နေပြည်တော် အောက်တိုဘာ ၇
တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများကို လက်ရွေးစင်အားကစားသမားများမှတစ်ဆင့် နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်သည့် မြန်မာ့လက်ရွေးစင် အားကစားသမားများအဖြစ် တက်လှမ်းနိုင်စေရန်နှင့် မျိုးဆက်သစ်လူငယ် အားကစားသမားကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရန် နိုင်ငံတော်အားကစားကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာ အားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်းများနှင့် အားကစားရုံများတွင် ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။
၂၀၂၆ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများဖြစ်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ)ပြေးခုန်ပစ်ပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းတွင် ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ အမျိုးသား အမျိုးသမီး ၂၀ ကီလိုမီတာ လမ်းလျှောက် ပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား အမျိုးသမီး မီတာ-၁၅၀၀ အပြေးပြိုင်ပွဲ လူရွေးပွဲ၊ အမျိုးသား(၁၀)မျိုးစုံ (၁)မီတာ-၁၀၀ အပြေးပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ-၈၀၀ အပြေးပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား (၁၀)မျိုးစုံ(၂)အလျားခုန်ပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ-၂၀၀ အပြေးပြိုင်ပွဲ လူရွေးပွဲ၊ အမျိုးသား(၁၀)မျိုးစုံ(၄)တန်းမြင့်ခုန်ပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ-၄၀၀ တန်းကျော် ပြေးပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား (၁၀)မျိုးစုံ (၅)မီတာ-၄၀၀ အပြေးပြိုင်ပွဲ ဗိုလ်လုပွဲကိုလည်းကောင်း၊ ဇေယျာသီရိလေ့ကျင့်ရေးကွင်းအမှတ်(၁)၌ အမျိုးသား (၁၀)မျိုးစုံ(၃)သံလုံးပစ်ပြိုင်ပွဲ ဗိုလ်လုပွဲကို လည်းကောင်း အသီးသီးယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲများအပြီးတွင် အောက်တိုဘာ ၅ ရက်နှင့် ၆ ရက် ပြိုင်ပွဲများတွင်ဆုရရှိခဲ့သည့် အားကစားသမားများကို တာဝန်ရှိသူများက တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
၂၀၂၆ ခုနှစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) ပြေးခုန်ပစ်ပြိုင်ပွဲတွင် ယခင်နှစ်စံချိန်များထက် အမျိုးသမီး(၇)မျိုးစုံ(၂)တန်းမြင့်ခုန်ပြိုင်ပွဲ၌ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)ကိုယ်စားပြုအသင်းမှ ယဉ်ယဉ်စိုးသည် ၂၀၂၂ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ) ပြေးခုန်ပစ်ပြိုင်ပွဲတွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်ကိုယ်စားပြုအသင်းမှ နန်းဖြူပြာမြင့်၏ စံချိန် ၁ ဒသမ ၅၈ မီတာကို ကျော်လွန်ပြီး ၁ ဒသမ ၆၀ မီတာဖြင့် စံချိန်သစ်တင်နိုင်ခဲ့သည့်အပြင် ၁၉၈၅ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ)ပြေးခုန်ပစ်ပြိုင်ပွဲ အမျိုးသမီး(၇)မျိုးစုံ ပြိုင်ပွဲတွင်လည်း ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ)အသင်းမှ ရာဒါဒေဝီ စံချိန်တင်ရရှိခဲ့သည့် အမှတ်ပေါင်း ၃၉၃၉ မှတ်အား ကျော်လွန်၍ ယဉ်ယဉ်စိုးက ရမှတ်ပေါင်း ၄၀၈၇ မှတ်ဖြင့် စံချိန်သစ်တင်နိုင်ခဲ့သည်။ အလားတူ အမျိုးသမီး ကြိုးတပ်သံလုံးပစ်ပြိုင်ပွဲတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းမှ သွယ်သွယ်မိုးသည် ၂၀၂၄ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ)ပြေးခုန်ပစ်ပြိုင်ပွဲတွင် ၎င်းစံချိန်တင်ထားသည့် ၄၇ ဒသမ ၄၈ မီတာအား ကျော်လွန်၍ ၅၀ ဒသမ ၀၃ မီတာဖြင့် စံချိန်သစ်အားတင်နိုင်ခဲ့ကြောင်း သိရသည်။
အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) ဂျူဒိုပြိုင်ပွဲကို ဇေယျာသီရိတပ်မတော် အားကစားရုံ(A)၌ အမျိုးသား/ အမျိုးသမီး ကီလိုတန်းအလိုက် အတိုက်ပြိုင်ပွဲများ အသီးသီးယှဉ်ပြိုင်ကစားကြပြီး ပြိုင်ပွဲများတွင်ဆုရရှိခဲ့သည့် အားကစားသမားများကို တာဝန်ရှိသူ များက တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို ဇေယျာသီရိ တပ်မတော် အားကစားရုံ(B)၌ အမျိုးသား/အမျိုးသမီးကွာတားအဆင့် ပတ်လည်ပြိုင်ပွဲများကိုလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ (၃၃)ကြိမ် မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မြန်မာ့သိုင်းပြိုင်ပွဲကို ဇေယျာသီရိတပ်မတော် အားကစားရုံ(C)၌ အမျိုးသားဗန်တို အတိုက်(က)တန်း၊ အမျိုးသား ဗန်တိုအတိုက်(ခ)တန်း၊ ၅၅-၆၀ ကီလိုတန်း အမျိုးသမီးပန်ကြပ်ဆီလပ် အတိုက်ပြိုင်ပွဲ၊ ၄၅-၅၀ ကီလိုတန်း အမျိုးသမီးပန်ကြပ်ဆီလပ် အတိုက် ပြိုင်ပွဲ အကြိုဗိုလ်လုပွဲစဉ်များ၊ အမျိုးသားဓားနှစ်လက် အတိုက်(က)တန်း အကြိုဗိုလ်လုပွဲစဉ်များ၊ အမျိုးသားဓားနှစ်လက် အတိုက်(ခ)တန်း အကြိုဗိုလ်လုပွဲစဉ်များ၊ အမျိုးသား ဓားတစ်လက် အတိုက်(က)တန်းအတိုက်ပြိုင်ပွဲအကြို ဗိုလ်လုပွဲစဉ်များ၊ အမျိုးသားဓားတစ်လက် အတိုက် (ခ)တန်း အတိုက် ပြိုင်ပွဲအကြိုဗိုလ်လုပွဲစဉ်များ၊ အမျိုးသမီး ဓားတစ်လက်အတိုက်ပြိုင်ပွဲများ၊ အမျိုးသား တစ်ကိုယ်တော် တုတ်ရှည်သိုင်းစွမ်းရည်ပြပြိုင်ပွဲများ၊ အမျိုးသမီးနှစ်ယောက် အတွဲတိုက်စွမ်းရည်ပြ ပြိုင်ပွဲများကိုလည်းကောင်း အသီးသီးယှဉ်ပြိုင်ကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) ပိုက်ကျော်ခြင်းပြိုင်ပွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝင်းအတွင်းရှိ စံပယ်အားကစားရုံ၌ အလွတ်တန်း (၄)ယောက်တွဲ အဖွဲ့လိုက် အုပ်စုပွဲစဉ်များကိုလည်းကောင်း၊ (၅၆)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) လက်ဝှေ့ပြိုင်ပွဲကို နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၊ တပ်နယ်အားကစားခန်းမ၌ ကီလိုတန်းအလိုက် လူသစ်တန်း၊ အလွတ်တန်းနှင့် (က)အဆင့် အကြိုဗိုလ်လုပွဲစဉ်များကိုလည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားကြသည်။
ထို့အတူ ၂၀၂၆ ခုနှစ် (၆၃)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား အလွတ်တန်းအဆင့် ဘောလုံးပြိုင်ပွဲကို ညနေပိုင်းတွင် ဒုတိယအဆင့် အုပ်စုပတ်လည်ပွဲစဉ်အဖြစ် ဇေယျာသီရိ တပ်မတော်အားကစားကွင်း၌ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းနှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ဖြင့် လည်းကောင်း၊ ဇေယျာသီရိလေ့ကျင့်ရေးကွင်းအမှတ်(၁)၌ နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းက ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြုအသင်းကို သုံးဂိုး- တစ်ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ပြီး အောက်တိုဘာ ၁၀ ရက်နေ့တွင် ပထမအကြိုဗိုလ်လုပွဲအဖြစ် နေပြည်တော်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စခန်းမှူးရုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး အောက်တိုဘာ ၁၁ ရက်တွင် ဒုတိယအကြိုဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းနှင့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ကိုယ်စားပြုအသင်းတို့သည် ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အားကစားပြိုင်ပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


