လူငယ်များ၏ စာရိတ္တမဏ္ဍိုင် ကောင်းမွန်ရေး

ဒေါက်တာသန်းထွန်း( ၆၉ ဆေး၂ )

နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ကို တည်ဆောက်ပေးမည့်အင်အားသည် လူငယ်များပင်ဖြစ်ကြသည်။ လူငယ်များတွင် ပညာရည်မြင့်မား၍ အသိဉာဏ်ဖွံ့ဖြိုးသည့်အပြင် စာရိတ္တကောင်းမွန်ခြင်း၊ ကိုယ်ကျင့်တရားခိုင်မာခြင်း၊ တာဝန်ယူတတ်ခြင်းနှင့် အများအကျိုးကို ဦးစားပေးတတ်ခြင်းတို့ရှိမှသာ မိမိတို့၏ ဘဝကိုသာမက မိသားစု၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံ၏အနာဂတ်ကိုပါ ကောင်းမွန်စွာ တည်ဆောက်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် လူငယ်များ စာရိတ္တမဏ္ဍိုင် ကောင်းမွန်ခိုင်မာစေရေးသည် မိသားစုတစ်စုတည်း၊ ကျောင်းတစ်ကျောင်းတည်း၊ ဘာသာရေးအဖွဲ့ အစည်းတစ်ခုတည်း၏ တာဝန်မဟုတ်ဘဲ လူ့အဖွဲ့ အစည်းတစ်ရပ်လုံး၏ စုပေါင်းတာဝန်ဖြစ်သည်။

လူငယ်တို့၏ စာရိတ္တနှင့် ယနေ့ခေတ်စိန်ခေါ်မှု

ယနေ့ခေတ်လူငယ်များအတွင်း စာရိတ္တပိုင်းဆိုင်ရာ အားနည်းမှုများကို နေရာအချို့တွင် တွေ့မြင်လာရသည်ဟု ဆိုနိုင်သည်။ သို့သော် လူငယ်အားလုံးကို စာရိတ္တအားနည်းသူများဟု သတ်မှတ်ခြင်းမှာ မသင့်လျော်ပေ။ သတ်မှတ်၍လည်းမရပါ။ အပြစ်ချည်းတင်နေလို့လည်း မဖြစ်ပါ။

လူငယ်အများအပြားက ပညာကြိုးစားသင်ယူခြင်း၊ မိသားစုကိုကူညီခြင်း၊ လူမှုအကျိုးပြုလုပ်ငန်းများတွင် ပါဝင်ခြင်းတို့ဖြင့် မိမိတို့၏ဘဝကို တည်ဆောက်နေကြသည်။ တစ်ဖက်တွင်မူ အင်တာနက်နှင့် လူမှုကွန်ရက်များ၏ လွှမ်းမိုးမှု၊ မိသားစုနှင့် လူမှုအသိုင်းအဝိုင်းအတွင်း အချိန်ပေးမှု လျော့နည်းလာခြင်း၊ ပညာရေးအခွင့်အလမ်းမညီမျှခြင်း၊ အလုပ်အကိုင်နှင့် စီးပွားရေးအခက်အခဲများ၊ မူးယစ်ဆေးဝါးနှင့် အန္တရာယ်ရှိသော အပြုအမူများ၏ ဆွဲဆောင်မှုတို့ကြောင့် လူငယ်အချို့သည် မှန်ကန်သောတန်ဖိုးများနှင့် ဝေးကွာသွားနိုင်သည်။ ထိုအခြေအနေကို အပြစ်တင်ခြင်းထက် နားလည်ပေးခြင်း၊ လမ်းညွှန်ပေးခြင်းနှင့် အခွင့်အလမ်းဖန်တီး ပေးခြင်းတို့ဖြင့် ပြုပြင်ပေးရန် လိုအပ်သည်။

စာရိတ္တအားနည်းလာပါက လူတစ်ဦးချင်း၏ ဘဝကိုသာမက မိသားစုနှင့် လူ့အဖွဲ့အစည်းအပေါ်ပါ ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်သည်။ တာဝန်မယူတတ်ခြင်း၊ မရိုးသားခြင်း၊ အခြားသူကို မလေးစား ခြင်း၊ အကြမ်းဖက်မှုနှင့် ဥပဒေချိုးဖောက်မှုများ ဖြစ်ပေါ်နိုင်ခြင်းတို့သည် လူမှုယုံကြည်မှုကို ပျက်စီး စေသည်။ ထို့ကြောင့် လူငယ်များ၏ စာရိတ္တတည်ဆောက်ရေးသည် အနာဂတ်လူ့အဖွဲ့အစည်း၏ အခြေခံအုတ်မြစ်ကို တည်ဆောက်ခြင်းပင်ဖြစ်သည်။ စာရိတ္တမဏ္ဍိုင်ခိုင်မာစေဖို့ အောက်ပါ အရည်အချင်းတို့ရှိရပါမည်။

