နေပြည်တော် အောက်တိုဘာ ၇
စစ်ကိုင်းမြို့ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဒုတိယနှစ်ဝက် ပညာသင်ကြားပြီး ကျောင်းပိတ်ရက်ကာလအတွင်း အကျိုးရှိစေရန်နှင့် အထွေထွေဗဟုသုတ တိုးပွား၍ ထူးချွန်ထက်မြက်သည့် ကျောင်းသား ကျောင်းသူများ ဖြစ်လာစေရန် ရည်ရွယ်၍ အိမ်တွင်းမှု စက်ချုပ်သင်တန်း၊ ဇာထိုးပန်းထိုးသင်တန်း၊ စက်မှုလက်မှုသင်တန်း၊ ပန်းချီသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက် ရှိသည်။
ကြည့်ရှုစစ်ဆေး
အဆိုပါသင်တန်းများ ဖွင့်လှစ် သင်ကြားနေမှု၊ တက္ကသိုလ် စာကြည့်တိုက်တွင် ကျောင်းသား ကျောင်းသူများ စာအုပ်လေ့လာ ဖတ်ရှုမှုမှတ်တမ်းများနှင့် စာအုပ်များ စနစ်တကျထိန်းသိမ်းထားရှိ မှုများကို ယမန်နေ့နံနက်ပိုင်းက နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်စွာဦးသည် တာဝန်ရှိသူများ နှင့်အတူ ကြည့်ရှုစစ်ဆေးသည်။
ထို့ပြင် တက္ကသိုလ်အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဌာနမှူးများနှင့်တွေ့ဆုံ၍ ပါမောက္ခချုပ်က တက္ကသိုလ်၏ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ သင်ကြားရေး၊ စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ အချက်အလက်များနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုဆိုင်ရာ တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ကျောင်းသား ကျောင်းသူများ ကွန်ပျူတာ သင်ကြားနေမှု၊ Language Lab တွင် အင်္ဂလိပ်စာသင်ကြားနေမှု၊ အထွေထွေဗဟုသုတ သင်ကြားနေမှုများကို လှည့်လည်ကြည့်ရှု အားပေးပြီး သက်သာချောင်ချိရေး အရောင်းဆိုင်၊ မွေးမြူရေးအစာစပ် စက်ရုံ၊ ဥစားကြက်၊ အသားစား ကြက်၊ ဝက်မွေးမြူရေး၊ ငါးခူမွေးမြူရေး ဆောင်ရွက်ထားရှိမှုများ စစ်ဆေးခြင်းနှင့် ကျောင်းသား ကျောင်းသူ အိပ်ဆောင်များကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


