နေပြည်တော် အောက်တိုဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေး ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် မုံရွာမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးက အဂတိလိုက်စားမှုသည် နိုင်ငံ၏ အုပ်ချုပ် ရေး၊ စီးပွားရေးနှင့် လူမှုယဉ်ကျေးမှုကြီးတစ်ခုလုံးကိုပါ ယိုယွင်းပျက်စီးစေခြင်းတို့ ဖြစ်ပေါ်လာနိုင်ကြောင်း၊ အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းများဖြင့် သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်ရေး စနစ်တစ်ခုကို အကောင်အထည်ဖော် တည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှု ဆိုသည်မှာ မိမိအာဏာ၊ ရာထူး သို့မဟုတ် တာဝန်ကို မသင့်လျော် စွာအသုံးပြု၍ ကိုယ်ကျိုးအတွက် အကျိုးအမြတ်ရယူခြင်း သို့မဟုတ် အခြားသူများအား မသင့်လျော် သော အကျိုးအမြတ်ရရှိစေရန် ဆောင်ရွက်ပေးခြင်းတို့ကို ဆိုလိုပါကြောင်း၊ “ကာကွယ်ခြင်းဟာ ကုသခြင်းထက် ကောင်းတယ်” ဆိုသည့်စကားနှင့်အညီ အဂတိ လိုက်စားမှုများ ပေါ်ပေါက်ကာမှ စုံစမ်းစစ်ဆေး အရေးယူခြင်းထက် အဂတိလိုက်စားမှုများ မဖြစ်မီကပင် ကြိုတင်တားဆီးကာကွယ် ရမည်ဖြစ်ပါကြောင်း ပြောကြား သည်။
ယင်းနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက အဂတိလိုက်စားမှုသည် လာဘ်ပေးလာဘ်ယူခြင်းထက် ပိုမိုကျယ်ပြန့်ပြီးပင်ကို သဘောသဘာဝအရ အကျင့်စာရိတ္တ ပျက်ပြားခြင်းဖြစ်သည့် အပြင် လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုလုပ်ခြင်း၊ မလျော် ဩဇာသုံးခြင်း၊ ဆရာမွေးတပည့်မွေးခြင်း၊ အပေါင်းအဖော် ကောင်းစားရေးနှင့် ဆွေမျိုးကောင်းစားရေးဝါဒများ ကျင့်သုံး ခြင်းအထိ ပါဝင်ပါကြောင်း၊ ကော်မရှင်အနေဖြင့်လည်း အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ၏ ရည်ရွယ်ချက်များဖြစ်သည့် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းစေရန်၊ အများပြည်သူ၏ အကျိုးစီးပွားများကို အကာအကွယ်ပေးရန်၊ အဂတိလိုက်စားမှုကျူးလွန်သူများအား ထိရောက်စွာအရေးယူရန်၊ အဂတိကင်းစင်သည့် လူ့အဖွဲ့ အစည်းဖြစ်စေရန်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် ခံယူပြီး တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ အများပြည်သူ အသိပညာပေးခြင်းဆိုသည့် နည်းလမ်း သုံးသွယ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိဝန်ထမ်းများက အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေး၊ အဂတိလိုက်စာမှုတိုက်ဖျက်ရေး ဥပဒေတို့နှင့်စပ်လျဉ်း၍ ရှင်းလင်း
ဆွေးနွေးခဲ့ပြီး တက်ရောက်လာ သူများက သိရှိလိုသည့်အချက်များကိုမေးမြန်းရာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။
ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးဝင်းဇော်မိုး ခေါင်းဆောင်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များနှင့်တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့ များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ် တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