ဗလငါးတန်ပြည့်ဝမှသာ

ဗလငါးတန်ပြည့်ဝသော လူငယ်များဖြစ်လာကြရန် အလွန်အရေးကြီးပါသည်။ လူငယ်တို့၏ ဗလငါးတန်ဆိုသည်မှာ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး အနာဂတ်တွင် အားကိုးရသော နိုင်ငံ့သားကောင်းများဖြစ်လာစေရန်အတွက် ပြည့်စုံထားရှိရမည့် စွမ်းအား သို့မဟုတ် ကြံ့ခိုင်မှုငါးမျိုး ကို ဆိုလိုပါသည်။ ၎င်းတို့မှာ -

၁။ ကာယဗလ (ခန္ဓာကိုယ်ကြံ့ခိုင်မှု)။ ကျန်းမာကြံ့ခိုင်သောခန္ဓာကိုယ်၊ သန်စွမ်းမှုနှင့် ရောဂါဘယာ ကင်းရှင်းမှုရှိခြင်း၊

၂။ ဉာဏဗလ (အသိပညာ၊ အတတ်ပညာ ကြံ့ခိုင်မှု)။ စာပေပညာ၊ နည်းပညာ၊ အတွေးအခေါ်နှင့် အဆိုးအကောင်းခွဲခြားသိမြင်နိုင်သော အသိဉာဏ် ပညာပြည့်ဝခြင်း၊

​၃။ စာရိတ္တဗလ (ကျင့်ဝတ်နှလုံးသားကြံ့ခိုင်မှု)။ ကိုယ်ကျင့်တရားကောင်းမွန်ခြင်း၊ ရိုးသားဖြောင့် မတ်ခြင်း၊ ယဉ်ကျေးပျူငှာခြင်းနှင့် အကျင့်စာရိတ္တ ကောင်းမွန်ခြင်း၊

​၄။ မိတ္တဗလ(မိတ်ဆွေအပေါင်းအသင်းကြံ့ခိုင်မှု)။ မိတ်ဆွေကောင်း၊ အပေါင်းအသင်းကောင်းများရှိ ခြင်း၊ ပေါင်းသင်းဆက်ဆံရေးပြေပြစ်ပြီး လူမှုအသိုင်းအဝိုင်းနှင့် တည့်အောင်နေထိုင်တတ်ခြင်း၊

၅။ ဘောဂဗလ (စီးပွားဥစ္စာကြံ့ခိုင်မှု)။ သမ္မာ အာဇီဝကျကျ လုပ်ကိုင်စားသောက်နိုင်သော သက်မွေးဝမ်းကျောင်းပညာ ပိုင်ဆိုင်ခြင်းနှင့် စီးပွားရေးအရ ရပ်တည်နိုင်စွမ်းရှိခြင်းတို့ ဖြစ်ကြပါသည်။

ဗလငါးတန်ပြည့်ဝစေရန် ဆောင်ရွက်ရမည့် အချက်များမှာ လူငယ်တစ်ဦး၏ ဖွံ့ဖြိုးမှုသည် စာရိတ္တ၊ ကာယဗလ၊ ဉာဏပညာ၊ စိတ်ဓာတ်နှင့် လူမှုဆက်ဆံရေးငါးဖြာလုံးညီညွတ်မှသာ ပြည့်စုံ မည်ဖြစ်ပါသည်။ ထို့ကြောင့် ကျောင်းများတွင် စာသင်ချိန်နှင့်အတူ အားကစား၊ အနုပညာ၊ ဝိပဿနာအကျဉ်း သို့မဟုတ် စိတ်ထားကောင်းမွန်စေသော အလေ့အကျင့်များကို ထည့်သွင်းသင်ကြား သင့်ပါသည်။ လူမှုစေတနာ့ဝန်ထမ်းလုပ်ငန်းများတွင် ပါဝင်စေခြင်း၊ ဂုဏ်ယူဖွယ်ကောင်းသော စံပြပုဂ္ဂိုလ်များ၏ဘဝကို လေ့လာစေခြင်းတို့ဖြင့်လည်း စာရိတ္တကို လက်တွေ့အားဖြည့်ပေးနိုင်ပါသည်။

