံဖြင့် ခြေစစ်ပွဲအောင်မြင်မည်ဖြစ်ပြီး မြန်မာအသင်းမှာမူ အနိုင်ရမှသာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။

ဟောင်ကောင်အသင်းသည် အနိုင်ဂိုးများကို ပထမပိုင်းတွင် ငါးဂိုး၊ ဒုတိယပိုင်းတွင် လေးဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။

အုပ်စုနောက်ဆုံးပွဲကို အောက်တိုဘာ ၁၁ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်မြန်မာအသင်းနှင့်  ဟောင်ကောင်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။                 

သတင်း - ချစ်ကိုကို၊ ဓာတ်ပုံ - MFF