၂၀၂၆ ခုနှစ် ဓာတုဗေဒနိုဘယ်ဆုကို ဂျပန်ဓာတုဗေဒပညာရှင် ဆိုအိုင် ကန်ဆိုနှင့် ပြင်သစ် ဓာတုဗေဒပညာရှင် ဟန်ရီဘီကာဂန်တို့ ပူးတွဲရရှိ

စတော့ဟုမ်း   အောက်တိုဘာ   ၇

ဂျပန်သိပ္ပံပညာရှင် ဆိုအိုင်ကန်ဆိုသည် အချိုးမညီသော အော်ဂဲနစ်ဒြပ်ပေါင်းများ ဖန်တီးခြင်းဆိုင်ရာ သုတေသနတွင် မျဉ်းဖြောင့်မဟုတ်သော သက်ရောက်မှုများနှင့် ဓာတ်ကူပေးခြင်းတို့ကို ရှာဖွေတွေ့ရှိခဲ့ခြင်းအတွက် ယခုနှစ် ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆုကို ဓာတုဗေဒပညာရှင် ဟန်ရီဘီကာဂန်နှင့်အတူ ပူးတွဲရရှိခဲ့ကြောင်း ဆွီဒင်တော်ဝင် သိပ္ပံအကယ်ဒမီက   အောက်တိုဘာ ၇ ရက်တွင် ကြေညာခဲ့သည်။

မော်လီကျူးအချို့တွင် မှန်ထဲ၌မြင်ရသည့် ပုံရိပ်ကဲ့သို့ ဆန့်ကျင်ဘက်ပုံစံနှစ်မျိုးရှိနိုင်ကြောင်း အကယ်ဒမီက ပြောကြားခဲ့သည်။ ဆေးဝါးထုတ်လုပ်မှုကဲ့သို့သော ကဏ္ဍများတွင် အဆိုပါပုံစံနှစ်မျိုးအနက် တစ်မျိုးတည်းကိုသာ ရရှိရန် လိုအပ်လေ့ရှိသည်။

သဘာဝတွင် ထိုသို့သောမော်လီကျူးပုံစံများကို တွေ့ရှိနိုင်သော်လည်း ဓာတ်ခွဲခန်းအတွင်းတွင် ဆန့်ကျင်ဘက်ပုံစံ နှစ်မျိုးအနက် တစ်မျိုးတည်းကိုသာ ရွေးချယ်၍ ဖန်တီးနိုင်ရန်မှာ ခက်ခဲသည်။

ဆိုအိုင်ကန်ဆို၏ သုတေသနတွေ့ရှိမှုသည် ထိုသို့သော အချိုးမညီသည့် အော်ဂဲနစ်ဒြပ်ပေါင်းများကို ထိန်းချုပ်ဖန်တီးနိုင်ရေးအတွက် အရေးပါသော တိုးတက်မှုတစ်ရပ် ဖြစ်လာခဲ့ကြောင်း အကယ်ဒမီက ပြောကြားခဲ့သည်။

အသက် ၇၆ နှစ်အရွယ် ဆိုအိုင်ကန်ဆိုသည် ဟီရိုရှီးမားမြို့တွင် မွေးဖွားခဲ့ပြီး လက်ရှိတွင် Tokyo University of Science ၌   ဂုဏ်ထူးဆောင်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

ဆိုအိုင်ကန်ဆို၏ နိုဘယ်ဆုရရှိမှုကြောင့် ဂျပန်နိုင်ငံသား နိုဘယ်ဆုရှင်အရေအတွက်မှာ ၃၁ ဦးအထိ ရှိလာခဲ့သည်။ အဆိုပါအရေအတွက်တွင် ဂျပန်နိုင်ငံ၌ မွေးဖွားကြီးပြင်း၍ ပညာသင်ယူခဲ့ပြီး နောက်ပိုင်းတွင် အမေရိကန်နိုင်ငံသား ခံယူခဲ့သူများ  ပါဝင်သည်။

ထို့အပြင် ဂျပန်နိုင်ငံမှ နိုဘယ်ဆုရှင် ပေါ်ထွက်လာခြင်းမှာ ယခုနှစ်အပါအဝင် သုံးနှစ်ဆက်တိုက်ဖြစ်လာခဲ့ကြောင်း သိရသည်။

အင်န်အိတ်ချ်ကေ