မြန်မာ့ပညာရေးနှင့် လူမှုရေးအတွေးအခေါ်တွင် လူငယ်တစ်ဦး၏ဖွံ့ဖြိုးတိုးတက်မှုကို ကိုယ်ခန္ဓာ၊ စိတ်ဓာတ်၊ ဉာဏ်ရည်၊ ကိုယ်ကျင့်တရားနှင့် လူမှုဆက်ဆံရေးတို့ အဘက်ဘက်မှ ပြည့်စုံစေရေးကို အလေးထားသင့်သည်။ ဗလငါးတန်ပြည့်ဝစေရန် အားကစားနှင့် ကျန်းမာရေးလှုပ်ရှားမှုများ၊ စာဖတ်ခြင်းနှင့် အသိပညာမြှင့်တင်ရေး၊ အနုပညာနှင့် ယဉ်ကျေးမှုလေ့လာရေး၊ စည်းကမ်းနှင့် တာဝန်ယူမှုလေ့ကျင့်ရေး၊ လူမှုအကျိုးပြုလုပ်ငန်းများတွင် ပါဝင်စေခြင်းတို့ကို ပေါင်းစပ်ဆောင်ရွက်သင့်သည်။

ဆရာ ဆရာမများအနေဖြင့် မိမိတို့သင်ကြားပေး ရမည့်ဘာသာရပ်ကို သင်ကြားပေးရင်း ထိုသင်ခန်း စာအချိန်ပါ ထိခိုက်မှုရှိစေသည့် နှစ်မိနစ်လောက် စာရိတ္တပြုပြင်ရေးဆိုင်ရာတစ်ခုခုကို ထည့်သွင်း ပြောပြခြင်းဖြင့် နေ့စဉ်နားသွင်းပညာပေးစေရမည်။ (၃၈) ဖြာ မင်္ဂလာတရားတစ်မျိုးဖြစ်ဖြစ်၊ ဇာတ်ကြီးဆယ်ဘွဲ့တစ်ခုခု သို့မဟုတ် ပြည်သူ့နီတိ ကဏ္ဍမှတစ်ခုခုကို နှစ်မိနစ်အချိန်ဖြင့် ပြောစမ်း ကြည့်ရာတွင် ရရှိပါသည်။ တစ်နေ့တစ်မျိုး ပြောင်းလဲပြောကြားပေးသင့်ပါသည်။

စာသင်ခန်းအတွင်း ပညာထူးချွန်ပြီး ရမှတ်ကောင်းရရှိရေးတစ်ခုတည်းကိုသာ ဦးတည်ခြင်း မပြုဘဲ အကျင့်စာရိတ္တ၊ ပြည်သူ့နီတိ၊ စိတ်ဓာတ်၊ ကျန်းမာရေး၊ အလုပ်အကိုင်ကျွမ်းကျင်မှုနှင့် လူမှု တာဝန်ယူမှုနှင့် မျိုးချစ်စိတ်ပြည့်ဝရေးတို့ကိုပါ တစ်ပြိုင်နက်တည်း ပြုစုပျိုးထောင်ပေးရပါမည်။

မိဘတို့၏ တာဝန်

ကလေးတစ်ဦး၏ ပထမဆုံးကျောင်းသည် မိသားစုပင်ဖြစ်သည်။ မိဘတို့သည် စာရိတ္တကို စကားဖြင့်သာ သင်ကြားပေး၍ မလုံလောက်ဘဲ မိမိတို့၏ နေ့စဉ်အပြုအမူဖြင့် စံနမူနာပြရမည်။ နမူနာ၊ သာဓကတို့ဖြင့် ပြသရမည်။ ရိုးသားခြင်း၊ ကတိတည်ခြင်း၊ အခြားသူကိုလေးစားခြင်း၊ အမှားကို ဝန်ခံတတ်ခြင်း၊ အလုပ်ကိုတာဝန်ယူတတ်ခြင်းတို့ကို မိဘတို့ကိုယ်တိုင် ကျင့်သုံးပြသနိုင်ပါက ကလေးများအတွက် အင်အားကြီးမားသောသင်ခန်း စာတစ်ရပ်ဖြစ်လာမည်။ မိဘတလွဲလုပ်သည်ကို သားသမီးငယ် လူငယ်များမြင်လျှင် ထိုအမှားကိုသာ လျင်လျင်မြန်မြန် အတုခိုးသွားပေလိမ့်မည်။

ထို့ပြင် ကလေးများနှင့် အချိန်ပေးဆွေးနွေးခြင်း၊ သူတို့၏ပြဿနာများကို နားထောင်ခြင်း၊ မိတ်ဆွေများနှင့် အွန်လိုင်းလောကတွင် ကြုံတွေ့နေရသည့် အခြေအနေများကို သိရှိနားလည်ပေး ခြင်းတို့လည်း အရေးကြီးသည်။ လူငယ်တို့၏ ကိုယ်ကျင့်တရားနှင့် စာရိတ္တမဏ္ဍိုင်ကောင်းမွန်လာရေးအတွက် အရေးကြီးဆုံးက (၃၈) ဖြာ မင်္ဂလာတရားကို လူငယ်များနားလည်အောင် ပြောပြသင်ကြားပေးရန် လွန်စွာအရေးကြီး၏။

