မော်လ်ဒိုက်နိုင်ငံ၌ ဆိုလာလျှပ်စစ်ထုတ်လုပ်နိုင်မည့်နေရာများ ရှာဖွေရေး ဆန်းစစ်လေ့လာမှု စတင်ဆောင်ရွက်

မာလီ   အောက်တိုဘာ   ၇

မော်လ်ဒိုက်အစိုးရသည် နိုင်ငံအတွင်း ဆိုလာလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းဆောင်ရွက်ရန်အတွက်  သင့်တော်သည့်နေရာများကို အတည်ပြုရွေးချယ်ရှာဖွေရေးဆိုင်ရာ အမျိုးသားလေ့လာဆန်းစစ်မှု တစ်ရပ်စတင်ဆောင်ရွက်နေကြောင်း နိုင်ငံပိုင်မီဒီယာ ပီအက်စ်အမ်နယူးစ်က အောက်တိုဘာ ၅ ရက် တွင် သတင်းထုတ်ပြန်ခဲ့သည်။

ယခုဆောင်ရွက်ချက်သည် ၂၀၂၈ ခုနှစ်ကုန်တွင် နိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ၃၃ ရာခိုင်နှုန်းကို  ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ ထုတ်ယူသုံးစွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်မှု၏ တစ်စိတ်တစ်ဒေသဖြစ်ကြောင်း သိရသည်။ နိုင်ငံအတွင်းရှိ ကျွန်းများတွင် ဆိုလာလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်း ဆောင်ရွက်ရန် သင့်တော်သည့်မြေနေရာများရရှိရေးနှင့် အိမ်ခေါင်မိုးများတွင် ဆိုလာလျှပ်စစ်ထုတ်ယူရေးစနစ်များ တည်ဆောက်ရေးတို့အတွက် လေ့လာရေးအဖွဲ့များက ကွင်းဆင်းဆောင်ရွက်နေပြီး အနာဂတ်တွင်ဆောင်ရွက်မည့် ဆိုလာလျှပ်စစ်စီမံကိန်းများအတွက် နည်းပညာဆိုင်ရာ အချက်အလက်များကို   ရယူစုဆောင်းနေကြောင်း သိရသည်။

ယခုဆောင်ရွက်သည့်အစီအစဉ်သည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်ယူသုံးစွဲမှုအား ချဲ့ထွင်ရန်နှင့် နိုင်ငံအတွင်း ပြည်ပမှတင်သွင်းရသည့် လောင်စာဆီများအပေါ် မှီခိုရခြင်းမှ ကင်းလွတ်စေရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း အစိုးရက ပြောကြားသည်။ 

အစိုးရသည် ကျွန်းပေါင်း ၂၅ ကျွန်းတွင် နေရောင်ခြည်စွမ်းအင်သုံး ဟိုက်ဘရစ်စနစ်များ တပ်ဆင်မည့် စီမံကိန်းတစ်ခုကို ဩဂုတ်လအတွင်းက စတင်ဆောင်ရွက်ခဲ့ပြီး  ၎င်းစီမံကိန်းပြီးစီးသွားပါက တစ်နှစ် လျှင် ဒီဇယ်ဆီ လီတာ ၃ သန်းကျော် သက်သာစေမည်ဖြစ်ကာ  ကာဗွန်ဒိုင်အောက်ဆိုက်  ထုတ်လွှတ်မှုကို မက်ထရစ်တန်ချိန် ၈၄၀၀အထိ လျှော့ချနိုင်မည်ဟု ခန့်မှန်းထားသည်။

နိုင်ငံအတွင်း ၂၀၂၈ ခုနှစ်ကုန်ပိုင်းတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ၃၃ ရာခိုင်နှုန်းသုံးစွဲနိုင်ရေးပန်းတိုင်သို့ ရောက်ရှိနိုင်ပါက နှစ်စဉ် လောင်စာဆီစရိတ်  အမေရိကန်ဒေါ်လာ ၄၂ သန်းခန့် သက်သာစေနိုင်မည်ဟု အစိုးရက တွက်ချက်ခန့်မှန်းထားသည်။

ဆင်ဟွာ