မြစ်ကြီးနား အောက်တိုဘာ ၇
တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ပဉ္စမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် အတွင်းရှိ ပြည်နယ်လွှတ်တော်ရုံး လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရား ဝမ်ဂျုံ၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်း အေးနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေး တက်ရောက်မှုအခြေအနေကို လွှတ်တော်သို့တင်ပြပြီး အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှု အခြေအနေကို အတည်ပြုမှတ်တမ်းတင်သည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်မေးခွန်း ငါးခုကိုမေးမြန်းကြရာ သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက ပြန်လည် ရှင်းလင်း ဖြေကြားကြပြီး တိုင်းရင်းသားလူမျိုးများအရေး ဆိုင်ရာ ကော်မတီဥက္ကဋ္ဌက ကချင်ပြည်နယ်အစိုးရအဖွဲ့ တင်သွင်းခဲ့သော လော်ဝေါ်နှင့် လီဆူ တိုင်းရင်းသား လူမျိုးများ၏ အမည်မှန် (စာလုံးပေါင်းအမှန်) သတ်မှတ်နိုင်ရေးနှင့် စပ်လျဉ်း၍ ကော်မတီ၏ စိစစ်ချက်အစီရင် ခံစာကို တင်သွင်းရာ လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးက ထောက်ခံ ဆွေးနွေးကြပြီး ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ အဆုံးအဖြတ်ဖြင့် သဘောတူညီ ချက်ရယူသည်။
ယင်းနောက် ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး က ကချင်ပြည်နယ်အစိုးရအဖွဲ့က တင်သွင်းခဲ့သော ၂၀၂၇-၂၀၂၈၊ ဘဏ္ဍာရေးနှစ် အရအသုံးမှန်းခြေ ငွေစာရင်း လျာထားချက်နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး ကချင်ပြည်နယ် လွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ ငွေစာရင်းဆိုင်ရာ ကော်မတီနှင့် ဥပဒေကြမ်း ကော်မတီတို့၏ အကြံပြုပြင်ဆင်ချက်များအတိုင်း လွှတ်တော်က အတည်ပြုသည်။
ဆက်လက်၍ လွှတ်တော်သို့ တင်သွင်းခဲ့သော ဝိုင်းမော်မြို့နယ် မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမှတ်(၁) ဒေါ်မိုးသီတာသိန်း၏ “ဌာနဆိုင်ရာအချို့၏ (၅)နှစ်တာ လုပ်ငန်းစီမံကိန်း များ ရေးဆွဲတင်ပြရာတွင် ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၈၄ နှင့်အညီ ဆောင်ရွက်ရန် ကချင်ပြည်နယ်အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း” အဆို ကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးက ထောက်ခံဆွေးနွေး ပြီး ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးက ပြန်လည် ရှင်းလင်းဖြေကြားရာ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ အဆုံးအဖြတ်ရယူကာ ယင်းအဆိုအား မှတ်တမ်းတင် ဆုံးဖြတ်ကြောင်း ကြေညာပြီး တတိယအကြိမ် ကချင်ပြည်နယ် လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ရပ်နားလိုက်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