(၃၈) ဖြာ မင်္ဂလာတရားသည် လူငယ်တို့၏ အကျင့်စာရိတ္တကို အခြေခံကောင်းမွန်စွာ တည်ဆောက်ပေးနိုင်သည့် ဘဝလမ်းညွှန်တစ်ရပ် ဖြစ်သောကြောင့် အရေးကြီးပါသည်။ ဥပမာအနေ ဖြင့်ပြောရလျှင် မိဘကိုရိုသေခြင်း၊ ဆရာသမား ကိုလေးစားခြင်း၊ မိတ်ဆွေကောင်းများနှင့် ပေါင်းသင်းခြင်းတို့ကို သင်ကြားပေးသဖြင့် လူငယ်တို့၏ လူမှုဆက်ဆံရေးနှင့် ကိုယ်ကျင့်တရားကို ခိုင်မာစေပါသည်။ မကောင်းမှုကိုရှောင်ကြဉ်ပြီး ကောင်းမှုကိုပြုလုပ်ရန် လမ်းညွှန်ပေးသည့်အတွက် လူငယ်တို့က အမှားအမှန်ခွဲခြားသိမြင်ကာ တာဝန်ယူတတ်သော လူကောင်းလူတော်များ ဖြစ်လာပါ မည်။

ထို့​ပြင် ပညာသင်ယူခြင်း၊ စည်းကမ်းရှိခြင်း၊ သည်းခံခြင်းနှင့် ရိုးသားဖြောင့်မတ်ခြင်းတို့ကို အလေးထားစေသဖြင့် အောင်မြင်သောဘဝအတွက် သာမက အကျင့်စာရိတ္တကောင်းမွန်သောဘဝ အတွက်ပါ အခြေခံကောင်းတစ်ရပ် ဖြစ်စေပါသည်။

ထို့ကြောင့် (၃၈) ဖြာ မင်္ဂလာတရားသည် တရားတော်တစ်ခုမျှသာ မဟုတ်ဘဲ ယနေ့ခေတ် လူငယ်တို့၏ စာရိတ္တမဏ္ဍိုင်ကို ခိုင်မာစေပြီး မိမိအတွက်ကောင်း၊ မိသားစုအတွက်ကောင်း၊ လူ့အဖွဲ့ အစည်းအတွက်ကောင်းသော လူငယ်များ ဖြစ်ထွန်းလာစေရန် လမ်းပြပေးသည့် ဘဝတန်ဖိုးရှိသော အဆုံးအမတစ်ရပ် ဖြစ်ပါသည်။

ဆရာ ဆရာမတို့၏ တာဝန်

ဆရာ ဆရာမတို့သည် ပညာပေးသူများသာမက လူငယ်တို့၏ အကျင့်စာရိတ္တဖွံ့ဖြိုးရေးတွင် အရေး ပါသော လမ်းညွှန်သူများ ဖြစ်ကြသည်။ ကျောင်းသား တစ်ဦး၏အမှားကို အပြစ်ပေးရုံဖြင့် ပြီးဆုံးစေခြင်းထက် အမှား၏အကြောင်းရင်းကို နားလည်စေပြီး မှန်ကန်သောလမ်းသို့ ပြန်လည်ရောက်ရှိစေရန် လမ်းညွှန်ပေးသင့်ပါသည်။ စာသင်ခန်းအတွင်း ရိုးသားမှု၊ စည်းကမ်း၊ အချင်းချင်းလေးစားမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် တာဝန်ယူမှုတို့ကို လက်တွေ့လေ့ကျင့်စေခြင်းဖြင့် စာရိတ္တပညာကို အသက်ဝင်အောင် ပြုလုပ်နိုင်သည်။

