တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂၀၂၆) အောင်မြင်စွာ ကျင်းပပြီးစီး

ပုသိမ် အောက်တိုဘာ ၇

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၆) တတိယနေ့ကို ယနေ့နံနက် ၁၀ နာရီ တွင် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့မှတင်သွင်းသည့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး၏ ဘဏ္ဍာငွေ အရအသုံးခန့်မှန်းခြေ ငွေစာရင်းလျာထားချက်အပေါ် ဘဏ္ဍာငွေဆိုင်ရာ စိစစ်ရေးအဖွဲ့ (၁၁) ဖွဲ့နှင့် ကြံခင်းမြို့နယ် ကိုယ်စားလှယ်အမှတ်(၂)တို့က ဆွေးနွေးကြသည်။

ထို့နောက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာ ရေးနှစ် တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေ ငွေစာရင်း လျာထားချက်အပေါ် တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး၊ စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကော်မတီ၏ စိစစ်တွေ့ရှိချက် အစီရင်ခံစာကို တင်သွင်းရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးက ပြန်လည်ရှင်းလင်းသည်။

ယင်းနောက် ကော်မတီ၏ အစီရင်ခံစာပါ ဌာန ၂၆ ခု၏ ဌာနတစ်ခုချင်းအလိုက် အရအသုံး ခန့်မှန်းခြေငွေစာရင်း လျာထားချက်များကို ဥပဒေပြုရေးဆိုင်ရာ ကော်မတီ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များက သဘောတူသဖြင့် လွှတ်တော်က အတည်ပြုကြောင်းနှင့် လွှတ်တော်၏ အကြံပြုချက်များအတိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆက်လက် ဆောင်ရွက်ရန်ဖြစ်ကြောင်း ကြေညာသည်။

 ဆက်လက်၍ တတိယအကြိမ် ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၂၆) ပထမနေ့တွင် ပြောကြားခဲ့သည့် လွှတ်တော်ဥက္ကဋ္ဌ၏ အဖွင့်အမှာစကားကို မှတ်တမ်း တင်ကြောင်းကြေညာပြီး တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂၀၂၆)တွင် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆောင်ရွက်ချက်များကို လွှတ်တော် ဒုတိယဥက္ကဋ္ဌက ဖတ်ကြားတင်ပြကာ တတိယအကြိမ် အထူးအစည်းအဝေး (၁/၂၀၂၆)တတိယနေ့ကို ရပ်နား လိုက်ကြောင်းနှင့် အထူးအစည်းအဝေး(၁/၂၀၂၆) အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)