နေပြည်တော် အောက်တိုဘာ ၇
တပ်မတော်အနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို အစဉ်တစိုက် အလေးထားဆောင်ရွက် လျက်ရှိသည်နှင့်အညီ အကြမ်းဖက် ချေမှုန်းမှုစစ်ဆင်ရေး (Counter – Terrorism Operation) များတွင် အောင်မြင်မှုများရရှိကာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် နယ်မြေများအား အပြီးတိုင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့မှုများအပေါ် ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် ဝမ်းသာအားရ ကြိုဆိုထောက်ခံလျက်ရှိကြပြီး စိတ်အားထက်သန်စွာ အားပေးထောက်ခံမှုများ၊ ယုံကြည်အားကိုးမှုများဖြင့် တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက် လာခဲ့ခြင်းများကြောင့် လက်နက်ကိုင် အကြမ်းဖက်အဖွဲ့ဝင်များအနေဖြင့်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် နားလည်သဘောပေါက်လာကြကာ နီးစပ်ရာ နယ်မြေခံတပ်စခန်းများနှင့် လုံခြုံရေးတပ်ဖွဲ့များထံ လာရောက် သတင်းပို့ပြီး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လျက်ရှိကြသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိရာ DPLA အမည်ခံအဖွဲ့ဝင် အမျိုးသား ၄၃ ဦးနှင့် အမျိုးသမီး လေးဦး၊ KNPP အမည်ခံအဖွဲ့ဝင် အမျိုးသား တစ်ဦး စုစုပေါင်း ၄၈ ဦးတို့သည် လက်နက်/ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်ခဲ့သဖြင့် မိဘအုပ်ထိန်း သူများထံ ပြန်လည်လွှဲပြောင်း အပ်နှံခြင်းကို ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် သံလွင်ခန်းမ၌ ပြုလုပ်ရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးနှင့် တာဝန်ရှိသူများ၊ ပအိုဝ်း/ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ၊ ဥပဒေဘောင် အတွင်းသို့ ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားပြီး တိုင်းမှူးက အလင်းဝင်ရောက် လာသူ လူငယ်များအား အသိပညာပေး ရှင်းလင်းပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်က ဥပဒေ အကြောင်းအရာများအား ဆွေးနွေးပြောကြားသည်။ ယင်းနောက် ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့ နှင့်အတူပါရှိလာသည့် MA-1 သေနတ် နှစ်လက်၊ AK-47 သေနတ် တစ်လက်၊ ကျည်အိမ်မျိုးစုံ ခြောက်ခု၊ လက်ပစ်ဗုံး နှစ်လုံး၊ ကျည်မျိုးစုံ ၂၅၁ တောင့်တို့ကို လွှဲပြောင်းအပ်နှံရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိ သူများက လက်ခံရယူသည်။ ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မောင်းပြန်ရိုင်ဖယ် သုံးလက်အတွက် ငွေကျပ်သိန်း ၁၅၀ ၊ လက်ပစ်ဗုံး နှစ်လုံးအတွက် ငွေကျပ်ခြောက်သိန်း၊ ဥပဒေ ဘောင်အတွင်း ပြန်လည်ဝင်ရောက် လာသူ ၄၈ ဦးအတွက် တစ်ဦးလျှင် တစ်သိန်းနှုန်းဖြင့် ငွေကျပ် ၄၈ သိန်း စုစုပေါင်းဆုကြေးငွေကျပ် ၂၀၄ သိန်းနှင့် လက်ဆောင်ပစ္စည်းများအား ပေးအပ်ရာ ဥပဒေဘောင် အတွင်း ဝင်ရောက်လာကြသူများက လက်ခံရယူကြသည်။ ယင်းနောက် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာကြသူများအား ခံဝန်ကတိ လက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ စနစ်တကျ ပြန်လည်လွှဲပြောင်း အပ်နှံပေးသည်။
ယနေ့ အခမ်းအနားတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လက်ခံယုံကြည်လျက် ဒေသတည်ငြိမ်အေးချမ်းရေးကို အမှန်တကယ်လိုလားကြသည့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လာကြသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခဲ့မှုအနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ်မှ အမျိုးသား ၂၄ ဦး၊ အမျိုးသမီး လေးဦး၊ ပင်းတယမြို့နယ်မှ အမျိုးသား ၁၂ ဦး၊ ရွာငံမြို့နယ်မှ အမျိုးသား တစ်ဦး၊ ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ်မှ အမျိုးသားတစ်ဦး၊ မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် မှ အမျိုးသား တစ်ဦး၊ မကွေးတိုင်းဒေသကြီး မကွေးမြို့မှ အမျိုးသားတစ်ဦး၊ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ မြို့နယ်မှ အမျိုးသား တစ်ဦး၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်မှ အမျိုးသားတစ်ဦး၊ ပဲခူး တိုင်းဒေသကြီး ဖြူးမြို့နယ်မှ အမျိုးသားတစ်ဦး၊ ကယားပြည်နယ် မယ်စဲ့မြို့နယ်မှ အမျိုးသားတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည့် DPLA နှင့် KNPP အဖွဲ့များသည် မိသားစုဝင် ဆွေမျိုးများနှင့် အကျပ်ကိုင်၍ အတင်းအဓမ္မ စုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ် မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင် ဖောက်ခွဲဖျက်ဆီး ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များ အတွင်း၌ပင် အထက်အောက် အဆင့်အတန်း ခွဲခြား၍ အချင်းချင်းဗိုလ်ကျ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှု ကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာ နေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့ အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင် အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည် အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင် လမ်းစဉ်အား စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်း သူများထံသို့ စနစ်တကျပြန်လည် လွှဲအပ်ပေးလျက်ရှိသဖြင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများ များစွာ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည် ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်း များအတွက် ဆုကြေးငွေများ ထိုက်တန်စွာ ပေးအပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများ၏ ရင်တွင်း စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-
အမျိုးသား
၂၀၂၄ ခုနှစ် မတ်လမှာ ပင်းတယမြို့နယ် သိမ်ကုန်းကျေးရွာမှာ မိဘနဲ့အတူ နေထိုင်စဉ် DPLA အကြမ်းဖက်အဖွဲ့ရဲ့ စည်းရုံးမှုကြောင့် ကျောက်မဲမြို့နယ်ထဲမှာ သင်တန်းအမှတ်စဉ် (C-4) တက်ရောက်ခဲ့ရပါတယ်။ သင်တန်းဆင်းပြီးတော့ နောင်ချိုဒေသမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ကျွန်တော်တို့အနေနဲ့ DPLA အကြမ်းဖက်အဖွဲ့မှာ ဆက်နေရင် အသက်သေဆုံးနိုင်သလို မသေ ရင်လည်း အဖမ်းခံရနိုင်တာ ကြောင့် ၂၀၂၆ စက်တင်ဘာ လမှာတော့ အလင်းဝင်ရောက်ခဲ့ပါ တယ်။ အလင်းဝင်ရောက်တော့လည်း တပ်မတော်မှ တာဝန်ရှိသူတွေက သားသမီးလို၊ ညီအစ်ကိုလို နွေးထွေးစွာ ပြောဆိုဆက်ဆံတယ်။ ကောင်းမွန်စွာထားပြီး မိသားစုသဖွယ် စောင့်ရှောက်တဲ့ အတွက် လွန်စွာဝမ်းသာကျေးဇူး တင်မိပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အခုလို အလင်းဝင်တဲ့ လမ်းကြောင်းကို ရွေးချယ်ခဲ့တာ မှန်ကန်တယ်လို့ မြင်မိပါတယ်။ တောထဲမှာ ကျန်ရှိ ခဲ့တဲ့လူငယ်တွေကိုလည်း တောထဲမှာနေပြီး အကြောင်းမဲ့ အသက်သေဆုံးမယ့်အစား မိသားစုနဲ့ အတူ ဘဝကို အေးချမ်းစွာ ဖြတ်သန်းနိုင်ဖို့ တပ်မတော်နဲ့ လက်တွဲကာ အလင်းဝင်ရောက်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။
အမျိုးသမီး
၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ အကြမ်းဖက်အဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး ကျောက်မဲမြို့နယ်ထဲမှာ သင်တန်းအမှတ်စဉ် (A-6)အား တက်ရောက်ခဲ့ပါတယ်။ သင်တန်း ဆင်းပြီးတော့ DPLA အကြမ်းဖက် အဖွဲ့ထဲမှာ အမျိုးသမီးတပ်ရင်းမှာ ထမင်းချက်လိုက် ဟင်းချက်လိုက် လုပ်ပေးခဲ့ရပါတယ်။ DPLA အကြမ်းဖက်အဖွဲ့မှာ နေရတာ ပင်ပန်းတယ်၊ ဆင်းရဲတယ်၊ မိသားစုနဲ့ ခွဲခွာနေထိုင်ရတယ်၊ လူငယ်ဘဝ အခွင့်အလမ်းတွေလည်း ဆုံးရှုံးတယ်၊ ဘယ်အချိန် သေမယ်မှန်းမသိ၊ အဲဒါကြောင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ထွက်ပြေးခဲ့ပါတယ်။ အဲဒီနောက်တော့ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၂ ရက်မှာ အလင်းဝင်ရောက်ခဲ့ပါတယ်။ အလင်းဝင်ရောက်တော့လည်း တပ်မတော်မှ တာဝန်ရှိသူတွေက ညီအစ်ကိုမောင်နှမလို၊ သားသမီးလို နွေးထွေးစွာပြောဆို ဆက်ဆံတယ်၊ မိသားစုသဖွယ် ဆက်ဆံတဲ့အတွက် ကျွန်မဝမ်းသာကျေနပ်ခဲ့ရပါတယ်။ အဲဒါကြောင့် ကျွန်မအနေနဲ့ အခုလို အလင်းဝင်ရောက်တဲ့ လမ်းကြောင်းကို ရွေးချယ်ခဲ့တာ မှန်ကန်တယ်လို့ မြင်မိပါတယ်။ တောထဲမှာ ကျန်ရှိခဲ့တဲ့ လူငယ်တွေကို တောထဲမှာနေပြီး အကြောင်းမဲ့အသက်သေ ဆုံးမယ့်အစား မိသားစုနဲ့အတူ ပြန်လည်နေထိုင်ပြီး ဘဝကို အေးချမ်းစွာ ဖြတ်သန်းနိုင်ဖို့ တပ်မတော်နဲ့ အတူလက်တွဲပြီး အလင်းဝင်ရောက်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ရှင့်။
၁၀၀