ကျောင်းမှထွက်သွားသော၊ ပညာရေး လမ်းကြောင်းမှ အကြောင်းအမျိုးမျိုးကြောင့် စောစီးစွာ ထွက်ခွာသွားသော လူငယ်များကိုလည်း လူ့အဖွဲ့အစည်းအပြင်ဘက်တွင် ထားရှိ၍မရပေ။ သူတို့သည်လည်း နိုင်ငံ၏အနာဂတ်လူငယ်များပင် ဖြစ်ကြသည်။ မိသားစု၊ ကျောင်း၊ ရပ်ကွက်နှင့် လူမှု အဖွဲ့အစည်းများက ပူးပေါင်း၍ အခြေခံပညာ ပြန်လည်သင်ယူနိုင်သည့်အခွင့်အလမ်းများ၊ အသက် မွေးဝမ်းကျောင်းပညာသင်တန်းများ၊ နည်းပညာနှင့် လက်တွေ့ကျွမ်းကျင်မှုသင်တန်းများ ဖန်တီးပေးသင့်သည်။ “ကျောင်းမတက်တော့သူ” ဟူ၍ တံဆိပ်ကပ်ခြင်းထက် “ဘဝပြန်လည်တည်ဆောက်နိုင် သူ” ဟူသောအမြင်ဖြင့် လက်တွဲပေးရန် လိုအပ်သည်။ ကျောင်းလုံးဝမတက်သည့် လူငယ်များလည်း တွေ့လာရ၏။ ဤပြဿနာကို မိဘနှင့်ရပ်ကွက် တာဝန်ရှိသူများက ပူးပေါင်းဖြေရှင်းသင့်ပါသည်။ တွေ့မြင်သူများကလည်း ဝိုင်းဝန်းကူညီဖြေရှင်းရန် လိုအပ်ပါသည်။

သာသနာ့ဝန်ထမ်းတို့၏ အခန်းကဏ္ဍ

သာသနာ့ဝန်ထမ်းများသည် လူ့အဖွဲ့အစည်း၏ ကိုယ်ကျင့်တရားနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုး ရေးတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နိုင်ကြသည်။ လူငယ်များအတွက် မေတ္တာ၊ ကရုဏာ၊ သည်းခံခြင်း၊ မိမိကိုယ်ကိုထိန်းချုပ်ခြင်း၊ မိဘနှင့် အကြီးအကဲများကို ရိုသေလေးစားခြင်း၊ အများ အကျိုးပြုခြင်းတို့ကို ခေတ်နှင့်လျော်ညီသော နည်းလမ်းများဖြင့် သင်ကြားပေးနိုင်သည်။

သို့ရာတွင် လူငယ်များထံသို့ရောက်ရှိရန် တရားကဲ့သို့ ဟောခြင်းတစ်မျိုးတည်းကိုသာ အားမကိုးဘဲ စာဖတ်ဝိုင်း၊ ဆွေးနွေးပွဲ၊ အားကစား၊ စေတနာ့ ဝန်ထမ်းလုပ်ငန်း၊ ယဉ်ကျေးမှုနှင့် အနုပညာလှုပ် ရှားမှုများကိုပါ ပေါင်းစပ်ပေးနိုင်ပါက လူငယ်များနှင့် ပိုမိုနီးကပ်စွာ ဆက်သွယ်နိုင်မည်ဖြစ်သည်။

ဘုန်းကြီးကျောင်းနှင့် လူငယ်တို့၏ ဆက်သွယ်မှု

ယခင်က မြန်မာ့လူမှုဘဝတွင် ဘုန်းကြီးကျောင်းသည် ဘာသာရေးဆိုင်ရာ နေရာတစ်ခုသာမက ပညာသင်ကြားရာ၊ လူမှုဆက်ဆံရေးပြုရာ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့များကို လက်ဆင့်ကမ်းရာ နေရာတစ်ခုလည်းဖြစ်ခဲ့သည်။ ယနေ့ခေတ်လူငယ်များ၏ စိတ်ဝင်စားမှုနှင့် နေထိုင်မှုပုံစံများ ပြောင်းလဲ လာသဖြင့် ထိုဆက်သွယ်မှုကို ခေတ်နှင့်အညီ ပြန်လည်တည်ဆောက်ရန် လိုအပ်သည်။ ဘုန်းကြီး ကျောင်းများတွင် လူငယ်များအတွက် စာကြည့် တိုက်၊ စာဖတ်ဝိုင်း၊ အားကစား၊ ယဉ်ကျေးမှု၊ အနုပညာ၊ ဘာသာစကားနှင့် အသက်မွေးဝမ်းကျောင်း ပညာများကို သင့်လျော်သလို ထည့်သွင်းသင်ကြားပေးနိုင်သည်။ လူငယ်တို့၏ အချိန်နှင့်စိတ်ဝင်စားမှုကို နားလည်ပြီး သူတို့ကိုယ်တိုင် ပါဝင်ဖန်တီးနိုင်သည့် နေရာများဖြစ်လာစေရန် အရေးကြီးသည်။

ယဉ်ကျေးလိမ္မာသင်တန်းများ

ကျောင်းသားအရွယ်ကလေးငယ်မှအစ လူငယ်များအထိ ဗုဒ္ဓဘာသာအခြေခံသော ယဉ်ကျေးလိမ္မာ သင်တန်းများက လွန်စွာမှ ကျေးဇူးပြုစေသည့် သင်တန်းများ ဖြစ်ကြ၏။ သို့သော် ယင်းယဉ်ကျေး လိမ္မာသင်တန်းများ၏ ကျင်းပရန် စရိတ်စက ပြဿနာက ရှိသေး၏။ သင်တန်းများဖွင့်လှစ်ရာတွင် အဓိကအခက်အခဲတစ်ခုမှာ ကလေးများအတွက် အစားအသောက်၊ သင်ကြားရေးပစ္စည်း၊ သယ်ယူပို့ ဆောင်ရေးနှင့် ဆရာ ဆရာမများ၏ ကုန်ကျစရိတ်များ ဖြစ်သည်။ သို့သော် ထိုကုန်ကျစရိတ်များကို လူထုထံမှ အမြဲတမ်းငွေကောက်ခံခြင်းဖြင့် ဖြေရှင်း ၍ မရနိုင်ပါ။ ရပ်ရွာအလိုက် ပူးပေါင်းစီမံကိန်းများ၊ စေတနာ့ဝန်ထမ်းဆရာများ၊ လက်ရှိအဆောက်အအုံများကို အခမဲ့အသုံးချခြင်း၊ ဒေသခံလုပ်ငန်းရှင် များနှင့် ပွင့်လင်းမြင်သာစွာ ပူးပေါင်းခြင်း၊ ပစ္စည်းအလှူကို ဦးစားပေးခြင်းနှင့် အခမဲ့လှုပ်ရှားမှုများကို ပေါင်းစပ်ခြင်းတို့ဖြင့် ကုန်ကျစရိတ်ကို လျှော့ချနိုင်သည်။

အထူးသဖြင့် ရန်ပုံငွေသုံးစွဲမှုကို ပွင့်လင်းမြင်သာစွာ ပြသခြင်းသည် အလွန်အရေးကြီးသည်။ ငွေကြေးကောက်ခံမှုကို မရှင်းလင်းပါက ကောင်းမွန်သောရည်ရွယ်ချက်ရှိသည့် လုပ်ငန်းပင် လျှင် လူထု၏ယုံကြည်မှုကို ထိခိုက်စေနိုင်သည်။ ထို့ကြောင့် စာရင်းရှင်းလင်းမှု၊ အများသဘောတူညီ မှုနှင့် စနစ်တကျ စီမံခန့်ခွဲမှုတို့ဖြင့် ယုံကြည်မှုကို တည်ဆောက်ရမည်။

ဇာတ်ကြီးဆယ်ဘွဲ့နှင့် ၅၅၀ ဇာတ်တော်များ

မြန်မာ့ဗုဒ္ဓဘာသာယဉ်ကျေးမှုတွင် ဇာတ်ကြီးဆယ်ဘွဲ့သည် လူငယ်များအတွက် ရိုးရာစာပေ၊ ယဉ်ကျေးမှုနှင့် ကိုယ်ကျင့်တရားတန်ဖိုးများကို လေ့လာနိုင်သည့် အရေးပါသော အမွေအနှစ်တစ်ရပ် ဖြစ်သည်။ တေမိယ၊ မဟာဇနက၊ သုဝဏ္ဏသာမ၊ နေမိ၊ မဟောသဓာ၊ ဘူရိဒတ်၊ စန္ဒကုမ္မာရ၊ နာရဒ၊ ဝိဓူရနှင့် ဝေဿန္တရာတို့ကို အစဉ်အလာအားဖြင့် ဇာတ်ကြီးဆယ်ဘွဲ့အဖြစ် သိရှိကြသည်။

၅၅၀ ဇာတ်တော်များမှာ ဗုဒ္ဓမြတ်စွာဘုရား၏ ဘဝအဆက်ဆက်တွင် ပါရမီဖြည့်ကျင့်ခဲ့သည့် ဇာတ်ကြောင်းများကို စုစည်းထားသည့် အစဉ်အလာဖြစ်ပြီး ကိုယ်ကျင့်တရားခိုင်မာခြင်း၊ အများအတွက် အနစ်နာခံခြင်း၊ ရက်ရောခြင်း၊ သစ္စာတည်ခြင်း၊ မေတ္တာထားခြင်း၊ သည်းခံခြင်းနှင့် ပညာရှိခြင်း စသည့်တန်ဖိုးများကို လေ့လာနိုင်သည်။ စိတ်ဝင် စားစွာ ပြောကြားသင်ကြားပါက ကလေးအရွယ်မှအစ လူငယ်တို့ လွန်စွာမှ စိတ်ဝင်စားကြောင်း စာရေးသူအတွေ့အကြုံအရ သိရှိခဲ့ရပါသည်။

သို့ရာတွင် လူငယ်များအား ဇာတ်တော်များကို မှတ်သားအောင်သာ သင်ကြားခြင်းထက် ဇာတ်တော် တစ်ပုဒ်မှ အနှစ်ထုတ်၍ ယနေ့ခေတ်ဘဝတွင် မည်သို့အသုံးချနိုင်သည်ကို ဆွေးနွေးစေခြင်းက ပိုမိုထိရောက်နိုင်သည်။ ထိုသို့ လေ့လာခြင်းဖြင့် ရိုးရာယဉ်ကျေးမှုသည် စာအုပ်ထဲတွင်သာ ကျန်ရစ် မနေဘဲ လူငယ်တို့၏နေ့စဉ်ဘဝနှင့် ဆက်စပ်လာ မည်ဖြစ်သည်။

အခြားနိုင်ငံများ၏ သာဓကများ

ကမ္ဘာ့နိုင်ငံများတွင် လူငယ်များ၏ စာရိတ္တနှင့် လူမှုတာဝန်ယူမှုကို မြှင့်တင်ရာ၌ မိသားစု၊ ကျောင်း နှင့် လူမှုအသိုင်းအဝိုင်းတို့ ပူးပေါင်းဆောင်ရွက်သည့် နည်းလမ်းများကို တွေ့ရသည်။ ဂျပန်နိုင်ငံတွင် ကျောင်းသားများကို စာသင်ခန်းနှင့် စားသောက်ခန်းများကို မိမိတို့ကိုယ်တိုင် သန့်ရှင်းရေးလုပ်စေခြင်း သည် တာဝန်ယူမှုနှင့် အများပိုင်နေရာကို လေးစားမှုတို့ကို လက်တွေ့လေ့ကျင့်ပေးသည့် နမူနာကောင်း တစ်ခုဖြစ်သည်။

စင်ကာပူနိုင်ငံတွင် နိုင်ငံသားပညာရေးနှင့် လူမှုရေးတန်ဖိုးများကို ကျောင်းပညာရေး၏ အစိတ် အပိုင်းတစ်ခုအဖြစ် ထည့်သွင်းထားသည်။ ဖင်လန်နိုင်ငံကဲ့သို့သော နိုင်ငံများတွင်လည်း ပညာရေးကို စာမေးပွဲအောင်မြင်ရေးတစ်ခုတည်းအပေါ်မထားဘဲ လူမှုရေးကျွမ်းကျင်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ကျောင်းသား၏ အလုံးစုံဖွံ့ဖြိုးမှုတို့ကို အလေးထား သင်ကြားကြသည်။

သီရိလင်္ကာနိုင်ငံတွင် တနင်္ဂနွေနေ့ ဓမ္မကျောင်းတို့တွင် ဗုဒ္ဓဘာသာနှင့် စာရိတ္တတို့ကို အပတ်စဉ် သင်ယူကြပါသည်။ အလုပ်လျှောက်လျှင် ထိုသင်တန်းဆင်းလက်မှတ်ပါမှ လျှောက်ခွင့်ရှိ သည်။ ထိုင်းနိုင်ငံတွင် နွေရာသီရှင်ပြုခြင်းနှင့် ရဟန်းပြုခြင်းဓလေ့သည် လူငယ်များကို စည်းကမ်းနှင့် တရားဓမ္မ သင်ကြားပေးသည့် အခွင့်အ​ရေးဖြစ်၏။ စင်ကာပူနိုင်ငံတွင် ကျောင်းသင်ရိုးတွင် စာရိတ္တ နှင့် နိုင်ငံသားပညာ (Character and Citizenship Education) ကို တိုက်ရိုက်ထည့်သွင်းသင်ကြားပြီး ဘူတန်နိုင်ငံတွင်လည်း ကျောင်းများ၌ ပြည်သူ့နီတိကို တန်ဖိုးထားမှုနှင့် ကျင့်ဝတ်ပညာကို အလေး ထားသင်ကြားပေးပါသည်။

ဤနိုင်ငံများ၏ တူညီသည့်အချက်မှာ မိသားစု၊ ကျောင်းနှင့် ရပ်ရွာအသိုင်းအဝိုင်းအားလုံးက ပူးပေါင်း ၍ သင်ကြားပေးခြင်းပင် ဖြစ်ပါသည်။ ရည်ရွယ်ချက်မှာ စာရိတ္တမဏ္ဍိုင်ခိုင်မာသော တိုင်းပြည်အနာဂတ် လူငယ်လေးများ မွေးထုတ်ပေးရန် ဖြစ်ပါသည်။

ဤသာဓကများကို မျက်စိမှိတ်ကူးယူရန် မဟုတ်ဘဲ မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှု၊ ဘာသာရေး၊ မိသားစုဖွဲ့စည်းပုံနှင့် လူမှုအခြေအနေများ၊ စီးပွားရေး အခြေအနေတို့နှင့် ကိုက်ညီအောင်ပြန်လည်စဉ်းစားအသုံးချရန် လိုအပ်သည်။

အနှစ်ချုပ်အနေဖြင့်ပြောရလျှင် လူငယ်တို့၏ စာရိတ္တမဏ္ဍိုင်ခိုင်မာရေးသည် တစ်ရက်တည်းနှင့် ပြီးဆုံးသွားမည့် လုပ်ငန်းမဟုတ်ပေ။ ကလေးငယ်တစ်ဦး၏ စိတ်နှလုံးထဲတွင် ရိုးသားမှု၊ စည်းကမ်းရှိမှု၊ နိုင်ငံကြီးသားပီသလာမှု၊ မျိုးချစ်လာမှုဟူသော မျိုးစေ့များကို မိဘက စိုက်ပျိုးပေးရမည်။ ဆရာ ဆရာမသာမက ပညာနှင့်အတူ ထိုမျိုးစေ့ကို ပြုစုပျိုးထောင်ပေးရမည်။ သာသနာ့ဝန်ထမ်းများနှင့် လူမှုအဖွဲ့အစည်းက စိတ်ဓာတ်နှင့် ကိုယ်ကျင့်တရားအတွက် လမ်းညွှန်ပေးရမည်။ ရပ်ရွာက အခွင့်အလမ်း ဖန်တီးပေးရမည်။ လူငယ်ကိုယ်တိုင်ကလည်း မိမိဘဝကို မိမိတာဝန်ယူတတ်ရန် လိုအပ် သည်။

စာရိတ္တကောင်းမွန်သော လူငယ်များပေါ်ထွက်လာရန် ပညာရေးတစ်ခုတည်းဖြင့် မလုံလောက် သကဲ့သို့ ဘာသာရေးတစ်ခုတည်းဖြင့်လည်း မလုံလောက်ပါ။ မိသားစု၊ ကျောင်း၊ သာသနာ၊ ရပ်ရွာနှင့် လူငယ်ကိုယ်တိုင် အားလုံးက တစ်ဦးနှင့်တစ်ဦး၊ တစ်ခုနှင့်တစ်ခု လက်တွဲ၍ ဆောင်ရွက်ကြမှသာ ရေရှည်တည်တံ့သော အကျိုးရလဒ်ကို ရရှိနိုင်မည် ဖြစ်သည်။

လူငယ်များသည် နိုင်ငံ၏ အနာဂတ်ဖြစ်သော်လည်း ထိုအနာဂတ်ကို စောင့်ဆိုင်းရုံဖြင့် ကောင်းမွန် လာမည်မဟုတ်ပေ။ ယနေ့ကတည်းက သူတို့အတွက် ကောင်းမွန်သော ပတ်ဝန်းကျင်ကို ဖန်တီး ပေးရမည်။ ယနေ့ကတည်းက ကောင်းမွန်သော စံနမူနာများကို ပြသရမည်။ ပြသရင်းနှင့် သင်ကြား ပေးမှုတို့က တစ်ပြိုင်တည်းဖြစ်ရမည်။ ယနေ့ ကတည်းက လူငယ်တို့၏ လက်ထဲသို့ ပညာ၊ အကျင့် စာရိတ္တ၊ အခွင့်အလမ်းနှင့် တာဝန်ယူမှုတို့ကို အပ်နှင်းပေးရမည်။ နိုင်ငံ့တာဝန်ကို ပခုံးထမ်း လွှဲပြောင်းယူရမည့် လူငယ်လေးများသည် အရည်အချင်းပြည့်ဝနေရမည် ဖြစ်ပါသည်။

သို့ဖြစ်၍ လူငယ်များ၏ စာရိတ္တမဏ္ဍိုင် ခိုင်မာစေရန်၊ ဗလငါးတန်ပြည့်ဝသော လူငယ်များ ပေါ်ထွက်လာစေရန် မိသားစုကစတင်၍ ကျောင်း၊ သာသနာနှင့် လူမှုအသိုင်းအဝိုင်းက ဝိုင်းဝန်း ပျိုးထောင်ကြပါစို့။

လူငယ်တို့၏ အနာဂတ်ကို တည်ဆောက်ခြင်းသည် နိုင်ငံ၏အနာဂတ်ကို တည်ဆောက်ခြင်းပင် ဖြစ်သောကြောင့် “လူငယ်များ စာရိတ္တမဏ္ဍိုင် ခိုင်မာစေရန် ဒို့အားလုံး ဝိုင်းဝန်းဆောင်ရွက်ကြစို့” ဟူသော ဆောင်ပုဒ်လေးအတိုင်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြဖို့ လိုပါသည်။ ။